HomeBiographyစူပါစတားဖြစ်ဖို့ မွေးဖွားလာခဲ့တဲ့ Olivia Rodrigo ရဲ့ ဘဝစာမျက်နှာ

စူပါစတားဖြစ်ဖို့ မွေးဖွားလာခဲ့တဲ့ Olivia Rodrigo ရဲ့ ဘဝစာမျက်နှာ

ဂီတလောကမှာ တဟုန်ထိုး တောက်ပလာတဲ့ ကြယ်ပွင့်လေး Olivia Rodrigo ကတော့ မျိုးဆက်သစ်တွေထဲမှာ အအောင်မြင်ဆုံး artist တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ Disney series တွေကနေတဆင့် သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာမှ ဂီတလောကဘက်ကို ရောက်လာသူ ဖြစ်ပါတယ်။ Olivia ရဲ့ တေးသီချင်းတွေကို နှစ်သက်ပြီး သူမရဲ့ဘဝအကြောင်းကို သိရှိလိုကြတဲ့ ပရိသတ်တွေအတွက် Olivia ရဲ့ ဘဝစာမျက်နှာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Olivia Rodrigo ဆိုတာ ဘယ်သူလဲ?

Oliva ကိုတော့ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၁၉)နှစ် ရှိပါပြီ။ သူမရဲ့ အမည်အရင်းကတော့ Olivia Isabel Rodrigo ဖြစ်ပြီး Pisces ရာသီဖွားလေးလည်း ဖြစ်ပါတယ်။ သူမရဲ့အရပ်အမြင့်ကတော့ (၅)ပေ(၄)လက်မ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Olivia ဟာ ဖိလစ်ပိုင်-အမေရိကန် ကပြားမလေး ဖြစ်ပါတယ်။ သူမရဲ့မိခင်ကတော့ အိုင်းရစ်ရှ်နဲ့ ဂျာမန်မျိုးရိုးကနေ ဆင်းသက်လာတာ ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ဖိလစ်ပိုင်-အမေရိကန်ကပြား ဖြစ်ပါတယ်။

တကယ်တော့ သူမရဲ့အဖေဘက်က အဘိုးဖြစ်သူဟာ ဆယ်ကျော်သက်ဘဝတည်းက အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့တာ ဖြစ်ပြီး ကျန်တဲ့မျိုးဆက်အားလုံးကတော့ အမေရိကန်နိုင်ငံထဲမှာပဲ မွေးဖွားကြီးပြင်းခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Olivia တို့မိသားစုဟာ သူတို့ရဲ့ မျိုးရိုးအစဉ်အလာကို ထိန်းသိမ်းကြပြီး ဖိလစ်ပိုင်အစားအစာတွေကိုလည်း နှစ်သက်ကြတယ်လို့ ဆိုပါတယ်။ သူမရဲ့ဖခင်ကတော့ family therapist တစ်ယောက် ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ကျောင်းဆရာမ ဖြစ်ပါတယ်။

သရုပ်ဆောင်အဖြစ်နဲ့ ခြေလှမ်းစခဲ့တဲ့ Olivia

တကယ်တော့ Olivia ဟာ ယခုအချိန်မှာ သူမရဲ့ဂီတနဲ့ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပေမယ့် သူမရဲ့ခရီးအစကတော့ သရုပ်ဆောင်အလုပ် ဖြစ်ပါတယ်။ Olivia ဟာ အသက်(၁၂)နှစ်အရွယ်မှာပဲ Grace Stirs Up Success ဆိုတဲ့ ရုပ်ရှင်ထဲမှာ ပါဝင်ပြီး သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

ဒီလိုနဲ့ အသက်(၁၃)နှစ်အရွယ် ၂၀၁၆ ခုနှစ်အရောက်မှာတော့ Disney Channel က ထုတ်လွှင့်ပြသတဲ့ Bizaardvark ဆိုတဲ့ စီးရီးထဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ Disney+ ရဲ့စီးရီးဖြစ်တဲ့ High School Musical: The Musical: The Series ထဲမှာ Nini Salazar ဇာတ်ရုပ်ကနေ ပါဝင်ခွင့် ရခဲ့ပြန်ပါသေးတယ်။ အဲဒီဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်သီချင်း All I Want ကို သူမကိုယ်တိုင် ရေးစပ်ပေးခဲ့ပြီး TikTok မှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဂီတနဲ့ဖက်ပြီး ကြီးပြင်းခဲ့တဲ့ ကြယ်ပွင့်လေး Olivia

Photo: oliviarodrigo/ Instagram

တနေ့မှာ ကမ္ဘာကျော်တဲ့ ဂီတကြယ်ပွင့်ဖြစ်လာမယ့် Olivia ကတော့ ဂီတဟာ သူမရဲ့ အသွေးအသားထဲမှာကိုက စီးဆင်းနေခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက်(၅)နှစ်အရွယ်တည်းက သီချင်းတွေ စဆိုခဲ့တာ ဖြစ်ပြီး (၉)နှစ်အရွယ်မှာတော့ စန္ဒယားကို စတင်တီးခတ်နေပြီ ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကလေးဘဝမှာတော့ မိခင်ဖြစ်သူရဲ့ မိတ်ဆက်ပေးမှုနဲ့ Motor Head ၊ The Killers ၊ The White Stripes အစရှိတဲ့ rock band တွေကို နားထောင်ရင်း ကြီးပြင်းလာခဲ့တာပါ။

တေးသီချင်း ရေးစပ်မှုအပိုင်းမှာတော့ Taylor Swift နဲ့ Lorde ဟာ သူမရဲ့စံပြပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ Olivia က ဆိုပါတယ်။ ဒါ့အပြင် Taylor Swift ဟာ သူမရဲ့အနှစ်သက်ဆုံး Artist ဖြစ်တယ်လို့လည်း အင်တာဗျူးတိုင်းမှာ ဖြေဆိုထားပါတယ်။ သူမရဲ့ ဆိုရှယ်မီဒီယာတွေမှာဆိုရင် Taylor Swift အကြောင်းကို မကြာခဏ ပို့စ်တင်တတ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Taylor Swift ကလည်း Olivia ကို သူမရဲ့ သမီးလေးလို့ သတ်မှတ်ထားပြီး Folklore အယ်လ်ဘမ် ထွက်တုန်းကဆိုရင် အယ်လ်ဘမ်နဲ့အတူ ရောင်းချတဲ့ Cardigan အင်္ကျီလေးကိုတောင် Olivia ဆီ ပေးပို့ခဲ့ပါသေးတယ်။

တဟုန်ထိုး ရရှိလာတဲ့ အောင်မြင်မှုများ

Photo: oliviarodrigo/ Instagram

၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့မှာတော့ Olivia ဟာ သူမရဲ့ ပထမဆုံး ဆင်ဂယ်လ်တေးသီချင်းအဖြစ် drivers license ကို ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းကတော့ နေ့ချင်းညချင်းမှာပဲ လူတွေကြားထဲ ပေါက်သွားပြီး streaming platform ပေါင်းများစွာမှာ စံချိန်တင်သွားပါတယ်။ ဒီသီချင်းကတော့ Disney ရှိုးမှာ သူမနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ Joshua Bassett အကြောင်းကို ရေးသား သီဆိုထားတာလို့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ သို့သော်လည်း Olivia ကတော့ တစုံတရာ မဖြေရှင်းခဲ့ပါဘူး။

ဒီလိုနဲ့ အသက်(၁၈)နှစ်အရွယ်မှာတော့ သူမရဲ့ပထမဆုံး ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် Sour ကို ထွက်ရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာလည်း ကြောက်ခမန်းလိလိ အောင်မြင်ခဲ့ပြီး အယ်လ်ဘမ်ထဲက Good 4 u ၊ traitor ၊ deja vu အစရှိတဲ့ သီချင်းတွေဟာလည်း music chart တွေမှာ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။

Photo: oliviarodrigo/ Instagram

ဒါ့အပြင် လူငယ်တွေကြားမှာ ရေပန်းစား အောင်မြင်တဲ့ artist တစ်ယောက် ဖြစ်လာတာကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာတော့ အိမ်ဖြူတော်ရဲ့ ဖိတ်ကြားခြင်းကို ခံခဲ့ရပါတယ်။ အဲဒါကတော့ လူငယ်တွေကြားမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအတွက် သူမက ဝိုင်းဝန်း လှုံ့ဆော်ပေးဖို့ပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတော့ Olivia ရဲ့ နှစ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ သူမဟာ ဂီတထူးချွန်ဆုများစွာကို ရရှိခဲ့ပြီး Met Gala ပွဲကြီးကိုလည်း ပထမဆုံးအကြိမ် တက်ရောက်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် Time မဂ္ဂဇင်းက ထုတ်ပြန်တဲ့ Entertainer of the Year အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါသေးတယ်။ ဒီလိုနဲ့ ၂၀၂၂ ခုနှစ်ကို ရောက်ရှိလာတဲ့အခါမှာတော့ သူမအတွက် ပိုကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ Olivia ဟာ ဂရမ်မီ တေးဂီတ ထူးချွန်ဆုပေးပွဲအတွက် စံကာတင်(၇)ဆုတောင် ဝင်ခဲ့‌ပြီး အိမ်ကိုတော့ ဆု(၃)နဲ့ ပြန်နိုင်ခဲ့ပါတယ်။

ဒါကတော့ Olivia Rodrigo ရဲ့ ဘဝစာမျက်နှာတွေပဲ ဖြစ်ပြီး သူမဟာ ငယ်ရွယ်လွန်းသေးတာကြောင့် ရှေ့လာမယ့် အနာဂတ်မှာတော့ အခုထက်ပိုပြီး တောက်ပလင်းလက်လာဦးမယ်ဆိုတာ အသေအချာပါပဲ။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular