HomeCelebs Update NewsInternationalJohnny Depp ဆီက အရိုက်ခံခဲ့ရတဲ့အကြောင်း ပထမဆုံးကြားနာမှုမှာ ထွက်ဆိုလာတဲ့ Amber Heard

Johnny Depp ဆီက အရိုက်ခံခဲ့ရတဲ့အကြောင်း ပထမဆုံးကြားနာမှုမှာ ထွက်ဆိုလာတဲ့ Amber Heard

Amber Heard ကတော့ ခင်ပွန်းဟောင်းဖြစ်သူ Johnny Depp နဲ့ ရင်ဆိုင်နေရတဲ့ အမှုမှာ Johnny Depp ဆီက အရိုက်ခံခဲ့ရတဲ့အကြောင်းကို ပထမဆုံးအနေနဲ့ မျက်ရည်လည်ရွှဲ ထွက်ဆိုလာပါတယ်။ ခင်ပွန်းဖြစ်သူဆီက အရိုက်ခံခဲ့ရတဲ့ အချိန်မှာ သွေးပူနေတုန်းကတော့ စနောက်နေတယ်လို့ ထင်မိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမဘဝကို ပြောင်းလဲစေတဲ့အထိ နာကျင်မှုတွေ ဖြစ်စေခဲ့တယ်လို့ Heard က ထွက်ဆိုသွားပါတယ်။

အသက်(၃၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Amber Heard ဟာ ပြီးခဲ့တဲ့ မေလ(၄)ရက် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ ကြားနာစစ်ဆေးမှုမှာတော့ သူမရဲ့အလှည့်အဖြစ် ပထမဆုံး ထွက်ဆိုလာတာ ဖြစ်ပါတယ်။ အဆိုပါနေ့က ကြားနာမှုမှာတော့ ခင်ပွန်းဟောင်းဖြစ်သူ Johnny Depp ဆီက အရိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်ကို အသေးစိတ် ထွက်ဆိုသွားခဲ့ပါတယ်။

Photo: amberheard/ Instagram

Heard ရဲ့ ထွက်ဆိုချက်အရ သူမနဲ့ Depp ရဲ့ relationship အစောပိုင်းလောက်မှာပဲ Depp ရဲ့ကိုယ်ပေါ်က တက်တူးတစ်ခုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့မိရာက Depp ဟာ သူမရဲ့မျက်နှာကို ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မထင်မှတ်ထားတဲ့ တုံ့ပြန်မှုကို ရရှိလိုက်တာကြောင့် စစချင်းမှာ အံ့အားသင့်သွားပြီး သူမ စိတ်ထဲမှာတော့ သူမကို စနောက်နေတာလို့ ထင်မိခဲ့ကြောင်း ဆိုပါတယ်။

“ကျွန်မ အဲဒီအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့ပါဘူး။ အဲဒါကြောင့်ပဲ ကျွန်မဘဝက ပြောင်းလဲသွားခဲ့ရတာပါ …” လို့ Heard က ဆိုပါတယ်။ Heard ဟာ Depp ရဲ့လက်ပေါ်က တက်တူးတစ်ခုကို ဘာအဓိပ္ပာယ်လည်းလို့ မေးမြန်းခဲ့ပြီး Depp ကတော့ “Wino” လို့ ဖတ်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါကို ကြားလိုက်ရတော့ သူမဟာ ရယ်စရာကောင်းတယ်လို့ ထင်ပြီး ရယ်မောခဲ့မိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာပဲ Depp ဟာ ရုတ်တရက်ကြီး သူမကို ပါးဖြတ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: amberheard/ Instagram

“ကျွန်မကတော့ ရယ်နေမိတာ။ ဘာလို့လည်းဆိုတော့ စိတ်ထဲမှာထင်တာ သူလည်း ကျွန်မနဲ့အတူ လိုက်ရယ်ပြီး အခုလို ရိုက်လိုက်တာက စတာ၊ နောက်တာလို့ ပြောမယ်လို့ ထင်ခဲ့မိတာ။ ဒါပေမယ့် သူကတော့ လုံးဝမရယ်ပါဘူး။ ဒါကို တော်တော်ရယ်ရတယ်လို့ နင် ထင်နေတာလားလို့ သူက ကျွန်မကို ပြောတယ်။ ဒါကို ရယ်စရာလို့ ထင်နေတယ်ပေါ့ ကောင်မ။ နင့်ကိုယ်နင် တော်တော် ဟာသဉာဏ်ရွှင်တယ် ထင်နေတယ်ပေါ့ ကောင်မ လို့ ပြောပြီး ကျွန်မကို နောက်တစ်ခါ ပါးတစ်ချက် ထပ်ရိုက်ပါတယ် ….” လို့ Heard က တုန်ရီစွာနဲ့ ထွက်ဆိုသွားပါတယ်။

ဒီဖြစ်ရပ်ဟာ လုံးဝ မမျှော်လင့်ထားတဲ့ ဖြစ်ရပ် ဖြစ်တာကြောင့် ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ မသိခဲ့ကြောင်းနဲ့ တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေခဲ့တယ်လို့ ဆိုပါတယ်။

Photo: amberheard/ Instagram

“ကျွန်မ မိန်းမတစ်ယောက်အနေနဲ့ အဲဒီလိုမျိုး တစ်ခါမှ အရိုက်မခံရဖူးပါဘူး။ ကျွန်မဟာ အရွယ်ရောက်ပြီးသူ တစ်ယောက်ပါ။ ပြီးတော့ ကျွန်မချစ်ရတဲ့ ယောက်ျားတစ်ယောက်အရှေ့မှာ ထိုင်နေတာလေ။ အဲဒီမှာ သူက ကျွန်မကို ပါးရိုက်တယ်။ ပြီးတော့ ဘာအကြောင်းနဲ့ အဲဒီလိုအရိုက်ခံရမှန်းလည်း ကျွန်မ မသိပါဘူး။ တခြားဘာလုပ်ရမှန်း၊ ဘာပြောရမှန်းလည်း မသိခဲ့ပါဘူး။ အဲဒီတော့ သူ့ကို ကျွန်မ ငေးပြီးတော့ ကြည့်နေခဲ့ပါတယ်။ ကျွန်မ သူ့ကို ဘာမှမပြောခဲ့ပါဘူး။ ဘာမှပြန်ပြီး မတုံ့ပြန်ခဲ့ပါဘူး။ ကျွန်မ ထိုင်နေရာကနေ ရွေ့လည်း မရွေ့လျားနိုင်ခဲ့သလို ထိတ်လန့်တကြားလည်း ဖြစ်မသွားခဲ့ပါဘူး။ ပြီးတော့ ကျွန်မ သူ့ကိုလည်း ပြန်မခုခံခဲ့ပါဘူး …” လို့ Heard က ထွက်ဆိုသွားပါတယ်။

အဲဒီနောက်မှာတော့ Heard ဟာ သူမ ခံစားခဲ့ရတဲ့ အံ့ဩတုန်လှုပ်မှုနဲ့ စိတ်ခံစားချက်တွေကို ဆက်လက် ထွက်ဆိုနေရင်း စိတ်မထိန်းနိုင်ဖြစ်ကာ ငိုချခဲ့ပါတယ်။

Photo: amberheard/ Instagram

“ကျွန်မ ငတုံး မဟုတ်ပါဘူး။ သူ့ကို ထားခဲ့ရတော့မယ်မှန်း သိပါတယ်။ ဒါပေမယ့် အဲဒါကပဲ ကျွန်မအသည်းကို ကွဲကြေစေတာပါပဲ။ ဘာလို့လည်းဆိုတော့ သူ့ကို ကျွန်မ မထားခဲ့ချင်ပါဘူး။ ကျွန်မ အဲဒီနေ့က ကိုယ့်အတွက်ကိုယ် ရပ်တည်ခဲ့ပြီး အဲဒီအိမ်က ထွက်လာခဲ့ပြီးတော့ သူနဲ့ကျွန်မကြားမှာ စည်းတစ်ခု ခြားထားခဲ့လိုက်တယ်လို့ အခုချိန်မှာ ပြန်ပြောချင်မိပါတယ် …” လို့ ဆိုပါတယ်။

အဲဒီဖြစ်ရပ်အပြီး Heard ဟာ မတ်တပ်ထရပ်လိုက်ချိန်မှာတော့ Depp ဟာ စတင်ငိုကြွေးခဲ့ပြီး သူ့ကိုခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း Heard ဟာ သူ့ကို ဒီအတိုင်း ခွင့်လွှတ်မပေးနိုင်တာကြောင့် အိမ်က ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်အကြောင်းကို Heard ဟာ သူမရဲ့ therapist ကိုလည်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရက်အနည်းငယ် အကြာမှာတော့ Depp ဟာ သူတောင်းပန်တဲ့အကြောင်း မက်ဆေ့ချ်နဲ့ ပို့ခဲ့တယ်လို့ သိရပြီး နောက်ပိုင်းမှာတော့ သူတို့ လူချင်းပြန်တွေ့ပြီး စကားပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက် တွေ့ပြီး စကားပြောကြတဲ့အချိန်မှာတော့ Depp ဟာ အဲဒီလို အဖြစ်အပျက်မျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်စေရတော့ပါဘူးလို့ ကတိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular