HomeCharacterNick Fury ဟာ Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ Fan Theory

Nick Fury ဟာ Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ Fan Theory

Secret Invasion ဇာတ်လမ်းတွဲထဲက တချို့အချက်တွေဟာ Nick Fury က Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ သီအိုရီကို ပြန်လည်ရေပန်းစားလာစေခဲ့ပါတယ်။ Secret Invasion ဇာတ်လမ်းတွဲထဲမှာတော့ ဘယ်ဇာတ်ကောင်မဆို Skrull ဖြစ်နေနိုင်ပြီး ဘယ်အချိန်ကတည်းက အစားထိုးဟန်ဆောင်နေလည်းဆိုတာ ခန့်မှန်းရခက်စေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Nick Fury က Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ Fan Theory ကို ဖော်ပြပေးချင်ပါတယ်။

ဒီသီအိုရီကို စတင်ဖြစ်ပေါ်လာစေတာကတော့ Captain Marvel ရုပ်ရှင်နဲ့ Age of Ultron ရုပ်ရှင်တို့ထဲက လူတွေသိပ်သတိမထားမိတဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ Captain Marvel ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Carol Danvers ဟာ Nick Fury ကို Skrull တွေ လုံးဝမသိနိုင်တဲ့ အချက်တစ်ခုကို ပြောပြပါလို့ မေးခဲ့ပြီး Nick Fury ကတော့ ပေါင်မုန့်မီးကင်ကို ထောင့်ဖြတ်လှီးထားရင် မစားနိုင်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

photo credit Marvel Studios

ဒါပေမယ့်လည်း Avengers: Age of Ultron ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Nick Fury ဟာ ပေါင်မုန့်မီးကင်ကို ထောင့်ဖြတ်လှီးပြီး စားခဲ့ပါတယ်။ ဒီရုပ်ရှင်နှစ်ကားရဲ့ Timeline အရ Captain Marvel က ၁၉၉၀ ကျော်မှာ ဇာတ်အိမ်တည်ထားပြီး Age of Ultron ကတော့ ၂၀၁၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာကြောင့် ဒီဇာတ်ဝင်ခန်းဟာ Nick Fury က Skrull ဖြစ်နိုင်ကြောင်း အရိပ်အမြွက်ပြထားတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Winter Soldier ရုပ်ရှင်ထဲမှာတော့ Nick Fury ဟာ သေချင်ယောင်ဆောင်သွားခဲ့ပါသေးတယ်။ Nick Fury ဟာ Bucky Barnes ပစ်လိုက်တဲ့ သေနတ်ကျည်ဆန်ကြောင့် ခွဲစိတ်ခန်းထဲရောက်နေပြီး Steve Rogers ကိုလည်း ဘယ်သူ့ကိုမှမယုံဖို့ မှာကြားပြီး သေသွားခဲ့ပါတယ်။ အဲဒီနောက်မှသာ Nick Fury က Bruce Banner တီထွင်ထားတဲ့ ဆေးရည်တစ်ခုနဲ့ နှလုံးခုန်နှုန်းကို လျှော့ချခဲ့ပြီး သေချင်ယောင်ဆောင်ခဲ့တယ်လို့ ပြသသွားပါတယ်။

photo credit Marvel Studios

ဒါကြောင့်ပဲ Nick Fury ဟာ Winter Soldier ရုပ်ရှင်ထဲမှာ တကယ်သေဆုံးသွားခဲ့တာ ဖြစ်နိုင်ပြီး Skrull တစ်ယောက်က အယောင်ဆောင်ပြီး ဝင်နေတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Captain Marvel ထဲမှာတော့ Nick Fury ဟာ Goose နဲ့ သွားဆော့မိလို့ မျက်လုံးတစ်ဘက် ကန်းသွားပါတယ်။ ဒါပေမယ့် Winter Soldier ထဲမှာတော့ Nick Fury ဟာ နောက်ဆုံးအကြိမ် တစ်ယောက်ယောက်ကို ယုံခဲ့တုန်းက သူ့မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ Nick Fury နေရာမှာ အစားဝင်ထားတဲ့ Skrull က Nick Fury ရဲ့ မျက်လုံးတစ်လုံး ဆုံးရှုံးရတာဟာ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခုခု ရှိနေမယ်လို့ ယူဆတာကြောင့် ယခုလိုပြောခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ သီအိုရီသက်သက်ပဲ ရှိသေးတာကြောင့် တကယ်ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular