HomeEntertainmentFilmမေလမှာ ရုံတင်ပြသမယ့် နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများ

မေလမှာ ရုံတင်ပြသမယ့် နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများ

၂၀၂၂ ခုနှစ် မေလမှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်တွေကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ Marvel Cinematic Universe ရဲ့ ယခုနှစ်အတွက် ပထမဆုံးရုပ်ရှင် ဖြစ်တဲ့ Doctor Strange in the Multiverse of Madness နဲ့ Stephen King ရဲ့ ရုပ်ရှင်အသစ်တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မေလမှာ ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Doctor Strange in the Multiverse of Madness

photo via screenrant

ဒီရုပ်ရှင်ကတော့ မေလ(၆)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်တာကြောင့် နိုင်ငံတကာ ပရိသတ်တွေကတော့ မကြာခင်မှာပဲ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ No Way Home အပြီး လအနည်းငယ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ No Way Home ထဲမှာတော့ Doctor Strange ဟာ Multiverse ကို ဆက်သွယ်ထားတဲ့ တံခါးပေါက်ကို မတော်တဆ ဖွင့်မိသွားပြီး ဒီရုပ်ရှင်ထဲမှာတော့ အဲဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Sam Raimi က ရိုက်ကူးပေးထားပြီး Benedict Cumberbatch ၊ Elizabeth Olsen ၊ Benedict Wong ၊ Rachel McAdams အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

(2) Firestarter

photo via screenrant

ဒီရုပ်ရှင်ကတော့ Stephen King ရဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတဲ့ Sci-Fi ၊ Horror ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့သမီးလေးကို လိုက်လံဖမ်းဆီးနေတဲ့ အဖွဲ့တစ်ခုဆီကနေ နှစ်ပေါင်းများစွာ ရှောင်ပြေးနေရပါတယ်။ အကြောင်းကတော့ အဲဒီကလေးမလေးဟာ စိတ်စွမ်းအားနဲ့ မီးတွေကို ဖန်တီးလို့ရသလို ထိန်းချုပ်လို့ရတဲ့ စွမ်းအားပါ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ မေလ(၁၃)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Keith Thomas က ရိုက်ကူးပေးထားပြီး Zac Efron ၊ Ryan Kiera Armstrong ၊ Sydney Lemmon အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

(3) Monstrous

photo via screenrant

ဒီရုပ်ရှင်ကလည်း မေလ (၁၃)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပြီး ဒါရိုက်တာ Chris Sivertson ရိုက်ကူးထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Laura ဟာ သူမရဲ့ကလေးနဲ့အတူ California မှာရှိတဲ့ လူသူမနီးတဲ့ အိမ်ဆီကို ပြောင်းလာခဲ့ပါတယ်။ အကြောင်းကတော့ နှိပ်စက်တတ်တဲ့ သူမရဲ့ ခင်ပွန်းဟောင်းကြောင့်ပဲ ဖြစ်ပြီး မကြာခင်မှာတော့ သူမရဲ့ ခင်ပွန်းဟောင်းဟာလည်း အဲဒီနေရာကို ရောက်လာနိုင်ချေရှိသလို အိမ်အနားမှာရှိတဲ့ ရေကန်ထဲမှာလည်း မကောင်းဆိုးဝါးတစ်ကောင် ရှိနေတဲ့ အခါမှာတော့…။

Christina Ricci ၊ Colleen Camp ၊ Nick Vallelonga အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

(4) On the Count of Three

photo via screenrant

ဒီရုပ်ရှင်ကလည်း မေလ (၁၃)ရက်နေ့မှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ဓာတ်ကျနေတဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဟာ နောက်ဆုံးနေ့ရက်ကို အတူဖြတ်သန်းပြီး အဲဒီနေ့ရက်ကုန်ဆုံးသွားတဲ့ အချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် သတ်ပေးဖို့အတွက် သဘောတူထားကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းနေရင်း မမျှော်လင့်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ …။

ဟာသနဲ့ သည်းထိတ်ရင်ဖို ရောစပ်ထားတဲ့ ရုပ်ရှင်အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာ Jerrod Carmichael က ရိုက်ကူးပေးထားပါတယ်။ သရုပ်ဆောင်တွေကတော့ Jerrod Carmichael ၊ Christopher Abbott ၊ Tiffany Haddish တို့က အဓိက ပါဝင်ထားပါတယ်။

(5) Downton Abbey: A New Era

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Downton Abbey ရဲ့ Sequel အဆက်ပဲ ဖြစ်ပြီး မေလ (၂၀)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီ Sequel ထဲမှာတော့ Crawley မိသားစုဟာ ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ Violet Crawley ဆက်ခံရရှိခဲ့တဲ့ စံအိမ်နဲ့ ပတ်သက်တဲ့ ပဟေဠိတွေကို ဖြေရှင်းကြမှာပဲ ဖြစ်ပါတယ်။ ရုံတင်ပြီး (၄၅)ရက် ကြာတဲ့အချိန်မှာတော့ Peacock မှာလည်း streaming ပြသသွားမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Simon Curtis က ရိုက်ကူးပေးထားတဲ့ ရိုမန့်စ် ဒရာမာအမျိုးအစား ရုပ်ရှင် ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Maggie Smith ၊ Tuppence Middleton ၊ Matthew Goode နဲ့ Michelle Dockery တို့ ဖြစ်ပါတယ်။

(6) Men

photo via screenrant

ဒီရုပ်ရှင်ကလည်း Horror ရုပ်ရှင်တစ်ကားဖြစ်ပြီး မေလ (၂၀)ရက်နေ့မှာပဲ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Harper ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ ကိုယ်ရေးကိုယ်တာ ဝမ်းနည်းစရာတစ်ခုကြောင့် သူမကိုယ်သူမ ပြန်လည်ကုစားဖို့အတွက် အင်္ဂလန်နိုင်ငံရဲ့ လှပတဲ့ ကေျးလက်နေရာတစ်ခုကို ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာပဲ သူမနေထိုင်ရာ နေရာရဲ့ ပတ်ပတ်လည် တောအုပ်ထဲမှာတစ်စုံတစ်ယောက်၊ ဒါမှမဟုတ် တစ်ခုခုက သူမကို နောက်ယောင်ခံလိုက်နေတယ်လို့ ခံစားလာရပါတော့တယ်။

A24 စတူဒီယိုက ဖြန့်ချိထားပြီး ဒါရိုက်တာ Alex Garland က ရိုက်ကူးပေးထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jessie Buckley ၊ Rory Kinnear နဲ့ Paapa Essiedu တို့ ဖြစ်ပါတယ်။

(7) Top Gun: Maverick

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Top Gun ရုပ်ရှင်ရဲ့ Sequel အဆက်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Pete Maverick Mitchell ဟာ နှစ်သုံးဆယ်လောက် တာဝန်ထမ်းဆောင်ပြီးတာတောင် ရာထူးမတက်အောင် တမင်နေထိုင်နေပါတယ်။ တစ်ရက်မှာတော့ သူဟာ အထူးမစ်ရှင်တစ်ခု ထမ်းဆောင်ရမယ့် အဖွဲ့တစ်ခုကို လေ့ကျင့်ပေးဖို့ တာဝန်ကျလာပါတော့တယ်။ ဒီရုပ်ရှင်ကိုတော့ မေလ (၂၇)ရက်နေ့မှာ စတင်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ Joseph Kosinski က ရိုက်ကူးပေးထားပြီး Tom Cruise ၊ Val Kimer ၊ Jennifer Connelly နဲ့ Miles Teller တို့က အဓိက ပါဝင်ထားပါတယ်။

(8) The Bob’s Burgers Movie

photo via screenrant

နာမည်ကြီး Animated Series တစ်ခုဖြစ်တဲ့ Bob’s Burgers ကိုတော့ ယခုချိန်မှာ Animated Movie အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Bob’s Burger ဆိုင်ရဲ့ရှေ့က Water Main ပေါက်သွားတာကြောင့် ဆိုင်ရှေ့မှာ တွင်းကြီးဖြစ်သွားပြီး လူတွေမလာကြတော့ပါဘူး။ ဒါကြောင့်ပဲ Bob နဲ့ Linda တို့ဟာ သူတို့ရဲ့စီးပွားရေးကို ဆက်လက် ရပ်တည်နိုင်အောင် ကြိုးစားနေပြီး သူတို့ရဲ့ကလေးတွေကတော့ ဒီစီးပွားရေးကို ကယ်တင်နိုင်လောက်တဲ့ ပဟေဠိတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားကြပါတော့တယ်။ ဒီ Animation ကလည်း မေလ (၂၇)ရက်နေ့မှာပဲ ရုံတင်သွားမှာ ဖြစ်ပါတယ်။

ဒါကတော့ မေလထဲမှာ ရုံတင်ပြသမယ့် နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်ဆိုင်ရာ သတင်းနဲ့ ဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular