HomeEntertainmentFilmဇန်နဝါရီလမှာ ထွက်ရှိလာမယ့် နာမည်ကျော်သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ကားသစ်များ

ဇန်နဝါရီလမှာ ထွက်ရှိလာမယ့် နာမည်ကျော်သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ကားသစ်များ

၂၀၂၂ ခုနှစ်ကတော့ မကြာခင်မှာပဲ ကုန်ဆုံးသွားတော့မှာ ဖြစ်ပြီး နှစ်သစ်ကို ရောက်ရှိလာတော့မှာပါ။ ၂၀၂၃ ခုနှစ်ရဲ့ ဇန်နဝါရီလထဲမှာ ထွက်ရှိလာမယ့် ရုပ်ရှင်အသစ်တွေထဲမှာ အလွန်နာမည်ကြီးနိုင်တဲ့ ရုပ်ရှင်ကားမျိူးတွေ မပါဝင်ပေမယ့်လည်း စိတ်ဝင်စားစရာကောင်းမယ့် ရုပ်ရှင်တွေတော့ ရှိနေပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်ချစ်ပရိသတ်တွေကတော့ နှစ်သစ်ရဲ့ အစမှာ ဘယ်လိုရုပ်ရှင်တွေ ထွက်ရှိလာမယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်။

M3GAN

photo via screenrant

M3GAN ကတော့ Akela Cooper နဲ့ James Wan တို့ရဲ့ဇာတ်လမ်းကို ဒါရိုက်တာ Gerard Johnstone က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အရုပ်ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ စက်ရုပ်ပညာရှင် Gemma ဟာ မထင်မှတ်ထားဘဲ သူ့ရဲ့တူမလေးကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ တာဝန်ရှိလာပါတယ်။

Gemma ကတော့ ကလေးအနားမှာ အမြဲမရှိပေးနိုင်တာကြောင့် A.I ကို အသုံးပြုပြီး M3GAN ဆိုတဲ့ အရုပ်မလေးကို ကလေးကို အဖော်ပြုပေးဖို့နဲ့ ကာကွယ်ပေးဖို့ တီထွင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ M3GAN ဟာ ဒီကလေးမလေးကို ကာကွယ်ဖို့အတွက် ဘာမဆို ပြုလုပ်လာပါတော့တယ်။ ဒီရုပ်ရှင်ကတော့ ဇန်နဝါရီလ (၆)ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။

A Man Called Otto

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ Fredrik Backman ရဲ့ A Man Called Ove ဆိုတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဟာသဒရာမာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Otto Anderson ဆိုတဲ့ အသက်(၆၀)နှစ်အရွယ် လူတစ်ယောက်ဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက်မှာ နှစ်လေးဆယ်လောက် လုပ်လာတဲ့ အလုပ်ကနေလည်း မဖြစ်မနေ အနားယူလိုက်ရပါတယ်။

ဒါကြောင့်ပဲ စိတ်ဓာတ်တွေကျလာပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် အလွန်ပျော်ရွှင် တက်ကြွနေတဲ့ အိမ်နီးနားချင်းအသစ်တွေကြောင့် သူ့ရဲ့ကြိုးစားမှုတိုင်းဟာ သဲထဲရေသွန် ဖြစ်ကုန်ပါတော့တယ်။ ဒီရုပ်ရှင်ကိုတော့ ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Alice, Darling

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Mary Nighy ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်ပြီး Thriller ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Alice ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ရည်းစား Simon ဆီကနေ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ ခံစားနေရပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ Alice ဟာ သူမရဲ့အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်နဲ့အတူ ခရီးထွက်လာရင်း သူမရဲ့အခြေအနေအမှန်ကို မြင်မိသွားပြီး Simon နဲ့ အဆက်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့်လည်း Simon ဟာ ဒါကို မကျေနပ်ဘဲ လက်စားချေဖို့ ကြိုးစားတဲ့ အချိန်မှာတော့…။ ဒီရုပ်ရှင်ကတော့ ဇန်နဝါရီလ (၂၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Missing

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Nicholas D. Johnson နဲ့ Will Merrick တို့ ရိုက်ကူးထားတဲ့ ဒရာမာ သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ June ရဲ့ အမေဖြစ်သူ Grace ဟာ သူမရဲ့ရည်းစားနဲ့အတူ Colombia နိုင်ငံကို ခရီးထွက်သွားပါတယ်။ ဒါပေမယ့်လည်း Grace ဟာ အိမ်ပြန်ရောက်မလာတာကြောင့် June ဟာ နည်းပညာအကူအညီနဲ့ သူမရဲ့အမေကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်ကတော့ ဇန်နဝါရီလ (၂၀)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

The Son

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Florian Zeller ရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၁၇)နှစ်အရွယ် Nicholas Miller ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့မိဘတွေ ကွာရှင်းပြီး နှစ်အနည်းငယ်ကြာတဲ့ အချိန်မှာ အဖေဖြစ်သူနဲ့အတူ လာရောက် နေထိုင်နေပါတယ်။ သူ့ရဲ့အဖေကတော့ နောက်ထပ်မိသားစုတစ်ခု ထူထောင်ပြီး အလုပ်အကိုင်နဲ့ မိသားစုအသစ်ကြားမှာ Nicholas ကို ဂရုမစိုက်နိုင် ဖြစ်နေပါတယ်။ ဒီရုပ်ရှင်ကတော့ ဇန်နဝါရီလ (၂၀)ရက်နေ့မှာပဲ ရုံတင်သွားမှာ ဖြစ်ပါတယ်။

When You Finish Saving the World

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Jesse Eisenberg ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်ပြီး ဟာသဒရာမာအမျိူးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေဖြစ်သူ Evelyn နဲ့ သားဖြစ်သူ Ziggy တို့နှစ်ယောက်လုံးဟာ မတူညီတဲ့ ကမ္ဘာတစ်ခုဆီမှာ နေထိုင်ကြသလို ဖြစ်နေပြီး သိပ်ပြီးရင်းနှီးမှု မရှိပါဘူး။ ဒါကြောင့်ပဲ Evelyn ဟာ သူမရဲ့သားနဲ့ မရနိုင်တဲ့ ရင်းနှီးမှုမျိူးကို အခြားကလေးတွေဆီက ရှာဖွေနေပြီး သူတို့သားအမိနှစ်ယောက် ဘယ်လိုမျိူး နီးစပ်သွားမလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကလည်း ဇန်နဝါရီလ (၂၀)ရက်နေ့မှာ ရုံတင်သွားမှာပါ။

In From the Side

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Matt Carter ရိုက်ကူးထားတဲ့ အားကစားဒရာမာ ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Mark ဆိုတဲ့ အတွေ့အကြုံနုသေးတဲ့ Rugby ဘောလုံးကစားသမားတစ်ယောက်ဟာ တစ်ရက်မှာတော့ နာမည်ကြီးကစားသမား ဖြစ်တဲ့ Warren နဲ့ တွေ့ဆုံမိခဲ့ကြပါတယ်။

သူတို့နှစ်ယောက်လုံးဟာ အချိန်ကြာကြာ လက်တွဲလာကြတဲ့ လက်တွဲဖော်တွေ ရှိနေပေမယ့်လည်း ချစ်ကြိုက်မိသွားကြပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ထားဖို့ ကြိုးစားရင်း ဘာတွေဖြစ်လာကြမလည်း ဆိုတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကလည်း ဇန်နဝါရီလ (၂၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

One Fine Morning

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Mia Hansen-Love ရိုက်ကူးထားတဲ့ ပြင်သစ်စကားပြော ရိုမန့်တစ်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Sandra Kienzler ဆိုတဲ့ ကောင်မလေးဟာ (၈)နှစ်အရွယ်သမီးလေးနဲ့အတူ နေထိုင်ရင်း အတိတ်မေ့ရောဂါကို ခံစားနေရတဲ့ သူမရဲ့အဖေအတွက်လည်း ရုန်းကန်နေရပါတယ်။

သူမဟာ အဖေဖြစ်သူအတွက် လူအိုရုံကောင်းကောင်းတစ်ခုကို ရှာဖွေနေရင်း တစ်ဖက်မှာတော့ သူမရဲ့သူငယ်ချင်းတစ်ယောက်နဲ့ ချစ်ကြိုက်သွားကြပါတယ်။ ဒါပေမယ့် အဲဒီလူကလည်း လူလွတ်တစ်ယောက် မဟုတ်တာကြောင့် လူမှုရေးအရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်ကတော့ ဇန်နဝါရီလ (၂၇)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

ဒါကတော့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပြီး ဇန်နဝါရီလမှာ ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ ဘယ်ကားကို အကြည့်ချင်ဆုံးလည်းဆိုတာ ကောမန့်မှာ ပြောခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular