HomeEntertainmentFilmမင်းသမီးချော Ana de Armas ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားများ

မင်းသမီးချော Ana de Armas ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားများ

Ana de Armas ကတော့ ကျူးဘားနဲ့ စပိန်ကပြား မင်းသမီးတစ်ယောက် ဖြစ်ပြီး ယခုဆိုရင်တော့ အသက်(၃၃)နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ် ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Una rosa de Francia ရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသမီးနေရာက စတင်ပါဝင်ခဲ့ပြီး သူမရဲ့ ပထမဆုံး ဟောလိဝုဒ်ရုပ်ရှင်ကတော့ Keanu Reeves နဲ့အတူ သရုပ်ဆောင်ထားတဲ့ Knock, Knock ပဲ ဖြစ်ပါတယ်။ ယခုဆိုရင်တော့ သူမဟာ Knives Out နဲ့ No Time To Die တို့လို နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားပြီး ပရိသတ်တွေများစွာ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ သူမရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Deep Water
photo via screenrant

ဒီရုပ်ရှင်ကတော့ Patricia Highsmith ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Adrian Lyne ရိုက်ကူးထားတဲ့ Erotic ၊ Thriller ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့နှစ်ယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် တခြားသူတွေနဲ့ ညအိပ်ဖို့ သဘောတူညီမှု ရယူထားပြီး အဲ့ဒီအချက်ကြောင့်ပဲ သူတို့နားမှာ သေဆုံးမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့….။

ဒီရုပ်ရှင်ကတော့ ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမှာဖြစ်ပြီး ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ အဲ့ဒီဇနီးမောင်နှံနေရာမှာတော့ Ben Affleck နဲ့ Ana de Armas တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။

(2) Blonde
photo via screenrant

ဒီရုပ်ရှင်ကတော့ နာမည်ကျော် ဂန္ထဝင်မင်းသမီးကြီး Marilyn Monroe ရဲ့ ဘဝအကြောင်းကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Marilyn Monroe နေရာမှာတော့ Ana de Armas က ပါဝင်သွားမှာ ဖြစ်ပြီး Adrien Brody ၊ Bobby Cannavale နဲ့ Julianne Nicholson တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း ယခုနှစ်အတွင်းမှာပဲ Netflix ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

(3) The Gray Man
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mark Greaney ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Chris Evans ၊ Ana de Armas နဲ့ Ryan Gosling တို့ အဓိကပါဝင်ထားပါတယ်။ Netflix ဟာ ဒီရုပ်ရှင်ကိုတော့ Franchise တစ်ခုအနေနဲ့ ဖန်တီးသွားမှာ ဖြစ်ပြီး ဘတ်ဂျက် ဒေါ်လာသန်းနှစ်ရာကျော်တောင် အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာတွေကလည်း Joe နဲ့ Anthony Russo တို့ပဲ ဖြစ်ပြီး ယခုနှစ်နွေရာသီလောက်မှာ ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

(4) Ghosted
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Ana de Armas ဟာ Chris Evans နဲ့ပဲ ထပ်မံသရုပ်ဆောင်ထားတာ ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပါဘူး။ ဇာတ်လမ်းအမျိူးအစားကတော့ အက်ရှင်စွန့်စားခန်း ဖြစ်ပြီး ဒါရိုက်တာ Dexter Fletcher က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ယခုလထဲမှာပဲ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပြီး ဘယ်အချိန်မှာ ထွက်ရှိလာမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

(5) Ballerina
photo via screenrant

ဒီရုပ်ရှင်ကတော့ John Wick Franchise ထဲက ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ မင်းသားကြီး Keanu Reeves က ထုတ်လုပ်သူအနေနဲ့ ပါဝင်သွားမှာ ဖြစ်သလို Len Wiseman က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမျိူးသမီး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဟာ သူမမိသားစုရဲ့ သေဆုံးမှုအတွက် ကလဲ့စားချေဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Ana de Armas ဟာ ဒီရုပ်ရှင်ထဲမှာ ပါဝင်ဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါကတော့ မင်းသမီးချောလေး Ana de Armas ရဲ့ အသစ်ထွက်ရှိလာမယ့် ဇာတ်ကားသစ်တွေအကြောင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ သူမရဲ့ ဇာတ်ကားဟောင်းလေးတွေ ရှိရင်လည်း ပြန်လည်ဆွေးနွေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular