HomeEntertainmentFilm၂၀၂၁ ခုနှစ်ရဲ့ IMDb Rating အမြင့်ဆုံး ဟာသရုပ်ရှင်(၇)ကား

၂၀၂၁ ခုနှစ်ရဲ့ IMDb Rating အမြင့်ဆုံး ဟာသရုပ်ရှင်(၇)ကား

၂၀၂၁ ခုနှစ်ဟာ ကိုဗစ်ဖြစ်နေဆဲပဲ ဖြစ်ပေမယ့်လည်း ဟောလိဝုဒ်လောကမှာတော့ ရုပ်ရှင်တွေ ပြန်လည်ထွက်ခါစ ဖြစ်လာတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ ခုနှစ်နဲ့ ယှဉ်လိုက်ရင်တော့ ၂၀၂၁ ခုနှစ်ဟာ ရုပ်ရှင်တွေ ပိုမိုထွက်ရှိခဲ့ပါတယ်။ ယခုဆိုရင်တော့ ၂၀၂၁ ခုနှစ်ဟာ ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ဒီနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ IMDb rating အများဆုံး ဟာသရုပ်ရှင်(၇)ကားကို ဖော်ပြပေးချင်ပါတယ်။

(7) Free Guy
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဏ်ဝန်ထမ်းတစ်ယောက်ဟာ သူ့ကိုယ်သူ ဂိမ်းတစ်ခုထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အချိန်မှာ‌တော့ သူ့ရဲ့ဇာတ်လမ်းကို သူကိုယ်တိုင် ဖန်တီးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ryan Reynolds ၊ Jodie Comer နဲ့ Joe Keery တို့ အဓိက ပါဝင်ထားပါတယ်။

(6) Ghostbusters: Afterlife
photo via screenrant

ဒီရုပ်ရှင်ကတော့ (7.3) ရရှိထားပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ sequel အဆက်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုတစ်စုဟာ သူတို့ရဲ့ ဘိုးဘေးတွေက Ghostbuster တွေ ဖြစ်နေတာကို သိလိုက်ရပြီးနောက် သဘာဝလွန်အန္တရာယ်တွေကနေ လူသားတွေကို ကာကွယ်ရမယ့် တာဝန်ဟာ သူတို့ရဲ့ ပုခုံးပေါ်ကို ကျရောက်လာပါတယ်။ သရုပ်ဆောင်တွေကတော့ McKenna Grace ၊ Bill Murray ၊ Paul Rudd နဲ့ Finn Wolfhard တို့ အဓိက ပါဝင်ထားပါတယ်။

(5) Luca
photo via screenrant

ဒီ animation ကတော့ IMDb (7.6) ရရှိထားတဲ့ စွန့်စားခန်း ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လျှို့ဝှက်ရေအောက်ကမ္ဘာထဲက ရေနေသတ္တဝါလေး နှစ်ကောင်အကြောင်းကို စိတ်ကူးယဉ် ပုံဖော်ထားတာ မြင်တွေ့ရမှာပါ။ အဲ့ဒီရေနေသတ္တဝါလေး နှစ်ကောင်ကတော့ ရေထဲကနေ ထွက်လာရင် လူအဖြစ်ပုံစံ ပြောင်းလဲသွားပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ လူတွေနေထိုင်တဲ့ မြို့ပေါ်ကို ရောက်ရှိသွားပြီး ဘာတွေဆက်ဖြစ်သွားမလည်းဆိုတာ မြင်တွေ့ရမှာပါ။ Jacob Tremblay ၊ Jack Dylan Grazer နဲ့ Emma Berman တို့က အဓိကပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။

(4) Sing 2
photo via screenrant

ဒီ Animation ကတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Buster Moon နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ ရှိုးအသစ် ပြုလုပ်နိုင်ဖို့အတွက် ရော့ခ်စတား Clay Calloway ကို သူတို့ရဲ့ ရှိုးပွဲမှာ ပါဝင်ဖို့ ကြိုးစားကြတဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာတော့ Buster Moon ဟာ Clay Calloway ကို မခေါ်နိုင်ရင် အသက်အန္တရာယ်တောင် ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Halsey ၊ Taron Egerton ၊ Scarlett Johansson နဲ့ နာမည်ကျော်များစွာ ပါဝင်ထားပါတယ်။

(3) The Mitchells Vs The Machine
photo via screenrant

ဒီ animation ကိုတော့ Netflix က ထုတ်လုပ်ထားတာ ဖြစ်ပြီး IMDb (7.7) ရရှိထားတဲ့ စွန့်စားခန်းဟာသ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ထူးဆန်းပြီး ဗရုတ်သုက္ခတွေ ဖြစ်နေတဲ့ မိသားစုတစ်စုဟာ အပျော်ခရီးထွက်လာရာက ဇာတ်လမ်းစတင်ပါတယ်။ သူတို့မိသားစုရဲ့ လမ်းခရီးမှာပဲ စက်ရုပ်တွေဟာ သူတို့ရဲ့ မြင့်မားတဲ့ နည်းပညာတွေကြောင့် လူသားတွေကို အန္တရာယ်ပြုကြပါတော့တယ်။ ဒါကြောင့်ပဲ အဲ့ဒီမိသားစုဟာ လူသားတွေရဲ့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာပါတော့တယ်။ Abbi Jacobson ၊ Danny McBride နဲ့ Maya Rudolph တို့က အဓိကပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။

(2) Licorice Pizza
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၇၃ ခုနှစ် San Fernando တောင်ကြားမှာ ဇာတ်အိမ်တည်ထားပါတယ်။ Alana Kane နဲ့ Gary Valentine တို့နှစ်ယောက်ဟာ တဖြည်းဖြည်း အရွယ်ရောက်လာပြီး အချစ်ကို ပထမဆုံး ရှာတွေ့ကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Alana Haim ၊ Cooper Hoffman နဲ့ Bradley Cooper တို့ အဓိက ပါဝင်ထားပါတယ်။

(1) The Worst Person in the World
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Julie ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ အချစ်ရေးနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကြားမှာ ဗျာများနေပြီး သူမရဲ့ ဘဝအကြောင်းကို စိတ်ဝင်စားဖွယ် ဟာသဆန်ဆန် ပုံဖော်ထားတာ မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Renate Reinsve ၊ Anders Danielsen Lie နဲ့ Herbert Nordrum တို့ အဓိက ပါဝင်ထားပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ ဟာသဇာတ်ကားတွေကြားထဲက IMDb rating အမြင့်ဆုံး ရုပ်ရှင်(၇)ကားပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဟာသကားကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular