HomeBiographyWednesday ထဲက မင်းသမီးလေး Jenna Ortega ရဲ့ စိတ်ဝင်စားစရာဘဝအကြောင်း

Wednesday ထဲက မင်းသမီးလေး Jenna Ortega ရဲ့ စိတ်ဝင်စားစရာဘဝအကြောင်း

Netflix ရဲ့ Wednesday ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ အလားတူပဲ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့ Wednesday ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Wednesday အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Jenna Ortega နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Wednesday ဇာတ်ကောင်အတွက် လူရွေးပွဲကို Zoom ကနေ ယှဉ်ပြိုင်ခဲ့ပါတယ်။

photo via screenrant

Jenna Ortega ကတော့ Wednesday ဇာတ်ကောင်အတွက် လူရွေးပွဲဝင်ပြိုင်တုန်းက စတူဒီယို A24 ရဲ့ X ရုပ်ရှင်ကို New Zealand နိုင်ငံမှာ ရိုက်ကူးနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီဇာတ်ကောင်အတွက် လူရွေးပွဲကို လူကိုယ်တိုင် မသွားရောက်နိုင်ဘဲ Zoom ကနေတဆင့် ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဒါ့အပြင် လူရွေးပွဲဝင်ပြိုင်တဲ့ အချိန်မှာတော့ သူမဟာ X ရုပ်ရှင်ထဲက သူမရဲ့ဇာတ်ကောင် သေဆုံးမှုကို ရိုက်ကူးပြီးခါစ ဖြစ်တာကြောင့် မိတ်ကပ်တွေ မဖျက်ရသေးပါဘူး။ အဲဒီအကြောင်းကိုတော့ Jenna က “Wednesday ဇာတ်ကောင်အတွက် Tim Burton နဲ့ တွေ့တဲ့အချိန်မှာ ကျွန်မကသွေးတုတွေ စိုရွှဲနေပြီး မျက်နှာမှာလည်း မိတ်ကပ်နဲ့ ဒဏ်ရာအကြီးကြီး လုပ်ထားရသေးတယ်”လို့ ပြောပြထားပါတယ်။

Iron Man 3 ထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

photo via screenrant

Jenna ဟာ အသက်(၁၁)နှစ်အရွယ်တုန်းကလည်း Iron Man 3 ရုပ်ရှင်ထဲမှာ အရန်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူမဟာ ဇာတ်ဝင်ခန်းတစ်ခုမှာပဲ ပါဝင်ခဲ့တာ ဖြစ်ပြီး ဒုသမ္မတ Rodriguez ရဲ့ သမီးအနေနဲ့ ခဏတာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သူမဟာ တဖြည်းဖြည်းနဲ့ ပိုမိုနာမည်ကြီးလာတာကြောင့် MCU ထဲက သူမရဲ့ ဇာတ်ကောင်ဟာလည်း နောက်ပိုင်းမှာ အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

Wednesday ဇာတ်လမ်းအတွက် Cello တီးသင်ခဲ့ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Wednesday ဇာတ်ကောင်ဟာ Cello တီးခတ်နေတဲ့ ဇာတ်ဝင်ခန်းအချို့ ပါဝင်ခဲ့ပြီး အဲဒီဇာတ်ဝင်ခန်းတွေကလည်း ဒီဇာတ်လမ်းတွဲရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းတွေထဲမှာ ပါဝင်နေပါတယ်။ Addams Family ရဲ့ Theme Song အတွက်လည်း Cello ဟာ အဓိကပါဝင်ထားတဲ့ တူရိယာတစ်ခု ဖြစ်ပြီး အခြားတူရိယာတွေထက် Gothic အသံ ပိုဆန်အောင် တီးခတ်ထားပါတယ်။ Jenna ကတော့ ဒီဇာတ်ဝင်ခန်းတွေမှာ နောက်ခံတေးဂီတကို သူမကိုယ်တိုင် တီးခတ်ထားတာ မဟုတ်ပေမယ့် သရုပ်ဆောင်ပီပြင်စေဖို့အတွက် Cello အခြေခံတီးခတ်နည်းကို လအနည်းငယ် လေ့ကျင့်သင်ယူခဲ့ပါတယ်။

သူမဟာ Wednesday ဇာတ်ကောင်အတွက် Christina Ricci ဆီက အကြံဉာဏ် မယူခဲ့ပါဘူး။

photo via screenrant

Christina Ricci ကတော့ ၁၉၉၀ ကျော်မှာ ထွက်ရှိခဲ့တဲ့ Addams Family ထဲမှာ Wednesday အဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယခုထွက်ရှိတဲ့ Wednesday ဇာတ်လမ်းတွဲထဲမှာတော့ ရုက္ခဗေဒဆရာမ Marilyn Thornhill နေရာက ပါဝင်ထားပါတယ်။ Jenna ဟာ Wednesday ဇာတ်ကောင်ကို ရရှိတဲ့ အချိန်မှာတော့ သူမဟာ Christina Ricci နဲ့ မတူညီတဲ့ ပုံစံမျိူးကို ဖန်တီးချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်လုံးဟာ ရိုက်ကွင်းပေါ်မှာ Wednesday ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Daredevil: Born Again ထဲမှာ ပါဝင်လာဖို့လည်း သတင်းထွက်နေပါတယ်။

photo via screenrant

Daredevil ဇာတ်ကောင်ဟာ Spider-Man: No Way Home ထဲမှာ စတင်ပြီး MCU ထဲမှာ ပါဝင်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ Daredevil ကို MCU ထဲမှာ ဆက်လက်မြင်တွေ့ရဖို့ စောင့်မျှော်နေကြပြီး မကြာခင်မှာပဲ Daredevil: Born Again ဆိုတဲ့ Disney+ ဇာတ်လမ်းတွဲ ထွက်ရှိလာမယ်လို့ ကြေညာထားပါတယ်။ Jenna ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ White Tiger ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်လာဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

စာအုပ်လည်း ရေးခဲ့ဖူးပါတယ်။

photo via screenrant

နာမည်ကျော် သရုပ်ဆောင်တွေ အများစုဟာ သရုပ်ဆောင်အလုပ်တင် မဟုတ်ဘဲ သူတို့ရဲ့ ဘဝအကြောင်းတွေ၊ ဒါမှမဟုတ် စိတ်ကူးယဉ်ဇာတ်လမ်းတွေကို စာအုပ်ရေးသားခဲ့ဖူးကြပါတယ်။ Jenna ကတော့ ယခုအချိန်မှာ အသက်(၂၀)နှစ်သာရှိသေးပေမယ့် သူမရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ It’s All Love: Reflections for Your Heart & Soul ကို ထုတ်ဝေတဲ့ အချိန်မှာတော့ အသက်(၁၈)နှစ်သာ ရှိပါသေးတယ်။ ဒီစာအုပ်ထဲမှာတော့ ယုံကြည်မှုနဲ့ စိတ်ကျန်းမာရေးအကြောင်းတွေ ပါဝင်နေပါတယ်။

ဒါကတော့ Wednesday မင်းသမီးလေး Jenna Ortega ရဲ့ စိတ်ဝင်စားစရာ ဘဝအကြောင်းအရာ အချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ယခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular