HomeEntertainmentFilm၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်များ

၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်များ

ယခုဆိုရင်တော့ ဘာလိုလိုနဲ့ ၂၀၂၃ ခုနှစ် မတ်လထဲတောင် ရောက်ရှိလာပါပြီ။ ဒီလထဲမှာလည်း ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်ကားသစ်တွေများစွာ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီလထဲမှာတော့ ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ John Wick ရဲ့ စွန့်စားခန်းအသစ်တွေ၊ Ghostface လူသတ်သမားအသစ်နဲ့ စာရေးဆရာကြီး Stephen King ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကို ပိတ်ကားထက်မှာ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Operation Fortune: Ruse de Guerre (မတ်လ ၃ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးထားတဲ့ စပိုင်အက်ရှင် ဟာသကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Orson Fortune ဆိုတဲ့ စပိုင်တစ်ယောက်ဟာ အခြားလူအချို့ရဲ့ အကူအညီနဲ့အတူ အလွန်အန္တရာယ်များတဲ့ လက်နက်နည်းပညာတစ်ခုကို မကောင်းသူတွေလက်ထဲ ရောက်မသွားအောင် ကာကွယ်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Jason Statham ၊ Hugh Grant နဲ့ Josh Hartnett တို့ ပါဝင်ထားပါတယ်။

Creed III (မတ်လ ၃ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ထဲမှာတော့ သရုပ်ဆောင် Michael B. Jordan ဟာ ဒါရိုက်တာအနေနဲ့ပါ ပါဝင်သွားမှာ ဖြစ်ပါတယ်။ Creed II အပြီးမှာတော့ Adonis Creed ဟာ လက်ဝှေ့လောကမှာ အောင်မြင်မှုတွေများစွာ ရရှိနေပါတယ်။ ဒါပေမယ့်လည်း Adonis ရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး လက်ဝှေ့ထိုးရာမှာ ပါရမီပါတဲ့ Damian Anderson တစ်ယောက် ထောင်ထဲက လွတ်လာချိန်မှာတော့ Adonis ဟာ သူတည်ဆောက်ထားသမျှကို ကာကွယ်ဖို့ ကြိုးဝိုင်းထဲမှာ ငယ်သူငယ်ချင်းနဲ့ ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Michael B. Jordan ၊ Jonathan Majors နဲ့ Tessa Thompson တို့ ပါဝင်ထားပါတယ်။

Children of the Corn (မတ်လ ၃ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကတော့ စာရေးဆရာကြီး Stephen King ရဲ့ဝတ္ထုကို အခြေခံ ဖန်တီးထားတာ ဖြစ်ပြီး ဒါရိုက်တာ Kurt Wimmer က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အသက်(၁၂)နှစ်သာ ရှိသေးပေမယ့် ဆိုက်ကိုဖြစ်နေတဲ့ Eden ဆိုတဲ့ ကလေးတစ်ယောက်ဟာ မြို့ထဲမှာရှိတဲ့ ကလေးအများစုကို သိမ်းသွင်းထားပြီး အကျင့်ပျက် ခြစားနေတဲ့ လူကြီးတွေနဲ့ သူ့ရဲ့လမ်းမှာ ပိတ်နေသမျှ လူတွေကို သတ်ပစ်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။

Unwelcome (မတ်လ ၈ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ John Wright ရိုက်ကူးထားတဲ့ Horror ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ လန်ဒန်မြို့ပြကြီးကနေ Ireland နိုင်ငံရဲ့ ကျေးလက်ဒေသတစ်ခုကို ပြောင်း‌ရွှေ့လာပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့အိမ်နားမှာရှိတဲ့ ရှေးကျတဲ့ တောအုပ်ကြီးထဲမှာ လူတွေကို သတ်ဖြတ်နေတဲ့အရာတွေ ရှိနေပြီး သူတို့နှစ်ယောက်ဟာလည်း ဒီအန္တရာယ်တွေကနေ ဘယ်လိုမျိူး လွတ်မြောက်အောင် ကြိုးစားကြမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Douglas Booth ၊ Hannah John-Kamen နဲ့ Jamie-Lee O’Donnell တို့ ပါဝင်ထားပါတယ်။

Scream VI (မတ်လ ၁၀ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Matt Bettinelli-Olpin နဲ့ Tyler Gillet တို့က ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Woodsboro မြို့မှာ နောက်ဆုံးဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုတွေမှာ အသက်ရှင်ကျန်ခဲ့သူတွေဟာ နယူးယော့ခ်မြို့ကို ပြောင်းရွှေ့လာပြီး ဘဝသစ်စဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း Ghostface လူသတ်သမားအသစ် ပေါ်လာပြီး သူတို့ရဲ့အသက်ကို ခြိမ်းခြောက်လာတဲ့အခါမှာတော့…။ သရုပ်ဆောင်တွေကတော့ Melissa Barrera ၊ Samara Weaving ၊ Jena Ortega နဲ့ Courteney Cox တို့ ပါဝင်ထားပါတယ်။

Shazam! Fury of the Gods (မတ်လ ၁၇ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ David F. Sandberg က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ Billy Batson ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြံစည်နေတဲ့ Atlas ရဲ့သမီးတော်တွေကို တားဆီးတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Zachary Levi ၊ Asher Angel ၊ Rachel Zegler နဲ့ Helen Mirren တို့ ပါဝင်ထားကြပါတယ်။

Moving On (မတ်လ ၁၇ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Paul Weitz ရိုက်ကူးထားတဲ့ ဟာသကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ငယ်သူငယ်ချင်းနှစ်ယောက်ဟာ အသုဘတစ်ခုမှာ ပြန်လည်တွေ့ဆုံမိခဲ့ကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သူတို့အပေါ်မှာ အမှားလုပ်ခဲ့သူတစ်ယောက်ကို ပြန်လည်လက်စားချေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သရုပ်ဆောင်တွေကတော့ Jane Fonda ၊ Lily Tomlin နဲ့ Malcolm McDowell တို့ ပါဝင်ထားပါတယ်။

John Wick: Chapter 4 (မတ်လ ၂၄ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Chad Stahelski က ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ John Wick ဟာ High Table ကို အနိုင်ယူဖို့ ကြိုးစားနေတာကို မြင်တွေ့ရမှာဖြစ်ပြီး ဒီလိုအနိုင်ယူဖို့အတွက် သူဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ရန်သူတွေများစွာနဲ့ ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Bill Skarsgard ၊ Donnie Yen ၊ Scott Adkins နဲ့ အခြားသော နာမည်ကျော်များစွာ ပါဝင်ထားကြပါတယ်။

A Good Person (မတ်လ ၂၄ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Zach Braff ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘဝမှာ အရာရာအားလုံး ကောင်းမွန်နေတဲ့ Allison ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာပါ။ သူမဟာ အလုပ်ကောင်းတစ်ခုနဲ့ အားကိုးအားထားရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရှိသလို ခင်ပွန်းလောင်းတစ်ယောက်လည်း ရှိပါသေးတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ သူမဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ထူးဆန်းစွာပဲ သူမဟာ နာကျင်မှုကို ပျောက်စေတဲ့ ဆေးတစ်ခုကို စွဲလန်းသွားပြီး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Florence Pugh ၊ Morgan Freeman နဲ့ Molly Shannon တို့ ပါဝင်ထားပါတယ်။

Dungeons & Dragons: Honor Among Thieves (မတ်လ ၃၁ရက်)

photo credit Paramount Pictures

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Jonathan Goldstein နဲ့ John Francis Daley တို့က ရိုက်ကူးထားပြီး နာမည်ကြီးဂိမ်းတစ်ခု ဖြစ်တဲ့ D&D ကို ပြန်လည်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သူခိုးတစ်ယောက်ဟာ ပုံမှန်မဟုတ်တဲ့ လူတစ်စုနဲ့ ပူးပေါင်းကာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းကို ရှာဖွေဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ သွားစလို့မရတဲ့ လူတွေကိုမှ သွားစမိလိုက်တဲ့ အချိန်မှာတော့…။ သရုပ်ဆောင်တွေကတော့ Chris Pine ၊ Michelle Rodriguez ၊ Sophia Lillis နဲ့ Hugh Grant တို့ အဓိကပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular