HomeEntertainmentFilm၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားတဲ့ IMDb Rating အမြင့်ဆုံး ဇာတ်လမ်းတွဲ(၁၀)ခု

၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားတဲ့ IMDb Rating အမြင့်ဆုံး ဇာတ်လမ်းတွဲ(၁၀)ခု

ဇာတ်လမ်းတွဲတွေဟာ နှစ်စဉ်နှစ်တိုင်းမှာ အသစ်တွေ ထွက်ရှိနေပြီး ၂၀၂၁ ခုနှစ်မှာလည်း ဇာတ်လမ်းတွဲတွေ အများအပြား ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲတွေကတော့ ဇာတ်လမ်းအမျိူးအစားပေါင်းစုံ ဖြစ်သလို Arcane တို့လိုမျိူး ပရိသတ်တွေကြား ရေပန်းစားတဲ့ Animated Series တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ ၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိခဲ့ပြီး ပရိသတ်တွေကြားမှာလည်း အောင်မြင်ခဲ့သလို IMDb မှာလည်း rating အမြင့်ဆုံးဖြစ်နေတဲ့ ဇာတ်လမ်းတွဲ(၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(10) What If…?
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (7.5) ရရှိထားပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ MCU ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ယခင်က ကျွန်တော်တို့ ကြည့်ရှုခဲ့ရတဲ့ MCU Timeline တင်မကဘဲ တခြား Timeline တွေများစွာ ရှိနေပြီး အဲ့ဒီ Timeline တွေမှာ ဘယ်သူတွေက၊ ဘာတွေ ပြောင်းလဲကုန်လည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Jeffrey Wright နဲ့ MCU ထဲက သရုပ်ဆောင်တွေများစွာ ပါဝင်ထားပါတယ်။

(9) Hawkeye
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (7.8) ရရှိထားပြီး ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံး MCU ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Clint Barton ဟာ စူပါဟီးရိုးအဖြစ်က အနားယူထားပေမယ့်လည်း သူ့ရဲ့အတိတ်က ပြဿနာတွေကြောင့် Kate Bishop ဆိုတဲ့ ကောင်မလေးက အန္တရာယ်ထဲ ကျရောက်လာတဲ့အချိန်မှာတော့ သူမကို ကာကွယ်ပေးဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jeremy Renner ၊ Hailee Steinfeld နဲ့ Florence Pugh နဲ့ အခြားနာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

(8) Squid Game
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (8.0) ရရှိထားပြီး ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားသွားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတစ်စုဟာ ပိုက်ဆံရရှိဖို့အတွက် ကလေးတွေ ဆော့ကစားတဲ့ ဂိမ်းကစားနည်းတွေကို ဆော့ကစားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေ မသိတာကတော့ အဲ့ဒီကစားနည်းဟာ အသက်သေစေနိုင်တဲ့အထိ အန္တရာယ်များတယ်ဆိုတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Ho Yeon Jung ၊ Lee Jung-Jae ၊ Gong Yoo အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

(7) WandaVision
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (8.0) ရရှိထားပြီး Disney+ ကနေ ထုတ်လွှင့်ခဲ့တဲ့ ပထမဆုံး MCU ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Wanda နဲ့ Vision တို့နှစ်ယောက်ဟာ ဆင်ခြေဖုံးရပ်ကွက်လေးမှာ သာမန်ဘဝနဲ့ နေထိုင်နေကြပြီး တဖြည်းဖြည်းနဲ့ သူတို့ရဲ့ဘဝဟာ သံသယဖြစ်စရာတွေ ကောင်းလာတဲ့အချိန်မှာတော့ … ။ သရုပ်ဆောင်တွေကတော့ Elizabeth Olsen ၊ Paul Bettany နဲ့ Kathryn Hahn တို့ အဓိက ပါဝင်ထားပါတယ်။

(6) Yellowjacket
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (8.1) ရရှိထားပြီး Horror ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပါရမီထူးချွန်ကြတဲ့ အထက်တန်းကျောင်းသူလေးတွေဟာ ကံကောင်းထောက်မပြီး လေယာဉ်ပျက်ကျမှုကနေ အသက်ရှင်သန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လေယာဉ်ဟာ Ontario ရဲ့ တောနက်ထဲကို ပျက်ကျသွားပြီး သူတို့ကို ဘယ်လိုကံမကောင်းမှုတွေက စောင့်ကြိုနေမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Juliette Lewis ၊ Christina Ricci ၊ Ella Purnell နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

(5) Only Murders in the Building
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (8.1) ရရှိထားပြီး Hulu ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စွဲလမ်းမှုတွေ ရှိနေတဲ့ သူစိမ်းသုံးယောက်ဟာ တကယ့်ရာဇဝတ်မှုတစ်ခုနဲ့ ပတ်သက်မိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Martin Short ၊ Steve Martin နဲ့ Selena Gomez တို့ ပါဝင်ထားကြပါတယ်။

(4) Loki
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့  IMDb (8.3) ရရှိထားပြီး ပရိသတ်တွေကြား အတော်လေး ရေပန်းစားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Avengers: Endgame ထဲမှာ လွတ်မြောက်သွားတဲ့ Loki ဟာ တခြား Timeline တစ်ခုကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်လည်း Timeline ကို ထိန်းသိမ်းနေတဲ့ TVA အဖွဲ့အစည်းဟာ Loki ကို ဖမ်းဆီးသွားပြီး ဘာတွေ ဆက်ဖြစ်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hiddleston ၊ Sophia Di Martino နဲ့ Owen Wilson တို့ အဓိက ပါဝင်ထားပါတယ်။

(3) Mare of Easttown
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (8.5) ရရှိထားပြီး HBO က ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဟာ အလွန်ဆန်းကြယ်တဲ့ အမှုတစ်ခုကို စုံစမ်းနေရင်းနဲ့ သူမရဲ့ ဘဝကိုပါ မပြိုကွဲသွားအောင် နေထိုင်နေရတဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Kate Winslet ၊ Evan Peters နဲ့ Angourie Rice တို့ အဓိက ပါဝင်ထားပြီး Primetime Emmy ဆု လေးဆု ရရှိထားပါတယ်။

(2) It’s a Sin
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (8.7) ရရှိထားတဲ့ ဒရာမာအမျိုးအစား ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းသုံးယောက်ဟာ အသက်(၁၈)နှစ် ပြည့်သွားတဲ့အချိန်မှာ လန်ဒန်မြို့ကြီးမှာ ဘဝသစ်စတင်ဖို့ အိမ်ကနေ ထွက်လာခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေဟာ တစ်ကမ္ဘာလုံးက မျက်ကွယ်ပြုထားတဲ့ ဗိုင်းရပ်စ်တစ်ခုနဲ့ ကြုံတွေ့ရပါတော့တယ်။ အဓိက ပြသချင်တာကတော့ AIDS ရောဂါ စတင်ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Olly Alexander ၊ Nathaniel Curtis နဲ့ Lydia West တို့ အဓိက ပါဝင်ထားပါတယ်။

(1) Arcane
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ League of Legends ဂိမ်းကို အခြေခံပြီး ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး IMDb (9.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Vi နဲ့ Jinx တို့ရဲ့ Origin ကို ပြသထားတာ ဖြစ်ပြီး အထက်တန်းလွှာတွေ နေထိုင်တဲ့ Piltover နဲ့ အနှိမ်ခံတွေ နေထိုင်ကြတဲ့ Zaun တို့အကြောင်းကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Hailee Steinfeld ၊ Ella Purnell နဲ့ Kevin Alejandro တို့ အဓိက ပါဝင်ထားပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိခဲ့ပြီး ပရိသတ်တွေကြားမှာလည်း အောင်မြင်မှု ရရှိထားသလို IMDb မှာလည်း rating တွေကောင်းတဲ့ ဇာတ်လမ်းတွဲ(၁၀)ခုကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်လမ်းတွဲအသစ်တွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular