HomeCelebs Update NewsInternationalAmber Heard နဲ့အမှုမှာ အနိုင်ရရှိသွားတဲ့ မင်းသားကြီး Johnny Depp

Amber Heard နဲ့အမှုမှာ အနိုင်ရရှိသွားတဲ့ မင်းသားကြီး Johnny Depp

မင်းသားကြီး Johnny Depp ကတော့ ဇနီးဟောင်းဖြစ်သူ Amber Heard အပေါ် စွဲဆိုထားတဲ့ အသရေဖျက်မှုနဲ့ ပတ်သက်ပြီး ဂျူရီလူကြီးမင်းတွေရဲ့ သုံးရက်ကြာ အချိန်ယူစဉ်းစားပြီးနောက်မှာ Depp ဟာ ဒီအမှုကနေ အနိုင်ရရှိသွားတယ်လို့ စီရင်ချက်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီအမှုမှာ မင်းသားကြီး Johnny Depp က အနိုင်ရရှိသွားတဲ့အကြောင်းကိုတော့ ဇွန်လ(၁)ရက်နေ့မှာ ဂျူရီလူကြီးမင်းတွေက ဆုံးဖြတ်ပြီး အမိန့်ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ မင်းသားကြီးကတော့ လျော်ကြေး ဒေါ်လာ(၁၀)သန်းအပြင် ဒဏ်ကြေး ဒေါ်လာ(၅)သန်းကိုပါ ရရှိမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ Amber Heard ကတော့ Depp ရဲ့ရှေ့နေဟောင်း Adam Waldman ရဲ့ထွက်ဆိုချက်ကြောင့် ဂုဏ်သိက္ခာထိခိုက်ရကြောင်း ထင်ရှားတဲ့အတွက် ‌ဒေါ်လာ(၂)သန်း လျော်ကြေးငွေ ရရှိမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။

Photo: itsjohnnydepp/ Instagram

Depp ကတော့ စီရင်ချက် မချမှတ်ခင်မှာပဲ ယူကေနိုင်ငံကို ရောက်နေတာဖြစ်ပြီး rock legend တစ်ဦးဖြစ်တဲ့ Jeff Beck ရဲ့ရှိုးမှာ ဧည့်သည်အဖြစ် ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ဒါ့အပြင် မင်းသားကြီးဟာ ယူကေနိုင်ငံမှာ ပြုလုပ်တဲ့ အခြားသော ဖျော်ဖြေပွဲ သုံးခုမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ Depp ရဲ့ချစ်သူဟောင်းတစ်ယောက် ဖြစ်ပြီး ယခုအမှုမှာ တရားရုံးအတွက် သက်သေထွက်ဆိုပေးခဲ့တဲ့ နာမည်ကျော်မော်ဒယ်လ် Kate Moss ဟာလည်း အဆိုပါဖျော်ဖြေပွဲတစ်ခုကို တက်ရောက်ခဲ့သေးတယ်လို့ သိရပါတယ်။

ရက်သတ္တပတ် ငါးပတ်ကြာ တရားရုံးမှာ ကြားနာစစ်ဆေးပြီးနောက်မှာတော့ Johnny Depp နဲ့ Amber Heard တို့ရဲ့ တရားစွဲဆိုမှုဟာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ဘက်စလုံးဟာ တစ်ယောက်ကြောင့် တစ်ယောက်က နာမည်ဂုဏ်သတင်း ထိခိုက်ပျက်စီးရတယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြတာ ဖြစ်ပြီး သက်သေပေါင်းမြောက်များစွာနဲ့ အတွင်းကျကျ ဖော်ထုတ်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တရားခွင်က ကြားနာမှုစစ်ဆေးမှုတစ်ခုလုံးဟာ တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ဒီအတောအတွင်းမှာ အငြင်းပွားရမယ့် ဖြစ်ရပ်တွေလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

Photo: itsjohnnydepp/ Instagram

အမှုနိုင်သွားတာနဲ့ ပတ်သက်ပြီး မင်းသားကြီး Johnny Depp ကတော့ ဂျူရီလူကြီးမင်းတွေဟာ သူ့ရဲ့နဂိုဘဝကို ပြန်ပေးခဲ့တယ်လို့ ကျေးဇူးတင်စကား ဆိုထားပြီး အစကတည်းက ဒီအမှုကို ဘာကြောင့်လုပ်ခဲ့ရတယ်ဆိုတာကိုတော့ ဆိုရှယ်မီဒီယာမှာ ကြေညာချက်တစ်စောင်နဲ့ ပရိသတ်တွေကို ပြောထားပါတယ်။

“ဟိုးအစတည်းက ဒီအမှုကို လုပ်ရတဲ့ရည်ရွယ်ချက်ဟာ ဘာတွေပဲဖြစ်လာလာ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ အမှန်တရားကို ပြောပြဖို့ကတော့ ကျွန်တော့်ရဲ့ကလေးတွေနဲ့ ကျွန်တော့်ကို တောက်လျှောက် အားပေးလာခဲ့ကြသူတွေ အားလုံးအပေါ်မှာ ကျွန်တော် အကြွေးတင်ရှိနေတဲ့အရာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် ဒါကိုလုပ်လိုက်နိုင်ပြီလို့ သိလိုက်ရတဲ့အတွက် စိတ်မှာ ငြိမ်းချမ်းသွားပါပြီ။ အကောင်းဆုံးဆိုတဲ့အရာတွေ လာဦးမှာပါ။ ဘဝစာမျက်နှာအသစ်က အခုမှ စတင်မှာ ဖြစ်ပါတယ်။ အမှန်တရားဟာ ဘယ်တော့မှ မသေဆုံးပါဘူး …” လို့ မင်းသားကြီး ပြောထားပါတယ်။

Photo: amberheard/ Instagram

Amber Heard ကတော့ ဂျူရီလူကြီးမင်းတွေအနေနဲ့ Johnny Depp ဘက်က ရပ်တည်လိုက်ကြတဲ့အတွက် ဖော်မပြနိုင်အောင် စိတ်ပျက်ဝမ်းနည်းမိကြောင်း ဆိုထားပါတယ်။ ဒီအကြောင်းကိုတော့ မင်းသမီးဟာလည်း သူမရဲ့ တွစ်တာစာမျက်နှာမှာ ကြေညာချက်အနေနဲ့ ပြောကြားထားတာ ဖြစ်ပါတယ်။

“ဒီကနေ့ ကျွန်မခံစားလိုက်ရတဲ့ စိတ်ပျက်ဝမ်းနည်းမှုကတော့ စကားလုံးနဲ့ ဖော်ပြစရာတောင် မရှိပါဘူး။ သက်သေ အထောက်အထားတွေ တောင်လိုပုံနေတာတောင် ကျွန်မခင်ပွန်းဟောင်းရဲ့ လှည့်ဖြားမှုနဲ့ ပါဝါတွေအောက်မှာ ပြားပြားဝပ်သွားရတဲ့အတွက် ရင်ကွဲရပါတယ်။ ပြီးတော့ ဒီစီရင်ချက်ဟာ တခြားအမျိုးသမီးတွေအတွက် ဘယ်လိုအဓိပ္ပာယ် သက်ရောက်မလည်းဆိုတာ တွေးမိရင် ပိုပြီးစိတ်ပျက်ရပါတယ် …”

“ကိုယ့်အဖြစ်အပျက်ကို ထုတ်ပြောရဲတဲ့၊ လူထုရှေ့မှာ ထုတ်ဖော်ရဲတဲ့ အမျိုးသမီးတစ်ယောက်ဟာ နောက်ဆုံးမှာ အလှောင်ပြောင်ခံရဖို့နဲ့ အရှက်ကွဲရဖို့ပဲ ရှိသလို ဖြစ်နေပါတယ်။ ဒီအမှုမှာ ရှုံးနိမ့်ရလို့ ဝမ်းနည်းပါတယ်။ ပိုပြီးဝမ်းနည်းရတာကတော့ အမေရိကန်တစ်ယောက်အနေနဲ့ လွတ်လပ်ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုနိုင်ခွင့်ကို ဆုံးရှုံးလိုက်ရလို့ပါပဲ …” လို့ Amber Heard က ပြောထားပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular