HomeCelebs Update NewsInternationalဇာတ်ကောင်စရိုက် ပီပြင်ဖို့ အလှပျက်ခံခဲ့ကြတဲ့ မင်းသမီးချောများ 

ဇာတ်ကောင်စရိုက် ပီပြင်ဖို့ အလှပျက်ခံခဲ့ကြတဲ့ မင်းသမီးချောများ 

ဟောလိဝုဒ် ရုပ်ရှင်လောကမှာတော့ သရုပ်ဆောင်ပညာ ပြည့်ဝပြီး ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်ကြတဲ့ မင်းသမီးများစွာ ရှိပါတယ်။ အလွန်တရာမှ ချောမောလှပတဲ့ ရုပ်ရည် ရူပကာကို ပိုင်ဆိုင်ထားကြပေမယ့် နုနုရွရွ၊ လှလှပပ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေမှ မဟုတ်ဘဲ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ ဇာတ်ရုပ်တွေကိုလည်း လိုလားစွာ သရုပ်ဆောင်တတ်ကြပါသေးတယ်။ သရုပ်ဆောင်ပညာကို တကယ် တန်ဖိုးထားပြီး မိမိရဲ့ အနုပညာကို တကယ် ထုတ်ပြချင်သူတွေကတော့ ရုပ်ရည်အလှအပတွေကို စိတ်မဝင်စားဘဲ ဇာတ်ရုပ်ပီပြင်ဖို့ကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဇာတ်ရုပ်တစ်ခုအတွက် အလှပျက်ခံပြီး ပီပြင်စွာ သရုပ်ဆောင်ခဲ့ကြတဲ့ ဟောလိဝုဒ်မင်းသမီးအချို့ကတော့ …

Kate Winslet

Photo via brightside

မင်းသမီးချော Kate Winslet ဟာ မိန်းမလှဇာတ်ရုပ်တွေများစွာမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း သူမရဲ့ ရုပ်ရည်သွင်ပြင်ကို အမှုမထားဘဲ ထူးခြားတဲ့ ဇာတ်ရုပ်တစ်ခုကို ရွေးချယ်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ The Reader လို့ အမည်ရတဲ့ ဇာတ်ကားထဲမှာတော့ Kate ဟာ စာမတတ်တဲ့ ဂျာမန်အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ပြီး ပရိသတ်ရဲ့ အသည်းကို ခြွေခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သူမဟာ ငယ်ရွယ်သူအဖြစ်ရော၊ အိုမင်းသွားတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်ပါ သရုပ်ဆောင်ထားတာပါ။ ဒါကြောင့်လည်း သူမဟာ ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် အော်စကာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Natalie Portman

Photo via brightside

မင်းသမီးချော Natalie Portman ဟာ စွယ်စုံရ မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးသူပါ။ သူမဟာ V For Vendetta ရုပ်ရှင်ထဲက ဇာတ်ရုပ်အတွက် ကတုံးတုံးခဲ့သလို Goya’s Ghosts ဇာတ်ကားထဲက စပိန်နိုင်ငံရဲ့ အပြစ်ပေးမှုကို ခံစားခဲ့ရတဲ့ အမျိုးသမီးတစ်ယောက် ဇာတ်ရုပ်အတွက်ကိုလည်း ပီပြင်စွာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Cameron Diaz

Photo via brightside

Cameron Diaz ကတော့ ဟောလိဝုဒ်ရဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးချောတစ်လက် ဖြစ်ပါတယ်။ သူမရဲ့အပြုံးနဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် ရုပ်ဆိုးဆိုး၊ ပုံတုံးတုံး အမျိုးသမီးတစ်ယောက်အဖြစ် ပုံဖော်ရခက်သူ ဖြစ်ပါတယ်။ သို့သော်လည်း သူမဟာ ၁၉၉၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Being John Malkovich ဇာတ်ကားမှာတော့ ရုပ်ရည်မလှပသူအဖြစ် ပုံဖျက်ပြီး သရုပ်ဆောင်ခဲ့ပါတယ်။

အဲဒီဇာတ်ကားမှာတော့ သူမဟာ မိတ်ကပ်မလိမ်းဘဲ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှုပ်ပွ၊ ဖွာယောင်းနေတဲ့ ဆံပင်ကောက်ကောက်တွေနဲ့ ပုံတုံးတုံး အမျိုးသမီးအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့်လည်း ဒီဇာတ်ရုပ်အတွက် ရွှေကမ္ဘာလုံးဆုနဲ့ BAFTA ဆုလို ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုပေးပွဲတွေမှာ စံကာတင်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Charlize Theron

Photo via brightside

Charlize Theron ဟာလည်း သူမရဲ့ လှပပြီး ဆွဲဆောင်မှုကောင်းတဲ့ ရုပ်ရည်ကို ပေါ်လွင်စေမယ့် ဇာတ်ရုပ်များစွာမှာ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သို့သော်လည်း Monster ရုပ်ရှင်ထဲက သူမရဲ့ဇာတ်ရုပ်အတွက်ကိုတော့ ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်လေးစားတဲ့ လက်ခုပ်သံများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာတော့ Charlize ဟာ ကွင်းဆက် လူသတ်သမားနေရာက သရုပ်ဆောင်ထားတာပါ။ ပြင်ပဘဝက တကယ့် လူသတ်သမားနဲ့ တူညီအောင် အထူးမိတ်ကပ်တွေကို လိမ်းခြယ်ခဲ့ရသလို ကိုယ်အလေးချိန် (၂၂)ပေါင် တိုးလာအောင်လည်း ကြိုးစားခဲ့ရပါတယ်။ ကြိုးစားရကျိုး နပ်အောင်ပဲ ဒီဇာတ်ကားထဲက သူမရဲ့ဇာတ်ရုပ်နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု၊ Screen Actors Guild Awards နဲ့ အခြားသော ရုပ်ရှင်ထူးချွန်ဆုများစွာကို ဆွတ်ခူးခဲ့ပါတယ်။

Michelle Pfeiffer

Photo via brightside

မြန်မာပရိသတ်တွေကြားမှာ Ant-Man 2 ဇာတ်ကားထဲက Wasp လို့ လူသိများကြမယ့် မင်းသမီးကြီး Michelle Pfeiffer ကတော့ တချိန်က ဟောလိဝုဒ်ရဲ့ မိန်းမလှတစ်ယောက် ဖြစ်ပါတယ်။ ဒါရိုက်တာ Matthew Vaughn ရဲ့ Stardust ရုပ်ရှင်ထဲမှာဆိုရင် သူမဟာ ရုပ်ဆိုးအကျည်းတန်တဲ့ စုန်းမအိုကြီးနေရာက သရုပ်ဆောင်ခဲ့တာပါ။ အဲဒီနောက် စုန်းမအိုကြီးအဖြစ်ကနေ မိန်းမလှလေးအဖြစ် ပြောင်းလဲသွားတော့လည်း ပရိသတ်တွေမှာ မှင်သက်သွားကြရပါတယ်။

Anne Hathaway

Photo via brightside

Anne Hathaway ကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို အကောင်းဆုံး ပြသထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ နာမည်ကျော်ပြဇာတ်လည်း ရှိခဲ့ပြီး ပြင်သစ်တော်လှန်ရေးကြီးအကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ Les Miserable ဇာတ်ကားမှာဆိုရင်တော့ သူမဟာ Fantine ဆိုတဲ့ ဇာတ်ကောင်ကနေ သရုပ်ဆောင်ခဲ့ပါတယ်။ Fantine ဟာ ကြပ်တည်းတဲ့ တော်လှန်ရေးကာလမှာ သမီးလေးတစ်ယောက်နဲ့ အားကိုးရာမရှိ ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် အသက်ရှင်သန်ဖို့အတွက် သူမရဲ့ဆံပင်တွေကိုတောင် ရောင်းချခဲ့ရသူ ဖြစ်ပြီး နောက်ဆုံးမှာတော့ ပြည့်တန်ဆာတစ်ယောက် ဖြစ်သွားခဲ့ရပါတယ်။

Anne ဟာ ဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့အတွက် အချိန်တိုအတွင်း ကိုယ်အလေးချိန် (၂၂)ပေါင် ချခဲ့ရသလို ဇာတ်ဝင်ခန်းထဲမှာ သရုပ်ဆောင်ရင်းနဲ့ပဲ သူမရဲ့ ဆံပင်တွေကိုလည်း ဖြတ်ပစ်ခဲ့ပြီး တကယ် ကတုံးတုံးပစ်ခဲ့ရပါတယ်။ ဒီလိုသရုပ်ဆောင်မှုကြောင့်ပဲ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုနဲ့ Screen Actors Guild Awards တွေ ရရှိခဲ့ပါတယ်။

Gwyneth Paltrow

Photo via brightside

မြန်မာပရိသတ်အများစု Pepper Potts လို့ သိကြမယ့် မင်းသမီး Gwyneth Paltrow ကတော့ Shallow Hal ဆိုတဲ့ ဟာသဒရာမာ ဇာတ်ကားထဲမှာ သူမနဲ့ လုံးဝမတူညီတဲ့ ဇာတ်ရုပ်တစ်ခုနဲ့ သရုပ်ဆောင်ခဲ့ရပါတယ်။ အဆိုပါဇာတ်ကားထဲမှာတော့ သူမဟာ အဝလွန်နေတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရပြီး (၂၅)ပေါင်လေးတဲ့ အသားကပ်ဝတ်စုံကြီးကို ဝတ်ဆင်ခဲ့ရပါတယ်။ ဒါတင်မက မျက်နှာမှာလည်း အထူးမိတ်ကပ်တွေ လိမ်းခြယ်ခဲ့ရပါသေးတယ်။

Gwyneth ကတော့ တစ်ခါက ဒီဝတ်စုံကြီးဝတ်ပြီး လမ်းမပေါ်မှာ လျှောက်သွားဖူးတယ်လို့ ပြောပြဖူးပါတယ်။ အဲဒီတုန်းကဆိုရင် လူတွေဟာ သူမကို နာမည်ကျော် ဟောလိဝုဒ်မင်းသမီးတစ်လက်လို့တောင် သတိမထားမိခဲ့ကြဘဲ သူမကို မြင်တာနဲ့ ရှောင်ကွင်းသွားကြတယ်လို့ ဆိုပါတယ်။ ဒီမှာတင် Gwyneth တစ်ယောက်လည်း အဝလွန်နေသူအတွက် လူ့အသိုင်းအဝိုင်းက ဒီလိုဆက်ဆံမှုတွေအကြောင်းကို နဖူးတွေ့၊ ဒူးတွေ့ သိခဲ့ရတယ်လို့ ဆိုပါတယ်။

Lena Headey

Photo via brightside

Lena Headey ကတော့ Game of Thrones ဇာတ်လမ်းတွဲထဲက Cersei Lannister ဇာတ်ရုပ်နဲ့ အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Dredd ရုပ်ရှင်ဇာတ်ကားထဲမှာတော့ သူမဟာ သနားညှာတာမှု ကင်းမဲ့ပြီး ရက်စက်ကြမ်းတမ်းတဲ့ အမျိုးသမီး ဂိုဏ်းစတားတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ရုပ်မှာအတွက် မျက်နှာပေါ်မှာ အမာရွတ်အကြီးကြီးတွေကိုပါ အထူးမိတ်ကပ်နဲ့ ပြုလုပ်ခဲ့ရပါတယ်။ ဒါတင်မက မိန်းမတစ်ယောက်ကို အရုပ်ဆိုးစေမယ့် ကွဲအက်ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေ၊ ညစ်ထေးပျက်စီးနေတဲ့ သွားတွေကိုပါ မိတ်ကပ်နဲ့ ပြုပြင်ခဲ့ရပါသေးတယ်။

ဒါကတော့ ဇာတ်ရုပ်ပီပြင်ဖို့အတွက် အလှပျက်ခံခဲ့ကြတဲ့ နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသရုပ်ဆောင်တွေလည်း ရှိရင်လည်း ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular