HomeBiographyလူဆိုးလေးအဖြစ်ကနေ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်လာတဲ့ Robert Downey Jr. ရဲ့ပြောင်းလဲမှုအဆင့်ဆင့်

လူဆိုးလေးအဖြစ်ကနေ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်လာတဲ့ Robert Downey Jr. ရဲ့ပြောင်းလဲမှုအဆင့်ဆင့်

Robert Downey Jr. ဟာ နာမည်ကျော် သရုပ်ဆောင်မင်းသားတစ်လက် ဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အချိန်ကြာမြင့်စွာ ကျင်လည် ကျက်စားလာခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၆၅ခုနှစ် ဧပြီလ(၄)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Robert ဟာ ငယ်စဉ်ကလေးဘဝတည်းက ကင်မရာမီးရောင်တွေရဲ့အောက်မှာ ကြီးပြင်းလာခဲ့တာပါ။ လော့စ်အိန်ဂျလိစ်ဇာတိ ဖြစ်ပြီး ဟောလိဝုဒ်မှာပဲ အရွယ်ရောက် ကြီးပြင်းခဲ့ရတဲ့ Robert ဟာ တကယ်တော့ သရုပ်ဆောင်၊ ဒါရိုက်တာ Robert John Downey ရဲ့သား ဖြစ်ပါတယ်။

Robert ရဲ့ ပထမဆုံး သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ရုပ်ကတော့ သူ့အသက်(၅)နှစ်အရွယ်မှာ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝနဲ့ အတွေ့အကြုံ ယူခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ကာလတွေမှာတော့ Brat Pack ၊ Weird Science ၊ Less Than Zero အစရှိတဲ့ ဇာတ်ကားတွေနဲ့ သူ့ရဲ့ကိုယ်ပိုင်နာမည်တစ်လုံးကို ရယူနိုင်ခဲ့ပါတယ်။ ဒါတင်မက ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Chaplin ရုပ်ရှင်ဇာတ်ကားထဲမှာ Charlie Chaplin နေရာက သရုပ်ဆောင်ခဲ့ပြီး အော်စကာ စံကာတင်စာရင်းတောင် ဝင်ခဲ့ပါသေးတယ်။

Photo: robertdowneyjr/ Instagram

နောက်ခံအသိုင်းအဝိုင်း ကောင်းမွန်သလို ကိုယ်တိုင်ကလည်း သရုပ်ဆောင်ပညာမှာ ထူးချွန်ပေမယ့် Robert ဟာ အရွယ်ကောင်းအချိန်မှာပဲ အရက်နဲ့ မူးယစ်ဆေးဝါးကို လူသိရှင်ကြား အပြင်းအထန် စွဲလန်းခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလတွေကနေ ၂၀၀၀ ခုနှစ်အစောပိုင်းအထိ ကာလတွေဟာ သူ့ရဲ့အမှောင်ကျခဲ့တဲ့ ကာလတွေလို့ ပြောလို့ရပါတယ်။

အရက်နဲ့ မူးယစ်ဆေးဝါးကြောင့်ပဲ Robert ဟာ ၂၀၀၀ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းထောင်မှာ ထောင်တစ်နှစ် ကျခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အကြိမ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါသေးတယ်။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ်ကို ရောက်တော့မှသာ အရက်နဲ့ မူးယစ်ဆေးကို လုံးဝဖြတ်လိုက်ပြီး လူသစ်၊ စိတ်သစ်နဲ့ ဘဝသစ် စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ် ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်လာတဲ့ အချိန်မှာတော့ လူငယ်ပရိသတ်များစွာရဲ့ အသည်းစွဲဇာတ်ကောင် ဖြစ်တဲ့ Iron Man တဖြစ်လည်း Tony Stark အဖြစ် မိတ်ဆက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Marvel Cinematic Universe ထဲမှာ လူကြိုက်အများဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး Sherlock Holmes လိုဇာတ်ကားတွေနဲ့လည်း ရုပ်ရှင်ကြည့်ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ဘဝဖြတ်သန်းမှုတွေထဲက အဆင့်ဆင့် ပြောင်းလဲလာပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁၉၈၅ ခုနှစ်က RDJ

Photo Credit: NBC-TV/ KOBAL/ SHUTTERSTOCK

ဒါကတော့ ၁၉၈၅ ခုနှစ်က Saturday Night Live ရဲ့ promo မှာ မြင်တွေ့ခဲ့ရတဲ့ Robert ရဲ့ငယ်စဉ်က ပုံရိပ်ပဲ ဖြစ်ပါတယ်။

Less Than Zero ထဲက Robert

Photo Credit: John Clifford/ 20th Century Fox

ဒါကတော့ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Less Than Zero ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မြင်တွေ့ရတဲ့ Robert ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပထမနှစ်ကောလိပ်တက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ နှစ်ဝက်ကျောင်းပိတ်ချိန်မှာ သူ့ရဲ့မြို့ငယ်လေးကို အလည်ပြန်လာတဲ့အချိန်မှာတော့ သူ့ရဲ့ချစ်သူနဲ့ ငယ်သူငယ်ချင်းတို့ကို မမျှော်လင့်ထားတဲ့ပုံစံနဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကတော့ သူ့ရဲ့ချစ်သူနဲ့ သူငယ်ချင်းတို့ဟာ သူ မရှိတဲ့အချိန်မှာ တွဲနေကြပြီး နှစ်ယောက်လုံးက မူးယစ်ဆေးဝါးကို အလွန်အကျူး စွဲလန်းမှီခိုနေရတဲ့အခါမှာတော့ …။ Robert ကတော့ ဒီဇာတ်ကားထဲမှာ ဆေးစွဲနေတဲ့ သူငယ်ချင်းဖြစ်သူ Julian အဖြစ် သရုပ်ဆောင်ထားပါတယ်။

၁၉၉၀ မှာတွေ့ရတဲ့ Robert

Photo Credit: TRI STAR/ KOBAL/ SHUTTERSTOCK

ဒါကတော့ ၁၉၉၀ ခုနှစ်က photoshoot တစ်ခုမှာ အဖြူအမည်းနဲ့ တွေ့မြင်ရတဲ့ Robert ပဲ ဖြစ်ပါတယ်။

Chaplin ထဲက Robert

Photo Credit: MOVIE STORE/ SHUTTERSTOCK

နာမည်ကျော် ဟာသပညာရှင် Charlie Chaplin ရဲ့ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ၁၉၉၂ ခုနှစ်ထွက် Chaplin ဇာတ်ကားထဲက Robert ဖြစ်ပါတယ်။ Robert ဟာ ဒီဇာတ်ကားထဲက သရုပ်ဆောင်မှုကြောင့် ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါသေးတယ်။

Restoration ထဲက Robert

Photo Credit: David Appleby/ AVENUE

ဒါကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ period drama ရုပ်ရှင် Restoration ထဲမှာ မြင်တွေ့ရတဲ့ Robert ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Robert ဟာ တော်ဝင်သမားတော် Robert Merivel အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ လန်ဒန်မြို့က ပလိပ်ရောဂါ ခံစားနေရတဲ့ ပြည်သူတွေကို ရောဂါသက်သာအောင် ကုသပေးခဲ့ပြီး Charles II ဘုရင်ရဲ့ နယ်နှင်ဒဏ်ခံလိုက်ရတဲ့ သမားတော် ဖြစ်ပါတယ်။

Robert နဲ့ Calista Flockhart

Photo Credit: MARK J TERRIL/ AP/ SHUTTERSTOCK

ဒါကတော့ ၂၀၀၁ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၅၈)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မြင်တွေ့ခဲ့ရတဲ့ Robert နဲ့ Calista Flockhart တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Ally McBeal ရုပ်ရှင်မှာ အတူသရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး ချစ်သူတွေ ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် တရားဝင်တော့ အတည်မပြုခဲ့ပါဘူး။

Kiss Kiss Bang Bang

Photo Credit: MOVIESTORE/ SHUTTERSTOCK

ဒါကတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Kiss Kiss Bang Bang ရုပ်ရှင်ထဲက Robert ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နယူးယော့ခ်မြို့က သူခိုးတစ်ယောက်ဟာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်နဲ့ လူမှားခံရပြီးနောက်မှာတော့ ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ဖို့အတွက် ဟောလိဝုဒ်မှာ သွားရောက် လေ့ကျင့်သင်ကြားရပါတော့တယ်။ ဖြစ်ချင်တော့ လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ မင်းသမီးတစ်လက်နဲ့ ဆုံတွေ့မိကြတဲ့အခါမှာတော့ …။

၂၀၀၅ ခုနှစ်မှာ မြင်တွေ့ရတဲ့ Robert နဲ့ ဇနီးသည် Susan Downey

Photo Credit: BEI/ SHUTTERSTOCK

ဒါကတော့ ၂၀၀၅ ခုနှစ်မှာ ယူနီဆက်ဖ်က ကျင်းပပြုလုပ်ခဲ့တဲ့ Crystal Snowflake Lighting Ceremony ကို အတူတကွ တက်ရောက်လာတဲ့ Robert နဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။ Robert ရဲ့ဇနီးသည် Susan Downey ကတော့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက် ဖြစ်ပြီး Robert ရဲ့ ရုပ်ရှင်အများစုကိုလည်း producer အဖြစ် တာဝန်ယူ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် အော်စကာဆုပေးပွဲမှာ မြင်တွေ့ရတဲ့ Robert

Photo Credit: JIM SMEAL/ BEI/ SHUTTERSTOCK

ဒါကတော့ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၉)ကြိမ်‌မြောက် အော်စကာဆုပေးပွဲမှာ မြင်တွေ့ရတဲ့ Robert ပဲ ဖြစ်ပါတယ်။

Iron Man

Photo Credit: MARVEL/ PARAMOUNT

ဒါကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ဇာတ်ကားထဲမှာ မြင်တွေ့ရတဲ့ Robert ရဲ့ပုံရိပ်ပဲ ဖြစ်ပါတယ်။

Sherlock Holmes

Photo Credit: Warner Bros. Studios

ဒါကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sherlock Holmes ရုပ်ရှင်ထဲမှာ မြင်တွေ့ရတဲ့ Robert ပဲ ဖြစ်ပါတယ်။

ဟောလိဝုဒ်လမ်းမကြီးမှာ ကိုယ်ပိုင်လက်ရာ ထားနိုင်ခဲ့တဲ့ Robert

Photo Credit: MATT BARON/ SHUTTERSTOCK

ဒါကတော့ ၂၀၁၉ ခုနှစ် ဧပြီလ(၂၃)ရက်နေ့က Avengers: Endgame သရုပ်ဆောင်တွေနဲ့အတူ ဟောလိဝုဒ်လမ်းမကြီးမှာ လက်ရာ ချန်ထားခဲ့တဲ့ Robert ပဲ ဖြစ်ပါတယ်။

ဒါကတော့ နှစ်ကာလတွေတလျှောက် အဆင့်ဆင့် ပြောင်းလဲလာတဲ့ Robert Downey Jr. ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော Robert ရဲ့ ဘယ်ဇာတ်ကားထဲက သရုပ်ဆောင်မှုတွေကို ကြိုက်နှစ်သက်လည်းဆိုတာ ကောမန့်မှာ ဆွေးနွေးပေးခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular