HomeEntertainmentFilm၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် DCU ရုပ်ရှင်ကားများ

၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် DCU ရုပ်ရှင်ကားများ

ယခုနှစ်အတွင်းမှာတော့ James Gunn နဲ့ Peter Safran တို့ဟာ DC ရဲ့ Co-CEO တွေ ဖြစ်လာကြပြီး DCU ဟာလည်း ပြောင်းလဲမှုတွေများစွာ ဖြစ်လာပါတယ်။ ဒါ့အပြင် ဒါဟာအစပဲ ရှိသေးတယ်လို့ ပြောလို့ရပြီး ရှေ့နှစ်ထဲမှာ ပိုပြီးကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် James Gunn နဲ့ Peter Safran တို့ဟာ DCU ရဲ့ အနာဂတ်ကို ပိုပြီးကောင်းမွန်အောင် ဖန်တီးသွားမယ်လို့ မျှော်လင့်ရပါတယ်။ လောလောဆယ်မှာတော့ ရှေ့နှစ်မှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ DCU ရုပ်ရှင်လေးကား ရှိပါတယ်။

Shazam: Fury of the Gods

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ပထမရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David F. Sandberg ကပဲ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမရုပ်ရှင်မှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေအများစုလည်း ပြန်လည်ပါဝင်လာကြဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Atlas ရဲ့ သမီးဖြစ်သူ Hespera နဲ့ Kalypso တို့ဟာ ကမ္ဘာကြီးကို ပျက်စီးစေဖို့ ကြံစည်ကြတဲ့ အချိန်မှာတော့ Shazam Family ဟာ သူတို့ကိုတားဆီးဖို့ တာဝန်ရှိလာပါတော့တယ်။ ဒီရုပ်ရှင်ကိုတော့ မတ်လ (၁၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

The Flash

photo via screenrant

WB ကတော့ ဒီရုပ်ရှင်ထွက်လာမယ်လို့ ကြေညာခဲ့တာ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ပြီး အကြောင်းမျိူးစုံနဲ့ နှောင့်နှေးနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ The Flash ရုပ်ရှင်ဟာ ဇွန်လ (၁၆)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Flashpoint ကောမစ်ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပြီး Barry Allen ဟာ သူ့ရဲ့ငယ်ဘဝမှာ သေဆုံးသွားတဲ့ မိခင်ကို ကယ်တင်ဖို့ Timeline ကို ပြုပြင်လိုက်တဲ့အချိန်မှာ ကြုံတွေ့ရမယ့် နောက်ဆက်တွဲတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Blue Beetle

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Blue Beetle ကို မြင်တွေ့ရမှာ ဖြစ်ပြီး ပထမဆုံးလက်တင် စူပါဟီးရိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ Jaime Reyes ဆိုတဲ့ ကောင်လေးဟာ Blue Beetle ဆိုတဲ့ Symbiote တစ်ခုကြောင့် စွမ်းအားတွေ ရရှိလာတာကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးပါဘူး။ ဒီရုပ်ရှင်ကတော့ ဩဂုတ်လ (၁၈)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Aquaman and the Lost Kingdom

photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကိုတော့ သေချာမသိရသေးပေမယ့်လည်း အကြောင်းတစ်ခုခုကြောင့် Aquaman ဟာ Ocean Master နဲ့ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ မူလသရုပ်ဆောင်တွေအားလုံးလည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး Batman Cameo ကိုလည်း မြင်တွေ့ရမယ်လို့ သတင်းထွက်နေပါတယ်။ ပထမ Aquaman ရုပ်ရှင်ဟာ Box Office မှာ ဝင်ငွေ ဒေါ်လာ(၁)ဘီလျံကျော်ခဲ့တာကြောင့် ဒီရုပ်ရှင်ကိုလည်း Box Office မှာ အောင်မြင်မှုတွေ ရရှိဖို့ မျှော်မှန်းနေကြပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီဇင်ဘာလ (၂၅)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular