HomeEntertainmentFilmAladdin Animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Aladdin Animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Aladdin Animation ကတော့ ၁၉၉၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး Disney ရဲ့ Classic Animation တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Animation ကတော့ ပရိသတ်တွေကြားမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သလို အော်စကာနှစ်ဆုတောင် ရရှိခဲ့တဲ့ Animation တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေ ရရှိခဲ့တာကြောင့်လည်း ၂၀၁၉ ခုနှစ်မှာတော့ Live Action အနေနဲ့ ရုပ်ရှင်ကား ထပ်မံဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ယခုလို အောင်မြင်ခဲ့တဲ့ Aladdin Animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ဇာတ်လမ်းထဲက ဖြတ်ထုတ်ခံခဲ့ရတဲ့ သီချင်းနဲ့ ဇာတ်ကောင်

photo via screenrant

၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်း Aladdin animation ထဲမှာတော့ Aladdin တစ်ယောက်တည်း သီဆိုခဲ့တဲ့ ဆိုလိုသီချင်းတစ်ပုဒ်ပဲ ပါဝင်ခဲ့ပါတယ်။ အဲဒီသီချင်းရဲ့အမည်ကတော့ One Jump Ahead ပဲ ဖြစ်ပါတယ်။ မူလတုန်းကတော့ Aladdin အတွက် နောက်ထပ် ဆိုလိုသီချင်းတစ်ပုဒ်ကိုလည်း ဖန်တီးထားခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးမှာတော့ အကြောင်းကြောင်းကြောင့် ဖြတ်ထုတ်ခံလိုက်ရပါတယ်။ အပယ်ခံလိုက်ရတဲ့ သီချင်းရဲ့အမည်ကတော့ Proud of Your Boy ပဲဖြစ်ပြီး Aladdin ဟာ မိခင်ဖြစ်သူနဲ့ ပျော်စရာအချိန်တွေ ရှိခဲ့တာကို ရေးစပ်ထားတာ ဖြစ်ပါတယ်။ Aladdin Animation ထဲမှာတော့ အဲဒီသီချင်းတစ်ခုတည်း မပါဝင်ခဲ့တာတင် မဟုတ်ဘဲ သူ့ရဲ့မိခင်ကိုလည်း Mention တောင် မပြုလုပ်ခဲ့ပါဘူး။

(2) Disney Prince တွေရဲ့ အလေ့အထတွေကို ဖောက်ဖျက်ခဲ့တဲ့ Aladdin

photo via screenrant

ဒီ Animation ကို စတင်ဖန်တီးခါစတုန်းကတော့ Disney စတူဒီယိုအတွက် ဒီကားဟာ တန်ဖိုးကြီးကြီးမားမား ဆုံးရှုံးသွားနိုင်တဲ့ လောင်းကစားတစ်ခု ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ Aladdin ဟာ သူ့မတိုင်ခင် ထွက်ရှိခဲ့တဲ့ Disney Animation တွေထဲက မင်းသားတွေရဲ့ အလေ့အထတွေကို ဖောက်ဖျက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

Disney ရဲ့ ခေတ်ဟောင်း Animation အများစုမှာတော့ မင်းသမီးတွေကိုသာ အဓိကပြသလေ့ရှိပြီး မင်းသားတွေကတော့ ပါဝင်ရမယ့် အခန်းကဏ္ဍ သိပ်မရှိခဲ့ပါဘူး။ Snow White and the Seven Dwarves ထဲက မင်းသားဆိုရင် နာမည်တောင် မသိခဲ့ရဘဲ Sleeping Beauty နဲ့ Cinderella ထဲက မင်းသားတွေဆိုရင်လည်း နာမည်ပေးထားပေမယ့် သူတို့ရဲ့နာမည်တွေကို မှတ်မိနေတဲ့ ပရိသတ်ဆိုတာ ခပ်ရှားရှားပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Disney ကတော့ Aladdin ထဲမှာ စကားအလွန်များပြီး အရေးကြီး အခန်းကဏ္ဍတွေ ပါဝင်တဲ့ Aladdin ကို အဓိကဇာတ်ကောင်အဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

(3) မူရင်း Aladdin ဇာတ်လမ်း

photo via screenrant

Disney က ထုတ်လုပ်ခဲ့တဲ့ Classic Animation အများစုဟာ ပုံပြင်ဒဏ္ဍာရီတွေကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ သို့သော်လည်း ပုံပြင်တွေအများစုဟာ ကလေးတွေနဲ့ သင့်တော်တဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်အနေအထားမျိုး မဟုတ်တဲ့အတွက် Disney ဟာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ သို့ပေမယ့်လည်း Aladdin ဇာတ်လမ်းကတော့ ပြုပြင်စရာ မလိုခဲ့ပါဘူး။ ဒီ Animation ကတော့ One Thousand and One Nights စာအုပ်ထဲက Aladdin and the Magic Lamp သို့မဟုတ် Aladdin’s Wonderful Lamp ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ မှော်ဆရာတစ်ယောက်ဟာ သူ့ကိုယ်သူ Aladdin ရဲ့ ဦးလေးအဖြစ် ရုပ်ဖျက်ပြီး Aladdin ကို ဂူတစ်ခုထဲ ဝင်ရောက်ပေးဖို့ နားချခဲ့ပါတယ်။ အကြောင်းကတော့ မှော်ဆရာဟာ အဲဒီဂူထဲမှာရှိတဲ့ မီးအိမ်တစ်ခုကို လိုချင်တာကြောင့် ဖြစ်ပါတယ်။ ဖြစ်ချင်တော့ Aladdin ဟာ အဲဒီဂူထဲမှာပဲ ပိတ်မိသွားပါတယ်။ အဲဒီနောက်မှာတော့ Aladdin ဟာ သူ့ရဲ့လက်ကို ပွတ်လိုက်တဲ့အချိန်မှာပဲ Genie က ထွက်ပေါ်လာပြီး သူ့ကို ဂူထဲက ထွက်လို့ရအောင် ကူညီပေးခဲ့ပါတယ်။

(4) Aladdin ဇာတ်ကောင်ဟာ Tom Cruise ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

photo via screenrant

ဒီ Animation ကိုတော့ ၁၉၈၀ ခုနှစ်နှောင်းပိုင်းနဲ့ ၁၉၉၀ ခုနှစ်အစောပိုင်းတို့မှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ မူလတုန်းကတော့ Aladdin ဇာတ်ကောင်ကို Back to the Future ထဲက သရုပ်ဆောင် Michael J. Fox ကို အခြေခံပြီး ဖန်တီးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖန်တီးမှုတွေ ပြုလုပ်နေရင်း Disney ရဲ့အကြီးအကဲဖြစ်သူ Jeffrey Katzenberg ဟာ ဒီဇာတ်ကောင်က အက်ရှင်စတားတစ်ယောက်နဲ့ ပိုပြီးဆင်တူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Top Gun နဲ့ Rain Man တို့လိုရုပ်ရှင်တွေ အောင်မြင်နေတဲ့အချိန် ဖြစ်တာကြောင့် Animator တွေဟာ Tom Cruise ကို အခြေခံပြီး Aladdin ဇာတ်ကောင်ကို ဖန်တီးခဲ့ကြပါတယ်။

(5) Animation ထဲမှာတော့ Aladdin နေရာမှာ လူနှစ်ယောက် အသံသရုပ်ဆောင်ခဲ့ပါတယ်။

photo via screenrant

ဒီ Animation ထဲက Aladdin ရဲ့အသံဟာ ဇာတ်လမ်းတလျှောက်လုံးမှာ အတူတူပဲလို့ ထင်ရပေမယ့် တကယ်တော့ လူနှစ်ယောက်က အသံသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပုံမှန်အချိန်တွေမှာတော့ Scott Weinger ဟာ Aladdin နေရာမှာ အသံသရုပ်ဆောင်ခဲ့ပေမယ့်လည်း သီချင်းဆိုတဲ့ အချိန်တွေမှာတော့ Brad Kane က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(6) Jasmine ဇာတ်ကောင်ကိုတော့ အမျိူးသမီးနှစ်ယောက်ကို အခြေခံပြီး ဖန်တီးထားပါတယ်။

photo via screenrant

Animator တွေဟာ ဇာတ်ကောင်တွေကို ဖန်တီးတဲ့အခါမှာ သူတို့နဲ့နီးစပ်သူတွေကို အခြေခံပြီး ဖန်တီးလေ့ ရှိကြပါတယ်။ ဒီကားထဲက Jasmine ဇာတ်ကောင်ကိုတော့ အမျိူးသမီးနှစ်ယောက်ကို အခြေခံပြီး ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ပထမတစ်ယောက်ကတော့ Animator Mark Henn ရဲ့ညီမပဲ ဖြစ်ပြီး သူမရဲ့ မျက်နှာသွင်ပြင်ကို အခြေခံကာ Jasmine ရဲ့သွင်ပြင်ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ အမည်မသိရတဲ့ ပရိသတ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Animator Mark Henn ကတော့ ဖလော်ရီဒါပြည်နယ်က Disney စတူဒီယိုမှာ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရုံးခန်းမှာတော့ အလွန်ကြီးမားတဲ့ ပြတင်းပေါက်တွေ ရှိပြီး Disney World ကို လာရောက်လည်ပတ်သူတွေဟာ အဲဒီပြတင်းပေါက်တွေကနေတဆင့် Animator တွေ အလုပ်လုပ်နေတာကို ကြည့်ရှုနိုင်ပါတယ်။ တစ်ရက်မှာတော့ Mark ဟာ အလုပ်လုပ်နေရင်း မော့ကြည့်လိုက်တဲ့အချိန်မှာ အလွန်ရှည်လျားတဲ့ ဆံပင်အနက်ရောင်တွေနဲ့ မိန်းကလေးတစ်ယောက်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီမှာတင် Mark ဟာ သူမကို အခြေခံပြီး Jasmine ကို ဆက်လက်ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

ဒါကတော့ Aladdin animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular