HomeEntertainmentFilmShe-Hulk ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

She-Hulk ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

She-Hulk: Attorney At Law ဇာတ်လမ်းတွဲကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး စိတ်ဝင်စားစရာကတော့ Charlie Cox ရဲ့ Daredevil ကိုပါ ဒီဇာတ်လမ်းတွဲထဲမှာ ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ မတိုင်ခင်ကတော့ Ms. Marvel ဇာတ်လမ်းတွဲ ထွက်ရှိထားပြီး လောလောဆယ်မှာတော့ ပရိသတ်တွေ ကြည့်ရှုနိုင်မယ့် MCU ဇာတ်လမ်းအသစ်တွေ မထွက်ရှိသေးပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာမယ့် She-Hulk ဇာတ်လမ်းတွဲကို စောင့်မျှော်ရင်း ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သိထားသမျှ အချက်အလက်တွေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ လာမယ့် ဩဂုတ်လ (၁၇)ရက်နေ့မှာ Disney+ ကနေ ပြသသွားမယ်လို့ ကြေညာထားပြီး  အောက်တိုဘာလ (၁၂)ရက်နေ့မှာ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ မတိုင်ခင်မှာတော့ Animation အတိုလေးတွေ ဖြစ်တဲ့ I Am Groot ဇာတ်လမ်းတွဲကို အရင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အစတုန်းကတော့ ဒီဇာတ်လမ်းတွဲထဲမှာ အပိုင်းပေါင်း (၁၀)ပိုင်း ပါဝင်လာမယ်လို့ ကြေညာခဲ့ပြီး ဇာတ်လမ်းအစအဆုံး (၆)နာရီ ကြာမြင့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ (၁၀)ပိုင်း မဟုတ်တော့ဘဲ (၉)ပိုင်းသာ ပါဝင်ပါတော့မယ်လို့ ပြန်လည်ကြေညာထားပါတယ်။ ဒါ့အပြင် Disney+ ဇာတ်လမ်းတွဲ အများစုဟာ ပထမဆုံး ပြသတဲ့‌နေ့မှာ အပိုင်း(၁) နဲ့ (၂)ကို တပြိုင်တည်း ပြသလေ့ရှိပေမယ့်လည်း ဒီဇာတ်လမ်းတွဲကတော့ မိနစ်(၃၀) ကြာမြင့်တဲ့ အပိုင်းတစ်ပိုင်းကိုပဲ ပြသသွားမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ She-Hulk နေရာမှာတော့ Tatiana Maslany က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး Mark Ruffalo ကလည်း Smart Hulk အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Benedict Wong နဲ့ Tim Roth တို့ကလည်း Wong နဲ့ The Abomination အနေနဲ့ ပါဝင်လာမှာ ဖြစ်သလို အဓိကဗီလိန်နေရာမှာတော့ Nikki Ramos က ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ Official Synopsis မှာတော့ “သူမဟာ အသက်(၃၀)ကျော် ရှေ့နေတစ်ယောက်ရဲ့ ရှုပ်ထွေးတဲ့ Single ဘဝမှာ နေထိုင်နေပြီး အရပ်(၆)ပေ (၇)လက်မရှိတဲ့ အစိမ်းရောင် Hulk လည်း ဖြစ်နေပါတယ် …” လို့ ဖော်ပြထားပါတယ်။ She-Hulk ကတော့ ရှေ့နေတစ်ယောက် ဖြစ်တာကြောင့် မတူညီတဲ့ Marvel ဇာတ်ကောင်တွေဟာ သူမရဲ့ အမှုသည်အနေနဲ့ ပါဝင်လာနိုင်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ သူမဟာ ရေဒီယိုသတ္တိကြွနေတဲ့ Bruce Banner ရဲ့ သွေးကို သွင်းလိုက်ပြီးတဲ့နောက်မှာ She-Hulk အဖြစ် ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။ မကြာခင်က ထွက်ရှိခဲ့တဲ့ ထွေလာထဲမှာတော့ Bruce Banner ဟာ သူမကို စူပါဟီးရိုးဖြစ်လာဖို့ သင်ပေးနေတာကို မြင်တွေ့ခဲ့ရသလို She-Hulk နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးအချက်တစ်ခု ဖြစ်တဲ့ Fourth Wall ချိုးဖောက်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အခုဆိုရင် ဒီဇာတ်လမ်းတွဲကို ကြည့်ရှုရဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular