HomeCharacterSpider-Man 2099 ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Spider-Man 2099 ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Spider-Man: Across the Spider-Verse ဇာတ်လမ်းထဲမှာတော့ Spider-Man 2099 တဖြစ်လည်း Miguel O’Hara ဇာတ်ကောင်ဟာ အားလုံးနဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူဟာ Antagonist အဖြစ် ပါဝင်ထားပေမယ့်လည်း ပရိသတ်အများစုကတော့ Miguel ဇာတ်ကောင်ကို အလွန်ကြိုက်နှစ်သက်နေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Miguel ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

photo credit Marvel Comics

Miguel ဟာ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spider-Man 2099 #1 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။ Miguel ဟာ Earth-928 က ဖြစ်ပြီး Alternate Future Version တစ်ခုလည်း ဖြစ်ပါတယ်။ Miguel ကတော့ Nueva York မြို့မှာ ကြီးပြင်းလာတာ ဖြစ်ပါတယ်။ Miguel ဟာ ကလေးဘဝမှာ ဆိုးခဲ့ပေမယ့် သူ့ရဲ့ Genius Level ဉာဏ်ရည်ကြောင့် Alchemax School for Gifted Youngsters ကျောင်းမှာ တက်ရောက်ခွင့်ရခဲ့ပါတယ်။

Miguel ဟာ ခေါင်းမာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူအဖြစ် ကြီးပြင်းလာပြီး Alchemax ရဲ့ မျိူးရိုးဗီဇ ပရိုဂရမ်ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ အဲဒီပရိုဂရမ်ကတော့ အလွန်ကြီးမားတဲ့ Corporation တစ်ခုဖြစ်ပြီး သူတို့မြို့ရဲ့ ဥပဒေအရာရှိတွေအားလုံးရဲ့ အထက်မှာ ရှိပါတယ်။

Miguel ဟာ မျိူးရိုးဗီဇတွေကို စမ်းသပ်နေရာကနေ သေဆုံးသွားတာ ကြာပြီဖြစ်တဲ့ စူပါဟီးရိုးတွေရဲ့ Genetic Code တွေကို ကူးယူပြီး သာမန်လူသားတွေရဲ့ မျိူးရိုးဗီဇနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ Mr. Sims ဆိုတဲ့ အစမ်းသပ်ခံတစ်ယောက်ဟာ ကြောက်စရာ အကောင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သေဆုံးသွားတဲ့အချိန်မှာတော့ Miguel ဟာ သူ့စမ်းသပ်မှုကို ရပ်တန့်ပြီး အလုပ်ထွက်စာ တင်လိုက်ပါတယ်။

သို့သော်လည်း သူ့ရဲ့အလုပ်ရှင် Tyler Stone ကတော့ Miguel ကို အလုပ်မထွက်စေချင်တာကြောင့် သောက်စရာတစ်ခုထဲမှာ ဆေးခပ်ပြီး တိုက်ခဲ့ပါတယ်။ အဲဒီဆေးကတော့ စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေပြီး အလွန်စွဲလမ်းစေပါတယ်။ Miguel ကလည်း ဒါကိုမသိဘဲ သောက်လိုက်မိပါတယ်။

အဲဒီနောက်မှာတော့ Miguel ဟာ အဲဒီဆေးကို သူ့ရဲ့ခန္ဓာကိုယ်ထဲက ထုတ်ပစ်ဖို့အတွက် Mr. Sims ကို သေသွားစေတဲ့ စမ်းသပ်မှုကို အနည်းငယ်ပြောင်းလဲပြီး သူ့ကိုယ်သူ စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ Supervisor ဖြစ်တဲ့ Aaron Delgato ကတော့ အဲဒီစမ်းသပ်မှုကို နှောင့်ယှက်ခဲ့ပြီး Miguel ရဲ့ DNA နဲ့ ပင့်ကူရဲ့ မျိူးရိုးဗီဇကို ရောစပ်လိုက်ပါတယ်။ Aaron Delgato ဟာ Miguel ကို သေစေချင်တာကြောင့် အခုလိုလုပ်လိုက်တာ ဖြစ်ပေမယ့် Miguel ကတော့ မသေဘဲ ပင့်ကူစွမ်းအားတွေ ရရှိသွားပြီး Spider-Man ဖြစ်လာခဲ့ပါတယ်။

Spider-Man အများစုနဲ့ မတူတဲ့အချက်ကတော့ Miguel ဟာ ရုပ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အဲဒါကတော့ Miguel ရဲ့ ခြေနဲ့လက်တွေမှာ ချွန်ထက်ပြီး ရှည်လျားတဲ့ လက်သည်း၊ ခြေသည်းတွေ ပေါက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ Miguel ဟာ Unstable Molecule Fabric (UMF)နဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံကို ဖန်တီးခဲ့ပြီး လူချမ်းသာတွေရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ သာမန်လူတန်းစားတွေအတွက် တိုက်ပွဲဝင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

စွမ်းအားများ

photo credit Marvel Comics

Miguel ကတော့ Spider-Man တိုင်းမှာရှိတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားသလို သူ့ရဲ့မတူညီတဲ့ Origin ကြောင့် အခြား Spider-Man တွေအတွက် စိတ်တောင်မကူးနိုင်တဲ့ စွမ်းအားတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ Miguel ရဲ့ DNA ဟာ ပင့်ကူရဲ့ DNA နဲ့ အစားထိုးခံထားရတာကြောင့် ပင့်ကူတစ်ယောက်ရဲ့ လျင်မြန်ဖြတ်လတ်မှုတွေ ပိုင်ဆိုင်ထားတဲ့အပြင် Superhuman Strength ၊ Speed ၊ Agility နဲ့ Stamina တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Miguel ဟာ အလေးချိန် (၁၀)တန်ဝန်းကျင်လောက် မ,နိုင်ပြီး အမြင့်ပေ (၃၀)လောက်အထိလည်း ခုန်နိုင်ပါတယ်။ သူဟာ တိုက်ခိုက်နည်းတွေကို မသင်ယူထားပေမယ့်လည်း သူ့ရဲ့စွမ်းအားတွေ အားလုံးကို အသုံးချပြီး တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ အဝေးက အရာဝတ္ထုတွေကို အနီးကပ်ကြည့်ရှုနိုင်တဲ့ Telescopic Vision နဲ့ Night Vision တို့ကို ပိုင်ဆိုင်ထားတဲ့အပြင် ဒဏ်ရာရသွားရင်လည်း ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကင်းနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်ထဲက Cell တွေဟာ သူ့အလိုလို ပြန်လည်ပြုပြင်နေတာကြောင့် သာမန်လူတွေထက်လည်း ပိုပြီးအသက်ရှည်ရှည် နေနိုင်ပါတယ်။

ဒါ့အပြင် စိတ်ချင်းဆက်သွယ်မှုလည်း ပြုလုပ်နိုင်ပါသေးတယ်။ သူ့ရဲ့ အန္တရာယ်အများဆုံး လက်နက်ကတော့ သူ့ရဲ့အဆိပ်ရှိတဲ့ လက်သည်း၊ ခြေသည်းတွေ ဖြစ်ပြီး ဘာစက်ပစ္စည်းအကူအညီမှ မလိုအပ်ဘဲ ပင့်ကူမျှင်ကိုလည်း လက်ကောက်ဝတ်ကနေ ထုတ်နိုင်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ Miguel မှာ Spider-Sense မရှိပါဘူး။

ဒါပေမယ့် အဲဒီအစား Ultra-Sensitive Hearing နဲ့ Vision တို့ကို ပိုင်ဆိုင်ထားပါတယ်။ သို့သော်လည်း Miguel ဟာ တခြား Spider-Man တွေလို နံရံမှာ မကပ်နိုင်ဘဲ သူ့ရဲ့ခြေသည်း၊ လက်သည်းတွေနဲ့ ကုပ်ထားရပါတယ်။ Miguel ရဲ့ ဝတ်စုံကတော့ ဖျက်ဆီးလို့ မဖြစ်နိုင်တဲ့ UMF နဲ့ ပြုလုပ်ထားပြီး ကျောဘက်မှာလည်း ပင့်ကူအိမ်လို အရွက်ပါဝင်တာကြောင့် လေဟုန်စီးနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular