HomeEntertainmentFilm၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်များ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်များ

ယခုလအတွင်းမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတွေများစွာ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ MCU Phase 5 ကို စတင်သွားမယ့် Ant-Man and the Wasp: Quantumania နဲ့ ငယ်ဘဝတုန်းက ကြည့်ရှုခဲ့ရတဲ့ Winnie the Pooh ကို လူသတ်သမားအဖြစ် မြင်တွေ့ရမယ့် Winnie-the-Pooh: Blood and Honey တို့လို စိတ်ဝင်စားစရာ ရုပ်ရှင်တွေအပြင် အခြားရုပ်ရှင်အသစ်တွေကိုပါ ကြည့်ရှုခံစားရတော့မှာ ဖြစ်ပါတယ်။ ယခုလအတွင်းမှာတော့ ရုပ်ရှင်ကားသစ်ပေါင်း (၁၀)ကား ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Knock at the Cabin (ဖေဖော်ဝါရီ ၃ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ Split ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ M. Night Shyamalan က ရိုက်ကူးထားတဲ့ Psychological Thriller ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ စာရေးဆရာ Paul G. Tremblay ရေးသားထားတဲ့ The Cabin at the End of the World ဝတ္ထုကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ မိသားစုသုံးယောက်ဟာ လူသူမနီးတဲ့ သစ်လုံးအိမ်လေးတစ်ခုမှာ အပန်းဖြေခရီးထွက်လာရင်း လက်နက်ကိုင်ဆောင်ထားတဲ့ လူစိမ်းလေးယောက်ရဲ့ ဓားစာခံလုပ်ခြင်းကို ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ လူစိမ်းလေးယောက်ဟာ ကမ္ဘာပျက်ကိန်းကို တားဆီးဖို့အတွက် သူတို့မိသားစုကို စဉ်းစားလို့တောင် မရနိုင်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခိုင်းပါတော့တယ်။

Dave Bautista ၊ Jonathan Groff ၊ Ben Aldridge ၊ Rupert Grint ၊ Nikki Amuka-Bird ၊ Kristen Cui နဲ့ Abby Quinn တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

The Amazing Maurice (ဖေဖော်ဝါရီ ၃ရက်)

photo via screenrant

ဒီဇာတ်လမ်းကတော့ စာရေးဆရာ Terry Pratchett ရဲ့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Amazing Maurice and His Educated Rodents ဝတ္ထုကို ပြန်လည်ဖန်တီးထားတဲ့ Animated Movie တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Maurice ဆိုတဲ့ ကြောင်လေးတစ်ကောင်ဟာ စကားပြောတတ်တဲ့ ကြွက်တွေနဲ့ ရင်းနှီးမှုရယူပြီး ပိုက်ဆံတွေ လိမ်လည်ယူဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Malicia ဆိုတဲ့ ‌ကောင်မလေးနဲ့ တွေ့ဆုံမိတဲ့အချိန်မှာတော့ သူတို့ရဲ့ လိမ်လည်ဖို့ အကြံအစည်တွေဟာ သဲထဲရေသွန် ဖြစ်ကုန်ပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Emilia Clarke ၊ David Thewlis ၊ Himesh Patel ၊ David Tennant ၊ Gemma Arterton နဲ့ Hugh Bonneville တို့ ပါဝင်ထားပါတယ်။

Magic Mike’s Last Dance (ဖေဖော်ဝါရီ ၁၀ရက်)

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Steven Soderbergh က ရိုက်ကူးထားပြီး Magic Mike Trilogy ရဲ့ အဆုံးသတ်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ လူချမ်းသာတစ်ယောက်ဟာ Mike ကို မငြင်းနိုင်လောက်တဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တာကြောင့် Mike ကတော့ နောက်ထပ်တစ်ကြိမ် စတိတ်စင်ပေါ်မှာ ဖျော်ဖြေရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Channing Tatum ၊ Salma Hayek ၊ Ayub Khan Din ၊ Vicki Pepperdine နဲ့ Caitlin Gerard တို့ အဓိကပါဝင်ထားကြပါတယ်။

Seriously Red (ဖေဖော်ဝါရီ ၁၀ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ Rom-Com ဇာတ်လမ်းအမျိူးအစား ဖြစ်ပြီး ဒါရိုက်တာ Gracie Otto က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Red ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ အလုပ်ပြုတ်သွားပြီးတဲ့နောက်မှာ နာမည်ကြီးအဆိုတော် Dolly Parton ရဲ့ပုံစံအတိုင်း အတုယူဖျော်ဖြေနေရင်း Elvis Presley ရဲ့ပုံစံအတိုင်း အတုယူနေသူတစ်ယောက်နဲ့ နီးစပ်သွားပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ ထိပ်တန်း Copycat Performer တစ်ယောက် ဖြစ်လာပြီး စိတ်ဝင်စားစရာတွေကို ဆက်လက် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Krew Boylan ၊ Daniel Webber ၊ Rose Byrne နဲ့ Bobby Cannavale တို့ ပါဝင်ထားကြပါတယ်။

Swallowed (ဖေဖော်ဝါရီ ၁၄ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Carter Smith ရိုက်ကူးထားတဲ့ Horror Thriller ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းနှစ်ယောက်ဟာ အပိုဝင်ငွေရရှိဖို့အတွက် တရားမဝင် မူးယစ်ဆေးတွေ သယ်ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတဲ့ အချိန်မှာတော့…။ သရုပ်ဆောင်တွေကတော့ Jena Malone ၊ Mark Patton ၊ Cooper Koch နဲ့ Jose Colon တို့ အဓိကပါဝင်ထားကြပါတယ်။

What About Love (ဖေဖော်ဝါရီ ၁၄ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Klaus Menzel ရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူနှစ်ယောက်ဟာ နွေရာသီအချိန်မှာ ဥရောပကို ခရီးထွက်ခဲ့ကြပြီး အချစ်အပေါ် လူတွေရဲ့အမြင်တွေကို ပြသထားတဲ့ ရုပ်ရှင်ကို ရိုက်ကူးနေကြပါတယ်။

သူတို့နှစ်ယောက် မသိတဲ့အချက်ကတော့ အဲဒီရုပ်ရှင်ဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုပဲ ရိုက်ကူးနေမိတယ် ဆိုတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Marielle Jaffe ၊ Miguel Angel Munoz နဲ့ Sharon Stone တို့ ပါဝင်ထားကြပါတယ်။

Marlowe (ဖေဖော်ဝါရီ ၁၅ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Neil Jordan ရိုက်ကူးထားတဲ့ Crime Thriller ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Black-Eyed Blonde ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ် Los Angeles မြို့မှာ ဇာတ်အိမ်တည်ထားပြီး ချမ်းသာတဲ့ မိသားစုတစ်ခုရဲ့အမွေခံ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူဟောင်းကို ရှာဖွေပေးဖို့ စုံထောက်တစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘယ်လိုမျိူး မထင်မှတ်ထားတွေ ဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Liam Neeson ၊ Diane Kruger ၊ Jessica Lange နဲ့ Alan Cumming တို့ ပါဝင်ထားကြပါတယ်။

Winnie-the-Pooh: Blood and Honey (ဖေဖော်ဝါရီ ၁၅ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Rhys Frake-Waterfield ရိုက်ကူးထားတဲ့ လူသတ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကျွန်တော်တို့ ငယ်ဘဝတုန်းက ကြည့်ရှုခဲ့တဲ့ Winnie the Pooh ကို လူသတ်သမားအဖြစ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Christopher Robin ဟာ Winnie the Pooh နဲ့ Piglet တို့ကို နှစ်ပေါင်းများစွာ စွန့်ပစ်ခဲ့တာကြောင့် သူတို့နှစ်ယောက်ဟာ မကျေနပ်ချက်တွေအတွက် လက်စားချေဖို့ သွေးဆာနေကြပါတယ်။ သရုပ်ဆောင်တွေကတော့ Nikolai Leon ၊ Amber Doig-Thorne နဲ့ Natasha Tosini တို့ အဓိက ပါဝင်ထားကြပါတယ်။

Ant-Man and the Wasp: Quantumania (ဖေဖော်ဝါရီ ၁၇ရက်)

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Peyton Reed က ရိုက်ကူးထားပြီး MCU Phase 5 ရဲ့ ပထမဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Scott Lang တို့မိသားစုဟာ Quantum Realm ထဲမှာ မတော်တဆ ပိတ်မိသွားကြပြီး Multiverse Saga ရဲ့ အဓိကဗီလိန်ဖြစ်လာမယ့် Kang the Conqueror နဲ့ ရင်ဆိုင်ရပုံကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Paul Rudd ၊ Evangeline Lily ၊ Kathryn Newton နဲ့ Jonathan Majors တို့ အဓိက ပါဝင်ထားပါတယ်။

Cocaine Bear (ဖေဖော်ဝါရီ ၂၄ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Elizabeth Banks ရိုက်ကူးထားတဲ့ Dark Comedy ၊ Thriller ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝက်ဝံတစ်ကောင်ဟာ ကိုကိန်းအထုပ်လိုက်ကို စားပြီးတဲ့နောက်မှာ Georgia မြို့ငယ်လေးမှာ သောင်းကျန်းပါတော့တယ်။

ဒါကြောင့်ပဲ မြို့သူမြို့သားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ပူးပေါင်းပြီးတော့ ဒီဝက်ဝံလက်ကနေ လွတ်မြောက်ဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Keri Russell ၊ Brooklyn Prince ၊ O’Shea Jackson Jr. နဲ့ Alden Ehrenreich တို့ ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular