HomeCelebs Update NewsInternationalFRIENDS သရုပ်ဆောင် Matthew Perry ရုတ်တရက်ကွယ်လွန်

FRIENDS သရုပ်ဆောင် Matthew Perry ရုတ်တရက်ကွယ်လွန်

နာမည်ကြီး sitcom ဇာတ်လမ်းတွဲ FRIENDS ထဲမှာ ဟာသတွေ အမြဲပြောတတ်တဲ့ Chandler Bing ကတော့ ပရိသတ်တွေရဲ့ အကြိုက်ဆုံး ကာရိုက်တာတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Chandler Bing နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Matthew Perry ဟာ မနေ့က စနေနေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားပြီလို့ သိရပါတယ်။

NBC သတင်းဌာနရဲ့ ဖော်ပြချက်အရ Perry ဟာ သူ့ရဲ့ Pacific Palisades နေအိမ်မှာပဲ ရေနစ်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။ ဒီသတင်းကိုတော့ Perry ရဲ့ကိုယ်စားလှယ်နဲ့ ရဲဝန်ထမ်းတစ်ဦးက NBC ကို ပြောပြထားတာလို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာတော့ Perry ဟာ အသက်(၅၄)နှစ် ရှိနေပါပြီ။

Photo Credit: NBC

တာဝန်ရှိရဲဝန်ထမ်းရဲ့ ပြောပြချက်အရ ဒေသတွင်းစံတော်ချိန် (4:07)မိနစ်အချိန်မှာ 911 ကို အရေးပေါ်ဖုန်းဝင်လာခဲ့တာ ဖြစ်ပြီး ရေနစ်သူကို ကယ်ဆယ်တဲ့အတိုင်း အရေးပေါ်ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Brian Humphrey ကတော့ 911 ကို ဖုန်းဝင်လာပြီးနောက် ပထမဆုံး သွားရောက်ကယ်ဆယ်ခဲ့သူတွေဟာ “water emergency”လို့သာ သိခဲ့ရပြီး ဘယ်လိုအမျိုးအစားလည်းဆိုတာ အမျိုးအမည်မသိခဲ့ရဘူးလို့ ဆိုပါတယ်။

Photo Credit: NBC

အခင်းဖြစ်ပွားရာနေရာကို လော့စ်အိန်ဂျလိစ်မြို့ရဲ့ ရဲဝန်ထမ်းတွေလည်း ရောက်လာခဲ့ပြီး ဘယ်သူ့ကိုမှတော့ ဆေးရုံကို ခေါ်ဆောင်သွားခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဒီအတိုင်းဆိုရင်တော့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်လာခဲ့ပေမယ့် Perry ကို အသက်မမီတော့တာ ဖြစ်ဖို့များပါတယ်။

အဲဒီနောက်မှာတော့ high-profile မှုခင်းတွေနဲ့ ဆယ်လီတွေ ပါဝင်ပတ်သက်နေတဲ့ မှုခင်းတွေကို စုံစမ်းစစ်ဆေးနေကျ LAPD ရဲ့ လုယက်မှု၊ လူသေမှုတွေကို ကိုင်တွယ်တဲ့ဌာနဟာလည်း ရောက်ရှိလာခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာမှာ သေမှုသေခင်းပဲ ဖြစ်ပြီး foul play လို့ ယူဆနိုင်စရာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Photo Credit: NBC

Matthew Perry ဟာ Friends ပရိသတ်တွေရဲ့ favorite character တစ်ယောက် ဖြစ်ပြီး သူ့အသက်(၂၄)နှစ် အရွယ်မှာပဲ ဒီဇာတ်လမ်းတွဲထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ Perry ဟာ “Friends, Lovers, and the Big Terrible Thing: A Memoir” လို့ အမည်ပေးထားတဲ့ သူ့ဘဝရဲ့ အမှတ်တရစာအုပ်တစ်အုပ်ကို ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့ပါသေးတယ်။

Perry ဟာ မူးယစ်ဆေးတွေ စွဲလမ်းဖူးသလို အသက်ကြီးလာတဲ့နောက် ကျန်းမာရေးမှာလည်း ညံ့ခဲ့ပေမယ့် အခုလို မထင်ထားဘဲ ရေနစ်ပြီး သေဆုံးရလိမ့်မယ်လို့တော့ ဘယ်သူကမှ မတွေးခဲ့မိကြပါဘူး။ လူသန်းပေါင်းများစွာကို ရယ်ရွှင်မောရအောင် ဟာသတွေနဲ့ သရုပ်ဆောင်သွားခဲ့တဲ့ Perry တစ်ယောက် ငြိမ်းချမ်းရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Glasgow

Source: nbc

RELATED ARTICLES

Most Popular