HomeCelebs Update NewsInternationalကိုယ်လုံးတီးဇာတ်ဝင်ခန်းတွေ ရိုက်ကူးရတဲ့ အခက်အခဲကို ပြောပြလာတဲ့ Alicia Vikander

ကိုယ်လုံးတီးဇာတ်ဝင်ခန်းတွေ ရိုက်ကူးရတဲ့ အခက်အခဲကို ပြောပြလာတဲ့ Alicia Vikander

မင်းသမီး Alicia Vikander ကတော့ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေမှာ အိပ်ရာခန်းအတိုင်ပင်ခံတွေ မရှိသေးခင် အချိန်တုန်းက ကိုယ်လုံးတီး ဝတ်လစ်စလစ်အခန်း‌တွေ ရိုက်ကူးရာမှာ သရုပ်ဆောင်တွေအတွက် ကာကွယ်မှု ကင်းမဲ့တာတွေ ရှိခဲ့တယ်လို့ ပြောပြလာပါတယ်။

Vikander ကတော့ မကြာသေးခင်ကပဲ အင်္ဂလန်နိုင်ငံက Tudor မင်းဆက်ခေတ် သည်းထိတ်ရင်ဖိုဇာတ်ကား Fireband မှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရပါတယ်။ သူမဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့နာမည်ကြီး ဇာတ်ကားတစ်ခုကတော့ Tomb Raider ပဲ ဖြစ်ပါတယ်။

Photo: aliciavikanderdaily/ Instagram

တကယ်တော့ Vikander ဟာ အသက်(၁၄)နှစ်အရွယ် ၂၀၀၈ ခုနှစ်မှာ စတင်ပြီး သရုပ်ဆောင်အလုပ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဆွီဒင်နိုင်ငံတွင်းက ရုပ်ရှင်အချို့နဲ့ တီဗွီဇာတ်လမ်းတွဲအချို့မှာ ဇာတ်ရန်နေရာကနေ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို စတင်ရရှိခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ex-Machina ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Danish Girl ရုပ်ရှင်ကြောင့် ပရိသတ် အခိုင်အမာ ရရှိလာပြီး အော်စကာဆုပေးပွဲမှာလည်း အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

Vikander ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Harper’s Bazaar မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ အိပ်ရာခန်းနဲ့ ဝတ်လစ်စလစ် ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရတဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ ယခုခေတ် ဟောလိဝုဒ်မှာတော့ အိပ်ရာခန်းအတိုင်ပင်ခံတွေဟာ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဝင်တွေအဖြစ် သတ်သတ်မှတ်မှတ် ပါဝင်လာကြတဲ့အပေါ် Vikander က ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ သူတို့တွေ မရှိသေးတဲ့ အချိန်တုန်းက ရုပ်ရှင်ရိုက်ကူးရေးမှာတော့ သရုပ်ဆောင်တွေအတွက် ဝတ်လစ်စလစ်အခန်းတွေဟာ စိတ်ပျက်စရာ ဖြစ်ခဲ့တဲ့အကြောင်း ပြောပြထားပါသေးတယ်။

Photo: aliciavikanderdaily/ Instagram

“ကိုယ့်စိတ်ကြိုက် အဆင်ပြေသလို လုပ်လိုက်လို့ မရတဲ့တစ်ခုတည်းသော အရာကတော့ အိပ်ရာပေါ်က အခန်းတွေပါပဲ။ အဲဒီဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့ choreography ကို တစ်ခါတည်း လေ့ကျင့်ထားပြီး အဲဒီအတိုင်း တသွေမတိမ်း လိုက်လုပ်ရတာမျိုးပါ။ အဲဒီဇာတ်ဝင်ခန်းတွေ ရိုက်ကူးရတာဟာ တကယ့်ကို အဆိုးဝါးဆုံးပါပဲ … ”

“ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ် နည်းနည်းမှ မရှိသလို ဝတ်လစ်စလစ် အခန်းတွေရော၊ ချစ်တင်းနှောတဲ့ အခန်းတွေပါ ကျွန်မ တော်တော်များများ ရိုက်ဖူးပါတယ်။ ဒါပေမယ့် တစ်ခါမှတော့ လွယ်ကူခဲ့တာ မရှိပါဘူး။ ကျွန်မရဲ့ career အစပိုင်း အချိန်လောက်တည်းက ရုပ်ရှင်လောကမှာ ဒီလိုအတိုင်ပင်ခံတွေ၊ နည်းပြတွေ ရှိခဲ့သင့်ပါတယ် … ”

“ကျွန်မအတွေ့အကြုံအရ လုံးဝ အခြေအနေမကောင်းတဲ့ အချိန်တွေ ကြုံခဲ့ရဖူးတယ်။ ကျွန်မအနေနဲ့ အကာအကွယ်မဲ့တယ်လို့ ခံစားခဲ့ရတာတွေ ရှိခဲ့တယ် … ”

Photo via IMDb

“တစ်ခေါက်တုန်းကဆိုရင် လူတိုင်းက သူ့အလုပ်နဲ့သူ ရှုပ်ယှက်ခတ်နေကြတာပေါ့။ ပြီးတော့ အဲဒီအလယ်ခေါင်တည့်တည့်မှာ ကိုယ်တုံးလုံးကြီးနဲ့ နာရီပေါင်းများစွာ တစ်ယောက်တည်း ထိုင်နေရတဲ့ သရုပ်ဆောင်တစ်ယောက် ရှိတယ်။ ဖြစ်သင့်တာက တစ်ယောက်လောက်တော့ ခြုံထည်လေး ယူလာပေးသင့်တယ်လေ။ ဒါပေမယ့်လည်း ဘယ်သူမှ လာမပေးကြဘူး။ အဲဒီဇာတ်ဝင်ခန်းကို အကုန်လုံး ရိုက်လို့ပြီးတော့မှ လာပေးတယ်။ ဒါမျိုးက မဖြစ်သင့်ဘူးလေ။ ကျွန်မကိုလည်း နည်းနည်းတော့ ဂရုစိုက်ပေးသင့်တယ်လေ … ” လို့ Vikander က သူမရဲ့ အတွေ့အကြုံကို ရင်ဖွင့်ထားပါတယ်။

Vikander ဟာ ဒီလိုကိစ္စကို ဘယ်ရုပ်ရှင်ရဲ့ ရိုက်ကူးရေးမှာ တွေ့ကြုံခဲ့ရတယ်လို့ အမည်မတပ်ထားပေမယ့် ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Weinstein ကုမ္ပဏီက နောက်ဆုံး ထုတ်လုပ်ခဲ့တဲ့ Tulip Fever ဆိုတဲ့ ဇာတ်ကားနဲ့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Netflix ရဲ့ Earthquake Bird ရုပ်ရှင်တို့မှာ ဝတ်လစ်စလစ်အခန်းတွေ သရုပ်ဆောင်ထားတာ ရှိပါတယ်။

Photo: aliciavikanderdaily/ Instagram

တကယ်တော့ အိပ်ရာခန်းအတိုင်ပင်ခံတွေ၊ နည်းပြတွေဟာ ဟောလိဝုဒ်ရဲ့ standard တစ်ခု ဖြစ်လာတာ မကြာသေးပါဘူး။ ဒါဟာ #MeToo လှုပ်ရှားမှုနဲ့ ၂၀၁၇ ခုနှစ်က ပေါ်ပေါက်လာတဲ့ Harvey Weinstein ရဲ့အရှုပ်တော်ပုံတွေ နောက်မှာမှ ရိုက်ကွင်းပေါ်က သရုပ်ဆောင်တွေရဲ့ လုံခြုံရေးအတွက် ထည့်သွင်း စဉ်းစားပေးလာကြတာ ဖြစ်ပါတယ်။ အိပ်ရာခန်းအတိုင်ပင်ခံတွေရဲ့ အလုပ်ကတော့ ဇာတ်ဝင်ခန်းကို အသက်ဝင်အောင် ဘယ်လို လှုပ်ရှားပြုမူရမယ်ဆိုတာ လေ့ကျင့် သင်ကြားပေးရတာ ဖြစ်သလို သရုပ်ဆောင်တွေ အဆင်ပြေ လုံခြုံစေဖို့အတွက် တာဝန်ယူပေးရတာ ဖြစ်ပါတယ်။

Vikander ရဲ့ အခုလို ထုတ်ဖော် ပြောကြားမှုဟာ ရုပ်ရှင်လောကအနေနဲ့ သရုပ်ဆောင်တွေအပေါ် ပိုပြီးဂရုတစိုက် ရှိသင့်ကြောင်း အသိစိတ်ဝင်စေပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှောင့်ယှက်မှုမျိုး မရှိဘူးဆိုရင်တောင် သရုပ်ဆောင်တစ်ယောက်ကို နာရီနဲ့ချီပြီး ဝတ်လစ်စလစ်အတိုင်း ပစ်ထားတာမျိုးဟာ ရုပ်ရှင်ရိုက်ကွင်းတွေမှာ ရှိသင့်တဲ့ standard နဲ့ မကိုက်ညီပါဘူး။ တကယ်တော့ streaming giant တစ်ခုဖြစ်တဲ့ Netflix ကိုယ်တိုင်တောင် Sex Education ဇာတ်လမ်းတွဲကျမှသာ ဒီလိုစံချိန်စံနှုန်းတွေနဲ့ အိပ်ရာခန်းအတိုင်ပင်ခံတွေကို စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ရှေ့အနာဂတ်မှာတော့ ဒီလိုအဖြစ်အပျက်တွေ မရှိဘဲ သရုပ်ဆောင်တွေကို ပိုပြီးတန်ဖိုးထား ကာကွယ်ပေးမယ့် ဝန်းကျင်ဟာ ပိုမိုကျယ်ပြန့်လာမယ်လို့ ခန့်မှန်းရပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular