HomeBiographyDaniel Radcliffe နဲ့ ပတ်သက်ပြီး ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ

Daniel Radcliffe နဲ့ ပတ်သက်ပြီး ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ

Daniel Radcliffe ဟာ ယနေ့ခေတ်မှာ အောင်မြင်နေတဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ကလေးဘဝတည်းက အောင်မြင်ကျော်ကြားမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် Harry Potter ဇာတ်ကောင်နဲ့ တထပ်တည်း မြင်ယောင်ခံရတဲ့အထိ ပရိသတ်တွေကြားမှာ ချစ်ခင်အားပေးမှုကို ရရှိထားသူ ဖြစ်ပြီး ယနေ့အချိန်ထိ ခိုင်မာတောင့်တင်းလွန်းတဲ့ fandom ကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သို့သော်လည်း Radcliffe ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝကိုတော့ အတော်လေး သိုသိပ်လျှို့ဝှက်ထားတတ်သူ ဖြစ်ပါတယ်။ တရားဝင် ဆိုရှယ်မီဒီယာအကောင့်တောင် မရှိတဲ့အပြင် သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝကိုလည်း သိပ်မပြောပြတတ်သူ ဖြစ်တာကြောင့် သူနဲ့ပတ်သက်တဲ့ အရာတွေကိုတော့ တချို့အမာခံပရိသတ်တွေလောက်သာ သိနိုင်ကြပါလိမ့်မယ်။ ဒါကြောင့်ပဲ Daniel Radcliffe နဲ့ ပတ်သက်ပြီး ပရိသတ်အများစု မသိလောက်သေးတဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကျောင်းပြဇာတ်မှာ စတင်ပြီး သရုပ်ဆောင်ခဲ့တာပါ။

Photo Credit: Warner Bros. Studios

သရုပ်ဆောင်ခြင်းကတော့ Radcliffe ရဲ့ အသွေးအသားထဲမှာ အလိုလျောက် ပါလာတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ အသက်(၆)နှစ်အရွယ်မှာတည်းက စတင်ခဲ့တာ ဖြစ်ပြီး သူပထမဆုံး သရုပ်ဆောင်ဖူးတဲ့ ဇာတ်ရုပ်ကတော့ ကျောင်းပြဇာတ်မှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ရုပ်ကတော့ မျောက်တစ်ကောင်အဖြစ် သရုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။

အဲဒီနောက် သူ ထပ်မံသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်ကတော့ ၁၉၉၉ ခုနှစ်မှာ ကပြခဲ့တဲ့ David Copperfield ပြဇာတ်ပဲ ဖြစ်ပါတယ်။ အဲဒီပြဇာတ်မှာ David Copperfield အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Radcliffe ရဲ့ စွမ်းရည်ကြောင့်ပဲ နောက်ထပ် သရုပ်ဆောင်အလုပ်တွေကို လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ထပ် နှစ်နှစ်အကြာမှာ The Tailor of Panama ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်လောကကို ပွဲဦးထွက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ Harry Potter အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

(၂) Harry Potter နဲ့ လွဲချော်ရမလို ဖြစ်ခဲ့ဖူးပါသေးတယ်။

Photo Credit: Warner Bros. Studios

Harry Potter ဇာတ်ရုပ်ဟာ Daniel Radcliffe ရဲ့ဘဝကို လုံးဝပြောင်းလဲပေးလိုက်တယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်း အစပိုင်းတုန်းကတော့ သူ့ရဲ့မိဘတွေဟာ ဒီဇာတ်ရုပ်ကို လက်မခံခဲ့ကြပါဘူး။ Radcliffe ကို ပထမ ကမ်းလှမ်းခဲ့တဲ့ စာချုပ်ကတော့ ရုပ်ရှင်ခြောက်ကားစာ ဖြစ်ပြီး အားလုံးကို လော့စ်အိန်ဂျလိစ်မှာ ရိုက်ကူးရမှာ ဖြစ်ပါတယ်။

ဒီအချက်ကိုတော့ Radcliffe ရဲ့မိဘတွေက သဘောမကျခဲ့ကြပါဘူး။ လန်ဒန်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ Radcliffe အနေနဲ့ နေထိုင်ပုံကွာခြားတဲ့ လော့စ်အိန်ဂျလိစ်မှာ နှစ်တွေအကြာကြီး သွားနေပြီး ရုပ်ရှင်ရိုက်ကူးရမယ်ဆိုရင် သူ့ရဲ့ကလေးဘဝကို များစွာထိခိုက်ပျက်စီးစေမယ်လို့ ယူဆခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ စာချုပ်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ပထမဆုံး ရုပ်ရှင်နှစ်ကားကို အင်္ဂလန်မှာပဲ ရိုက်ကူးဖို့ ကမ်းလှမ်းတော့မှ Radcliffe ရဲ့မိဘတွေက သဘောတူပေးခဲ့တာ ဖြစ်ပါတယ်။

(၃) Spider-Man အဖြစ် သရုပ်ဆောင်ချင်တဲ့ Radcliffe

Photo via screenrant

Metro သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာတော့ Radcliffe ဟာ Spider-Man ဇာတ်ကောင်ကို သဘောကျ နှစ်သက်ကြောင်း ပြောပြခဲ့ပြီး ရုပ်ရှင်တွေထဲမှာလည်း Spider-Man အဖြစ် သရုပ်ဆောင်ချင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

“ကျွန်တော်က တကယ်ကောင်းတဲ့ Spider-Man ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်တော့ မရှိတော့ပါဘူး။ Tom Holland သရုပ်ဆောင်နေတာကို ကြည့်ရတာလည်း ကျွန်တော် သဘောကျပါတယ်။ သူဟာ တကယ်တော်တဲ့သူပါ …” လို့ Radcliffe က ဆိုထားပါတယ်။

(၄) ဘရော့ဒ်ဝေးပြဇာတ်တွေမှာလည်း သရုပ်ဆောင်လေ့ ရှိပါတယ်။

Photo via screenrant

Radcliffe ဟာ ရုပ်ရှင်ဘက်မှာတင် မဟုတ်ဘဲ ပြဇာတ်ဘက်မှာလည်း ရူးသွပ်သူ ဖြစ်ပါတယ်။ theater မှာ သရုပ်ဆောင်အဖြစ် ခြေလှမ်းစခဲ့တဲ့ ပြဇာတ်ကတော့ ၂၀၀၉ ခုနှစ်မှာ ကပြခဲ့တဲ့ Peter Shaffer ရဲ့ Equus ပြဇာတ် ဖြစ်ပြီး မြင်းတွေကို စွဲလန်းစွာ သဘောကျတဲ့ ဆယ်ကျော်သက်ကောင်လေး Alan Strang အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၁ ခုနှစ်မှာတော့ How to Succeed in Business Without Really Trying ရဲ့ ဘရော့ဒ်ဝေးဗားရှင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ The Cripple of Irishmaan နဲ့ ၂၀၁၈ ခုနှစ်မှာတော့ The Lifespan of a Fact တွေကိုလည်း ဘရော့ဒ်ဝေးမှာ သရုပ်ဆောင်ခဲ့ပါတယ်။

(၅) ကဗျာတွေလည်း ရေးပါတယ်။

Photo via screenrant

Radcliffe ဟာ သရုပ်ဆောင်အဖြစ် လူသိများပေမယ့် သူဟာ ကဗျာတွေလည်း ရေးသားတဲ့ ကဗျာဆရာတစ်ယောက် ဆိုတာကိုတော့ တချို့ပရိသတ်တွေလောက်သာ သိကြပါလိမ့်မယ်။ သူဟာ Jacob Gershon ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာတွေ ရေးဖူးပါတယ်။ ဒါ့အပြင် ကဗျာဆရာတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ Kill Your Darlings ဆိုတဲ့ ရုပ်ရှင်ထဲမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။

(၆) Make-up Artist တွေကို ကူညီဖို့ တက်တူးကို ရှောင်ကျဉ်ထားသူ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

Radcliffe ဟာ တက်တူးတွေကို သဘောကျပြီး တက်တူးထိုးချင်စိတ်လည်း ဖြစ်မိပေမယ့် လက်ရှိအချိန်ထိတော့ မထိုးဖြစ်သေးဘူးလို့ Wired မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြထားပါတယ်။ အကြောင်းကတော့ ရိုက်ကူးရေးတွေ ပြုလုပ်တဲ့အခါ makeup artist တွေဟာ သရုပ်ဆောင်တွေရဲ့ တက်တူးတွေကို ဖုံးကွယ်ပေးဖို့အတွက် ပိုအချိန်ကုန်ပြီး၊ ပိုအလုပ်ရှုပ်ရတာကြောင့်လို့ ဆိုပါတယ်။ “တက်တူးထိုးချင်ပေမယ့် ကျွန်တော့်ရိုက်ကွင်းက makeup artist တွေရဲ့ မျက်နှာကို မြင်ယောင်လိုက်ပြီး မထိုးဖြစ်တော့ပါဘူးဗျာ …” လို့ Radcliffe က ဆိုပါတယ်။

(၇) ပိုက်ဆံစုတတ်သူ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

Radcliffe ဟာ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာ ရှိနေဆဲဖြစ်တဲ့ Harry Potter franchise ကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ငွေကြေးအနေနဲ့လည်း ဒေါ်လာသန်း(၁၀၀)ကျော်ခန့် ချမ်းသာကြွယ်ဝနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ရရှိလာတဲ့ ငွေကြေးဥစ္စာတွေကို အခြားဆယ်လီတွေလို အလဟဿ မသုံးစွဲဘဲ စုဆောင်းသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ ဒါမှသာ နောက်ပိုင်း အသက်ကြီးလာတဲ့အခါမှာ ပိုက်ဆံကြောင့် ပေါပေါပဲပဲ ရုပ်ရှင်တွေကို လက်မခံရတော့ဘဲ သူ သရုပ်ဆောင်ချင်တဲ့ ဇာတ်ကားတွေကို သေသေချာချာ ရွေးချယ်ခွင့် ရရှိမယ်လို့ ယူဆထားသူ ဖြစ်ပါတယ်။

(၈) သူ့အကြိုက်ဆုံး Harry Potter စာအုပ်ကတော့ ငါးအုပ်မြောက်နဲ့ နောက်ဆုံးစာအုပ် ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

Wired နဲ့ အင်တာဗျူးမှာပဲ Radcliffe ဟာ သူ့အကြိုက်ဆုံး Harry Potter စာအုပ်တွေကို ပြောပြထားပါတယ်။ သူအကြိုက်ဆုံးကတော့ ငါးအုပ်မြောက်စာအုပ်နဲ့ နောက်ဆုံးစာအုပ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Harry Potter and the Order of Phoenix ကတော့ စီးရီးတစ်ခုလုံးမှာ အရှည်ဆုံးစာအုပ်ဖြစ်ပြီး Radcliffe ကတော့ Harry နဲ့ Sirius တို့ကြားက relationship ကို နှစ်သက်တာကြောင့် ဒီစာအုပ်ကို ကြိုက်တာလို့ ဆိုပါတယ်။

(၉) Radcliffe ဟာ The Half-Blood Prince ထဲက သူ့ရဲ့သရုပ်ဆောင်မှုကို မုန်းတီးသူ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

သရုပ်ဆောင်အများစုလိုပဲ Radcliffe ဟာလည်း သူ့ရဲ့ကိုယ်တိုင် သရုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်သုံးသပ်လေ့ ရှိပါတယ်။ Harry Potter (၈)ကားလုံးမှာဆိုရင် Half-Blood Prince ထဲက သူ့ရဲ့သရုပ်ဆောင်မှုကို အားမရဆုံးပဲလို့ ဆိုပါတယ်။ “Harry Potter and the Half-Blood Prince လိုကားမျိုးကို အဲဒါကြောင့် ကြည့်ဖို့မလွယ်တာလေ။ အဲဒီထဲမှာ ကျွန်တော် သရုပ်ဆောင်တာ မကောင်းပါဘူး။ ကျွန်တော် အဲဒါကို မုန်းပါတယ် …” လို့ Radcliffe က ပြောဖူးပါတယ်။

(၁၀) ဆိုရှယ်မီဒီယာတွေ လုံးဝမသုံးပါဘူး။

Photo Credit: Warner Bros. Studios

Radcliffe မှာ တရားဝင် ဆိုရှယ်မီဒီယာအကောင့် တစ်ခုမှ မရှိပါဘူး။ တွစ်တာ၊ အင်စတာဂရမ် အစရှိတာတွေကိုလည်း ရှောင်ရှားထားတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူဟာ သူ့ကို တိုက်ခိုက်ဝေဖန်လာမယ့် hater တွေနဲ့ ပြန်ပြီး ရန်ပတ်ဖြစ်နေမယ့်လူမျိုး ဖြစ်တဲ့အတွက် စိတ်အေးအေး ချမ်းသာနေရဖို့ ဒါတွေကို ရှောင်ကျဉ်ထားတာပါလို့ ဆိုပါတယ်။

ဒါကတော့ Daniel Radcliffe နဲ့ ပတ်သက်တဲ့ လူသိနည်းသေးတဲ့ အချက်တချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Vancouver

Source: wired/brittanica/screenrant

 

RELATED ARTICLES

Most Popular