HomeCelebs Update NewsInternational၂၀၂၂ ခုနှစ် အော်စကာဆုပေးပွဲမှာ နာမည်ကျော်တွေကို ပယ်ပယ်နယ်နယ် roast ခဲ့တဲ့ Amy Schumer

၂၀၂၂ ခုနှစ် အော်စကာဆုပေးပွဲမှာ နာမည်ကျော်တွေကို ပယ်ပယ်နယ်နယ် roast ခဲ့တဲ့ Amy Schumer

၂၀၂၂ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာတော့ အထင်ကရဖြစ်ရပ်တွေများစွာ ဖြစ်ပျက်ခဲ့ပါတယ်။ ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲ အခမ်းအနားကိုတော့ နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Amy Schumer ၊ Regina Hall နဲ့ နာမည်ကျော် ဟာသပညာရှင် Wanda Sykes တို့က ပူးတွဲပြီး တင်ဆက်ပေးခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားတွေရဲ့ လူကြိုက်အများဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းတစ်ခုကတော့ host တွေရဲ့ ပယ်ပယ်နယ်နယ် roast ချက်တွေပါပဲ။ ယခုနှစ်မှာလည်း Amy Schumer ဟာ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို ခပ်ပြင်းပြင်းလေး roast ခဲ့ပါသေးတယ်။

Photo Credit: ABC

Amy ဟာ သူမတစ်ယောက်တည်း ပြောကြားခဲ့တဲ့ monologue မှာတော့ ခက်ခဲတဲ့ ကိုဗစ်ကာလအတွင်း ရုပ်ရှင်တွေ ဖြစ်မြောက်အောင် ရိုက်ကူးနိုင်ခဲ့ကြတဲ့ ဟောလိဝုဒ်က သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို ချီးမွမ်းခဲ့ပါတယ်။ ကပ်ရောဂါကာလအတွင်းမှာတောင် အော်စကာစံကာတင်ဝင်အောင် သရုပ်ဆောင်၊ ရိုက်ကူးနိုင်ခဲ့ကြသူတွေကို ဂုဏ်ပြုကြောင်း ပြောပြီးမှ ရုပ်ရှင်တွေအားလုံးကတော့ ကောင်းနေတာ မဟုတ်ပါဘူးလို့ ဆိုခဲ့ပါတယ်။

“အမျိုးသမီးတွေရဲ့ ဇာတ်လမ်းတွေအကြောင်း နှစ်နဲ့ချီပြီး လျစ်လျူရှုလာခဲ့တဲ့ နောက်ဆုံးမှာတော့ ကျွန်မတို့ဟာ အင်မတန် ကောင်းမွန်တဲ့ Williams ညီအစ်မတွေရဲ့ အဖေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကို ရရှိခဲ့ပါပြီ … ” လို့ Amy က ဆိုခဲ့ပါတယ်။ ဒါကတော့ မင်းသား Will Smith သရုပ်ဆောင်ထားတဲ့ King Richard ဇာတ်ကားကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ နာမည်ကြီး တင်းနစ်ကစားသမား Serena Williams နဲ့ Venus Williams တို့ရဲ့ ဖခင်ဖြစ်သူအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo Credit: ABC

အဲဒီနောက်မှာတော့ “ကျွန်မတို့ဟာ ဒီနေ့ညမှာတော့ အင်မတန်မှ ချစ်စရာကောင်းကြတဲ့ မောင်နှံစုံတွဲတွေကို ဂုဏ်ပြုပေးကြမှာ ဖြစ်ပါတယ်။ Will နဲ့ Jada ၊ Javier Bardem နဲ့ Penélope Cruz ၊ Jake နဲ့ Maggie တို့ပေါ့။ ချစ်သူတို့အတွက် ညလေးတစ်ညပါပဲ … ” လို့ ပြောခဲ့ပါတယ်။ ဒီနေရာမှာတော့ Jake Gyllenhaal နဲ့ Maggie Gyllenhaal တို့ဟာ ချစ်သူစုံတွဲတွေ မဟုတ်ဘဲ မောင်နှမအရင်းတွေ ဖြစ်ကြပါတယ်။

Photo Credit: ABC

ဆက်လက်ပြီး “တခြားဘယ်ရုပ်ရှင်တွေ စံကာတင်ဝင်ထားသေးလဲ? Don’t Look UP လည်း စံကာတင် ဝင်ထားပါသေးတယ်။ ကျွန်မအထင် The Academy အဖွဲ့ဝင်တွေဟာ review တွေကိုတော့ မကြည့်ဘူး ထင်ပါတယ် … ” လို့ ပြောသွားပါတယ်။ အဲဒါကတော့ Don’t Look Up ရုပ်ရှင်ဟာ Rotten Tomatoes ဝက်ဘ်ဆိုဒ်မှာ rating (55%)သာ ရရှိထားပြီး အော်စကာ စံကာတင်ဝင်တဲ့ ဇာတ်ကားတစ်ကားအတွက် အတော်လေး rating နည်းနေတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

တစ်ဖန် “အဲဒီကားထဲမှာ Jennifer Lawrence ကတော့ တကယ် အံ့မခန်းပါပဲ။ ဒီနှစ်တော့ သူ နည်းနည်းဝလာပါတယ် … ” လို့ Jennifer ရဲ့ ကိုယ်ဝန်လွယ်ထားရတာကို ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

ဒါတင်မက Amy ဟာ နာမည်ကျော်မင်းသား Leonardo DiCaprio ကိုလည်း ခပ်ကြမ်းကြမ်းလေး roast ခဲ့ပါသေးတယ်။ အဲဒါကတော့ “Leonardo DiCaprio ဆိုရင်လား … သူ့ကိုတော့ ဘာပြောစရာ ရှိပါ့မလဲရှင်။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအတွက် သူ အများကြီး လုပ်ပေးထားတာလေ။ သူဟာ ပိုပြီးသန့်ရှင်းတဲ့၊ စိမ်းလန်းတဲ့ ကမ္ဘာမြေကြီးကို သူ့ကောင်မလေးတွေအတွက် ထားခဲ့တာလေ။ ဘာလို့လည်းဆိုတော့ သူက အသက်ကြီးတယ်။ သူ့ကောင်မလေးတွေက သူ့ထက် ငယ်ငယ်လေးတွေ ဖြစ်နေလို့လေ … ” လို့ Amy က ပြောသွားပါတယ်။

အဲဒီနောက်မှာတော့ Amy ဟာ ဟောလိဝုဒ်ရဲ့ နာမည်ကျော် ပြဇာတ်ရေးဆရာ၊ ဒါရိုက်တာ Aaron Sorkin ဘက်ကို လှည့်သွားပါတယ်။ “Aaron Sorkin ကတော့ တကယ့် ပါရမီရှင်ပါပဲ။ တကယ်လည်း မှန်တယ်လေ။ ဟုတ်တယ်မှတ်လား။ Lucille Ball အကြောင်း ရုပ်ရှင်ရိုက်ပြီး တစ်ချက်ကလေးမှ ရယ်စရာမပါတဲ့ ကားမျိုးကို ရိုက်နိုင်တာ တကယ် တီထွင်နိုင်စွမ်း မြင့်မားပါတယ်ရှင် … ”

Photo Credit: ABC

“ရှင်သာ Aaron Sorkin ဆိုရင် တကယ့် အထင်ကရ အမျိုးသမီး ဟာသပညာရှင်အကြောင်း ရုပ်ရှင်ရိုက်ပြီး တစ်ယောက်မှ မရယ်အောင် ဘယ်လိုများ ဖန်တီးနိုင်တာပါလိမ့်နော်။ ဒါတကယ် ပြောင်မြောက်လွန်းပါတယ်။ ဘယ်လိုမျိုးလည်းဆိုတော့ Michael Jordan အကြောင်း အတ္ထုပ္ပတ္တိ ရိုက်ပြီးမှ ကစားပွဲတစ်ခုနဲ့ တစ်ခုကြားက ဘတ်စ်ကားစီးသွားတဲ့ အကြောင်းကိုပဲ ပြသလိုမျိုးပေါ့ … ” လို့ Amy က roast ခဲ့ပါတယ်။

ဒါကတော့ ယခုနှစ် အော်စကာဆုပေးပွဲမှာ Amy Schumer roast ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ သဘောကျမိတဲ့ အခြားတင်ဆက်သူတွေရဲ့ roast အလုံးတွေ ရှိရင်လည်း ပြန်လည် ဝေမျှခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular