HomeEntertainmentFilm၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံး Animated ရုပ်ရှင်များ

၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံး Animated ရုပ်ရှင်များ

၂၀၂၀ ခုနှစ်ကတော့ တစ်ကမ္ဘာလုံးဟာ ကိုဗစ်ရောဂါဒဏ်ကို အလူးအလဲခံခဲ့ရပြီး အသေအပျောက်လည်း များခဲ့ပါတယ်။ ဒါကြောင့်ပဲ ဟောလိဝုဒ်ရုပ်ရှင်လောကဟာလည်း ရပ်နားသွားပြီး ဖန်တီးပြီးသားရုပ်ရှင်တွေနဲ့ Animation တွေတောင်မှ ရုံတင်ရက်တွေ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်မှာတော့ ကိုဗစ်ရောဂါဒဏ်ကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် ဟောလိဝုဒ်မှာလည်း ဇာတ်လမ်းကောင်းတွေများစွာ ထွက်ရှိလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံး Animated ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Belle

photo via screenrant

ဒီ Anime ကတော့ IMDb (7.2) ရရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကျေးလက်တောရွာလေးမှာ နေထိုင်တဲ့ အရှက်အကြောက်ကြီးတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်ရက်မှာတော့ U ဆိုတဲ့ Virtual World ထဲကို ဝင်ရောက်သွားပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အဲဒီ Virtual World ထဲမှာ တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်ကြတဲ့ Belle ဆိုတဲ့ အဆိုတော် ဖြစ်လာပါတော့တယ်။

(6) Encanto

photo via screenrant

ဒီ Animation ကတော့ IMDb (7.2) ရရှိထားပြီး မယုံနိုင်စရာကောင်းလောက်အောင် လှပတဲ့ Colombia တောင်တန်းတွေမှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Mirabel Madrigal လို့ခေါ်တဲ့ ကောင်မလေးဟာ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ သူမရဲ့မိသားစုထဲမှာ သူတစ်ယောက်တည်း စွမ်းအားမရှိတာကြောင့် စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့လည်း ဒီမိသားစုတစ်ခုလုံးရဲ့ ကံကြမ္မာဟာ Mirabel အပေါ်ကို ကျရောက်လာတဲ့ အခါမှာတော့…။ အသံသရုပ်ဆောင်တွေကတော့ Stephanie Beatriz ၊ Diane Guerrero နဲ့ John Leguizamo တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(5) Raya and the Last Dragon

photo via screenrant

ဒီ Animation ကတော့ IMDb (7.3) ရရှိထားပြီး Disney က ထုတ်လုပ်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Raya လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ကျန်ရှိတဲ့ နောက်ဆုံးနဂါး Sisu ကို ရှာဖွေဖို့ စွန့်စားခန်း ထွက်လာတာကို မြင်တွေ့ရမှာပါ။ Sisu ကလည်း သူ့ရဲ့စွမ်းအားတွေကို မှော်ကျောက်တုံးအဖြစ် ပြောင်းလဲခဲ့ပြီး အဲဒီမှော်ကျောက်တုံးကတော့ နေရာအနှံ့ကို ပြန့်ကျဲသွားပါတယ်။ ဒါကြောင့်လည်း လူတွေဟာ အဲဒီကျောက်တုံး အပိုင်းအစတွေကို ရယူနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ Kelly Marie Tran ၊ Gemma Chan နဲ့ Benedict Wong တို့က အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(4) Sing 2

photo via screenrant

ဒီ Animation ကတော့ IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Buster Moon နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ ရှိုးအသစ် ပြုလုပ်နိုင်ဖို့ ရော့ခ်စတားကြီး Clay Calloway ကို သူတို့ရဲ့ရှိုးပွဲမှာ ပါလာဖို့ ကြိုးစားကြတဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာတော့ Buster Moon ဟာ Clay Calloway ကို မခေါ်နိုင်ရင် အသက်အန္တရာယ်တောင် ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Halsey ၊ Taron Egerton ၊ Scarlett Johansson နဲ့ နာမည်ကျော်များစွာ ပါဝင်ထားပါတယ်။

(3) Luca

photo via screenrant

ဒီ Animation ကတော့ IMDb (7.4) ရရှိထားတဲ့ စွန့်စားခန်း ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လျှို့ဝှက်ရေအောက်ကမ္ဘာထဲက ရေနေသတ္တဝါလေး နှစ်ကောင်အကြောင်းကို စိတ်ကူးယဉ် ပုံဖော်ထားတာ မြင်တွေ့ရမှာပါ။ အဲဒီရေနေသတ္တဝါလေး နှစ်ကောင်ကတော့ ရေထဲကနေ ထွက်လာရင် လူအဖြစ်ပုံစံ ပြောင်းလဲသွားပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ လူတွေနေထိုင်တဲ့ မြို့ပေါ်ကို ရောက်ရှိလာပြီး ဘာတွေ ဆက်ဖြစ်သွားမလည်းဆိုတာ မြင်တွေ့ရမှာပါ။ Jacob Tremblay ၊ Jack Dylan Grazer နဲ့ Emma Berman တို့က အဓိကပါဝင် အသံသရုပ်ဆောင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(2) Mitchells vs the Machines

photo via screenrant

ဒီ Animation ကိုတော့ Netflix က ထုတ်လုပ်ထားတာ ဖြစ်ပြီး IMDb (7.6) ရရှိထားတဲ့ စွန့်စားခန်းဟာသ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ထူးဆန်းပြီး ဗရုတ်သုက္ခတွေ ဖြစ်နေတဲ့ မိသားစုတစ်စုဟာ အပျော်ခရီးထွက်လာရာက ဇာတ်လမ်းစတင်ပါတယ်။ သူတို့မိသားစုရဲ့ လမ်းခရီးမှာပဲ စက်ရုပ်တွေဟာ သူတို့ရဲ့မြင့်မားတဲ့ နည်းပညာတွေကြောင့် လူသားတွေကို အန္တရာယ်ပြုကြပါတော့တယ်။ ဒါကြောင့်ပဲ အဲဒီမိသားစုဟာ လူသားတွေရဲ့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာပါတော့တယ်။ Abbi Jacobson ၊ Danny McBride နဲ့ Maya Rudolph တို့က အဓိကပါဝင်ပြီး အသံသရုပ်ဆောင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) Gintama: The Very Final

photo via screenrant

ဒီ Anime ကတော့ IMDb (8.5) ရရှိထားပြီး နာမည်ကြီး Anime ဇာတ်လမ်းတွဲ Gintama ရဲ့ဇာတ်သိမ်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Gintama တို့အဖွဲ့ဟာ ကမ္ဘာကြီးကို အလွန်စွမ်းအားကြီးတဲ့ Utsuro ရဲ့ ရန်ကနေ ကာကွယ်ပေးရတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ Anime ပရိသတ်တွေ ဆိုရင်တော့ ဒီဇာတ်လမ်းတွဲကို ကောင်းကောင်းကြီး သိကြပြီး ဒီရုပ်ရှင်ကတော့ Gintama ရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular