ဟောလိဝုဒ်က သရုပ်ဆောင်တွေဟာ တခါတလေကျရင် သူတို့ရိုက်ကူးနေကျ ရုပ်ရှင်ပုံစံတွေက ခွဲထွက်ပြီး မိသားစုနဲ့ ကြည့်ရှုလို့ သင့်တော်တဲ့ ရုပ်ရှင်အမျိုးအစားတွေကို ရိုက်ကူးလေ့ရှိပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကောင်တစ်ခုမှာ သရုပ်ဆောင်ဖို့ အကြောင်းပြချက်များစွာ ရှိတတ်ကြပြီး တချို့ကတော့ သူတို့ရဲ့ကလေးတွေကြောင့် ဇာတ်ကောင်တွေကို လက်ခံ သရုပ်ဆောင်ကြတာလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ သူတို့ကလေးတွေရဲ့ တောင်းဆိုမှုကြောင့် ဟောလိဝုဒ်သရုပ်ဆောင်တွေ ရွေးချယ်ခဲ့တဲ့ ဇာတ်ကောင်တွေအကြောင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။
(1) Ryan Reynolds (Detective Pikachu)
Ryan Reynolds ဟာ ရုပ်ရှင်တွေများစွာ ရိုက်ကူးခဲ့ပြီး သူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်အများစုဟာ Deadpool နဲ့ Hitman’s Bodyguard တို့လို R-Rated ရုပ်ရှင်တွေ ဖြစ်တာကြောင့် ကလေးတွေအတွက် ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ Ryan ဟာ ပုဂ္ဂိုလ်ရေးဘဝမှာတော့ Blake Lively နဲ့ လက်ထပ်ထားပြီး ကလေးသုံးယောက် ရရှိထားပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ကလေးတွေကို သူရိုက်ထားတဲ့ ဇာတ်ကားတွေ ကြည့်ရှုစေချင်တာကြောင့် Detective Pikachu ထဲမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
(2) Viggo Mortensen (Lord of the Rings)
Viggo ဟာ Lord of the Rings Trilogy ထဲမှာ Aragorn နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မူလကတော့ သူဟာ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ လုံးဝစိတ်မကူးထားပါဘူး။ ဒါ့အပြင် သူဟာ ဒီရုပ်ရှင်ကို ရိုက်ကူးမယ့် နောက်ဆုံးအချိန်မှ သရုပ်ဆောင်ဖို့ သဘောတူခဲ့တာလို့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ Viggo ဟာ Lord of the Rings စာအုပ်တွေကို လုံးဝ မဖတ်ဖူးပေမယ့်လည်း သူ့ရဲ့သားဖြစ်သူကတော့ ဒီစာအုပ်တွေရဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Viggo ရဲ့သားဟာ သူ့ကို ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ နားချခဲ့တာ ဖြစ်ပါတယ်။
(3) Michael Sheen (Twilight)
Michael Sheen ကတော့ Twilight ဇာတ်လမ်းထဲမှာ Aro ဆိုတဲ့ ဗီလိန်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အစတုန်းကတော့ သူဟာ ဒီဇာတ်လမ်းနဲ့ မရင်းနှီးပေမယ့် သူ့ရဲ့သမီးလေးကတော့ ဒီဝတ္ထုရဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ Michael ဟာ ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရကြောင်း သမီးဖြစ်သူကို ပြောပြလိုက်တဲ့အချိန်မှာတော့ သူ့သမီးလေးဟာ အလွန်ပျော်ရွှင်သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Michael ဟာ သူ့သမီးလေးကို ပျော်ရွှင်စေချင်တာကြောင့် ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ Michael ဟာ ရုပ်ရှင်မရိုက်ခင် ဒီဝတ္ထုကို ဖတ်ရှုရင်းနဲ့ သူကိုယ်တိုင်ပါ ဒီဇာတ်လမ်းရဲ့ ပရိသတ် ဖြစ်သွားပါတော့တယ်။
(4) Julianne Moore (Hunger Games)
နာမည်ကျော် မင်းသမီး Julianne Moore ကိုလည်း Hunger Games Franchise ထဲမှာ ပါဝင်ဖို့ သူမရဲ့ကလေးတွေက တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူ Caleb ဟာ Hunger Games ဝတ္ထုရဲ့ ပရိသတ်ဖြစ်ပြီး သူမရဲ့သမီးဖြစ်သူ Liv ကတော့ ဒီဝတ္ထုကို ဖတ်ကြည့်ဖို့ သူမကို တိုက်တွန်းခဲ့ပါတယ်။ Julianne ဟာ ဒီဝတ္ထုကို ဖတ်ရှုပြီးနောက်မှာတော့ ကိုယ်တိုင် ကြိုက်နှစ်သက်သွားပြီး President Coin အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
(5) Jamie Foxx (The Amazing Spider-Man 2)
Jamie Foxx ရဲ့ သမီးဖြစ်သူကတော့ Spider-Man ရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Jamie ဟာ The Amazing Spider-Man 2 ထဲမှာ ပါဝင်ခွင့်ရလာတဲ့အချိန်မှာ အခွင့်အရေးကို လက်လွှတ်မခံခဲ့ပါဘူး။ သူဟာ Electro ဆိုတဲ့ ဗီလိန်နေရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်နေစဉ် ကာလမှာတော့ Spider-Man နဲ့ တိုက်ခိုက်ရတော့မယ်ဆိုပြီး သူ့ရဲ့သမီးကို ရိုက်ကွင်းပေါ်တောင် ခေါ်သွားခဲ့ပါသေးတယ်။
(6) Kate Winslet (Divergent)
တခါတရံကျရင် သရုပ်ဆောင်တွေဟာ သူတို့ရဲ့ကလေးတွေအမြင်မှာ “မိုက်လိုက်တာ” ဆိုပြီး ဖြစ်သွားဖို့အတွက်လည်း ရုပ်ရှင်တွေမှာ ပါဝင်လေ့ရှိပါတယ်။ Kate ကလည်း Titanic ကလွဲရင် လူငယ်တွေကြားမှာ အလွန်ခေတ်စားနေတဲ့ Franchise တွေမှာ သိပ်မပါဝင်ဖူးပါဘူး။ ခေတ်စားနေတဲ့ ဝတ္ထုဇာတ်လမ်းကနေ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးတာဟာ လူငယ်တွေကြားမှာတော့ ရေပန်းစားပါတယ်။ ဒါ့အပြင် သူမရဲ့ကလေးနှစ်ယောက်လုံးက ဒီဇာတ်လမ်းကို ကြိုက်နှစ်သက်တာကြောင့် Kate ဟာ ဒီ Franchise ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
(7) Garry Oldman (Harry Potter)
Garry Oldman ဟာ Harry Potter Franchise ထဲမှာ မပါဝင်ခင်ကတည်းက နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ခဲ့သူ ဖြစ်ပေမယ့်လည်း သူ့ရဲ့ကလေးတွေကတော့ အဲဒီရုပ်ရှင်တွေကို စိတ်မဝင်စားကြပါဘူး။ ဒါကြောင့်ပဲ သူဟာ Kate Winslet လိုပဲ သူ့ကလေးတွေရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် Harry Potter ထဲမှာ Sirius Black ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
(8) Cate Blanchett (Thor: Ragnarok)
နာမည်ကျော်မင်းသမီး Cate Blanchett ဟာ MCU လို စူပါဟီးရိုး ဇာတ်ကားတွေနဲ့ ရင်းနှီးသူတစ်ယောက် မဟုတ်ပါဘူး။ သူမဟာ Thor: Ragnarok ထဲမှာ Hela အဖြစ် ပါဝင်ခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ သူမရဲ့ကလေးတွေက MCU ရုပ်ရှင်တွေရဲ့ အမာခံပရိသတ်တွေ ဖြစ်တာကြောင့်ပါပဲ။ Cate အတွက် ဒီဇာတ်ကောင်နေရာမှာ ပါဝင်ပြီး ဒါရိုက်တာ Taika Waititi ၊ Chris Hemsworth တို့နဲ့ အလုပ်အတူ တွဲလုပ်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ဒီဇာတ်ကောင်ကြောင့်ပဲ သူမရဲ့ကလေးတွေနဲ့ ပိုပြီးတော့ နီးစပ်မှုတွေ ရှိလာတယ်လို့ ပြောပြဖူးပါတယ်။
ဒါကတော့ သားသမီးတွေကြောင့် နာမည်ကြီးဇာတ်ကောင်တချို့ကို လက်ခံရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ စိတ်ထဲပေါ်လာတဲ့ အလားတူ အကြောင်းအရာမျိုးတွေ ရှိရင်လည်း မျှဝေခဲ့ပါဦး။
Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)