HomeEntertainmentFilmဇွန်လထဲမှာ ထွက်ရှိလာမယ့် ရုပ်ရှင်ကားအသစ်များ

ဇွန်လထဲမှာ ထွက်ရှိလာမယ့် ရုပ်ရှင်ကားအသစ်များ

လာမယ့် ဇွန်လထဲမှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ရုပ်ရှင်တွေ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိူးအစား အစုံအလင်ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပြီး Spider-Man Animated Movie ၊ ဆရာကြီး Stephen King ရဲ့ Horror ရုပ်ရှင် ၊ DC Universe ရဲ့ ရုပ်ရှင်ကားသစ် ၊ Pixar ရဲ့ Animation အသစ်နဲ့ ဒါရိုက်တာ Wes Anderson ရဲ့ ရုပ်ရှင်အသစ်တွေကို ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဘယ်ကားတွေလည်းဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ရအောင်။

Spider-Man: Across the Spider-Verse (ဇွန်လ ၂ရက်နေ့)

photo credit Sony Pictures

ဒီရုပ်ရှင်ကတော့ Spider-Man: Into the Spider-Verse ရဲ့ Sequel ဖြစ်ပါတယ်။ ပထမဇာတ်လမ်းအပြီး တစ်နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး Miles Morales ဟာ မထင်မှတ်ထားဘဲ Spider-Man တွေရဲ့ Universe တွေအားလုံးကို ကယ်တင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာတော့ Shameik Moore ၊ Hailee Steinfeld နဲ့ Oscar Isaac တို့က အဓိကပါဝင်ပြီး အသံသရုပ်ဆောင်ထားကြပါတယ်။

The Boogeyman (ဇွန်လ ၂ရက်နေ့)

photo credit 20th Century Studios

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Rob Savage က ရိုက်ကူးထားပြီး ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဆရာကြီး Stephen King ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Sadie နဲ့ Sawyer တို့ ညီအစ်မနှစ်ယောက်ဟာ မိခင်ဖြစ်သူ ကွယ်လွန်သွားတာကြောင့် ဝမ်းနည်းနေကြပါတယ်။ သူတို့ရဲ့အဖေဖြစ်သူ Will ကလည်း Therapist တစ်ယောက်ဖြစ်ပေမယ့် သူ့ဘာသာ နာကျင်ခံစားနေတာကြောင့် ကလေးတွေကို ဂရုမစိုက်နိုင်ခဲ့ပါဘူး။

တစ်ရက်မှာတော့ မမျှော်လင့်ထားဘဲ လူနာတစ်ယောက်ဟာ Will ဆီကို ရောက်လာပြီး အကူအညီတောင်းခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီလူနာဟာ ဆိုးရွားတဲ့အရာတစ်ခုကို ခေါ်လာခဲ့ပြီး အဲဒီအရာဟာ Sadie နဲ့ Sawyer တို့ကို စတင်ခြောက်လှန့် ဒုက္ခပေးပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sophia Thatcher ၊ Vivien Lyra Blair နဲ့ Chris Messina တို့ ပါဝင်ထားပါတယ်။

Transformers: Rise of the Beasts (ဇွန်လ ၉ရက်နေ့)

photo credit Paramount Pictures

Transformers: Rise of the Beasts က‌တော့ ဒီ Film Series ရဲ့ (၇)ကားမြောက် ရုပ်ရှင်ပဲဖြစ်ပြီး Bumblebee ရဲ့ Sequel လည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး Noah Diaz နဲ့ Elena Wallace တို့ဟာ Optimus Prime ကို ကူညီဖို့ ကြိုးစားနေရင်း Maximals ၊ Predacons နဲ့ Terrorcons တို့မျိူးနွယ်သုံးခုရဲ့ တင်းမာမှုတွေကြားထဲ ညပ်သွားကြပုံကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Anthony Ramos ၊ Dominique Fishback နဲ့ Luna Lauren Velez တို့ ပါဝင်ထားပါတယ်။

The Flash (ဇွန်လ ၁၆ရက်)

photo credit DC Studios

Delay တွေများစွာနဲ့ အချိန်အတော်ကြာ စောင့်မျှော်အပြီးမှာတော့ The Flash ရုပ်ရှင်ဟာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Barry Allen ဟာ သူ့ရဲ့စွမ်းအားတွေကို အသုံးပြုပြီး အတိတ်ကို ပြန်သွားကာ မိခင်ဖြစ်သူကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါကြောင့်ပဲ Timeline ပြောင်းလဲမှုတွေ ဖြစ်လာပြီး Barry ဟာ Metahuman တွေ မရှိတဲ့ Alternate Reality တစ်ခုမှာ ပိတ်မိသွားပါတယ်။ Barry ဟာ အရာရာကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားနေရင်း ဇာတ်ကောင်တွေရဲ့ မတူညီတဲ့ဗားရှင်းတွေနဲ့ ဆုံတွေ့ကာ General Zod နဲ့လည်း တိုက်ခိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ezra Miller ၊ Michael Keaton ၊ Sasha Calle နဲ့ Ben Affleck တို့ အဓိက ပါဝင်ထားပါတယ်။

Elemental (ဇွန်လ ၁၆ရက်)

photo credit Pixar

Disney နဲ့ Pixar တို့ရဲ့ Animation အသစ်ဖြစ်တဲ့ Elemental ကိုတော့ ဒါရိုက်တာ Peter Sohn က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ မတူညီတဲ့ Element တွေဖြစ်တဲ့ မီး၊ရေ၊လေ၊မြေတို့ဟာ Elemental City မှာ အတူတကွ နေထိုင်နေကြပါတယ်။ ဒါပေမယ့်လည်း စည်းကမ်းတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ မတူညီတဲ့ Element တွေ မရောစပ်ကြဘူး ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာတော့ အကျင့်စရိုက်ရော၊ နေထိုင်ပုံပါ လုံးဝမတူညီတဲ့ မီးနဲ့ရေတို့ဟာ မတော်တဆ ဆုံတွေ့မိခဲ့ကြပြီး ချစ်ကြိုက်သွားပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Leah Lewis ၊ Mamoudou Athie နဲ့ Ronnie del Carmen တို့ အဓိကပါဝင်ထားကြပါတယ်။

No Hard Feeling (ဇွန်လ ၂၃ရက်)

photo credit Sony Pictures

ဇာတ်လမ်းကတော့ Maddie ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ Uber Driver တစ်ယောက်ပါ။ သို့သော်လည်း သူမရဲ့ကားကို အကြွေးနဲ့သိမ်းခံလိုက်ရတဲ့ နောက်မှာတော့ ငွေရေးကြေးရေး အလွန်ခက်ခဲလာပါတော့တယ်။ ဒါကြောင့်ပဲ သူမဟာ အလုပ်ရှာဖွေနေခဲ့ပြီး ဖြစ်ချင်တော့ (၁၉)နှစ်အရွယ် Introvert ကောင်လေးတစ်ယောက်ရဲ့ မိဘတွေက သူမကိုအလုပ်တစ်ခု ကမ်းလှမ်းလာပါတယ်။

အဲဒီအလုပ်ကတော့ အဲဒီကောင်လေးရဲ့ ရည်းစားအနေနဲ့ နေပေးရမှာ ဖြစ်ပြီး အပြန်အလှန်အနေနဲ့ သူမဟာ Buick Regal ကားတစ်စီး ရရှိမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီကောင်လေးဟာ သာမန်ဆယ်ကျော်သက်တွေလို ရည်းစားထားတာနဲ့ ရည်းစားနဲ့ အတူတူနေတာမျိူးကို လုံးဝစိတ်မဝင်စားတာကြောင့်ပါပဲ။

ဒါကြောင့်ပဲ Maddie နဲ့ အဲဒီကောင်လေးတို့ နှစ်ယောက်ရဲ့ တလွဲတချော် ဖြစ်ရပ်တွေကို မြင်တွေ့ရမယ့် ဟာသကားတစ်ကားပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jennifer Lawrence ၊ Andrew Barth Feldman နဲ့ Matthew Broderick တို့ အဓိက ပါဝင်ထားကြပါတယ်။

Asteroid City (ဇွန်လ ၂၃ရက်)

photo credit Universal Pictures

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Wes Anderson ရိုက်ကူးထားတဲ့ Sci-Fi ၊ Rom-Com ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး ကျောင်းသားတွေနဲ့ မိဘတွေဟာ Asteroid City မှာ ကျင်းပတဲ့ Junior Stargazer တွေ့ဆုံပွဲကို လာရောက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာကြီးကို ပြောင်းလဲသွားစေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့ပြီး မထင်ထားတာတွေ ဖြစ်လာပါတော့တယ်။

သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Jason Schwartzman ၊ Scarlett Johansson ၊ Tilda Swinton ၊ Jeffrey Wright ၊ Bryan Cranston ၊ Edward Norton ၊ Maya Hawke ၊ Willem Dafoe နဲ့ Steve Carell တို့ ပါဝင်ထားကြပါတယ်။

Indiana Jones and the Dial of Destiny (ဇွန်လ ၃၀)

photo credit Walt Disney Studios

ဒီရုပ်ရှင်ကတော့ Indiana Jones Series ရဲ့ ငါးကားမြောက်နဲ့ နောက်ဆုံးသော ရုပ်ရှင်ဖြစ်ပြီး ၁၉၆၉ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီအချိန်မှာတော့ အမေရိကန်အစိုးရဟာ ရုရှားနဲ့ အာကာသပြိုင်ပွဲမှာ အနိုင်ရစေဖို့အတွက် နာဇီအဖွဲ့ဝင်ဟောင်းတွေကို တာဝန်ခန့်အပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Indiana Jones ဟာ သူရဲ့ မြေးဖြစ်သူနဲ့အတူ သမိုင်းတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ Dial တစ်ခုကို ရှာဖွေနေရင်း နာဇီတွေနဲ့ ရင်ဆိုင်ရတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Harrison Ford ၊ Phoebe Waller-Bridge နဲ့ Mads Mikkelsen တို့ အဓိက ပါဝင်ထားကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular