HomeCelebs Update NewsInternationalFBI မှတ်တမ်းအရ ပေါ်ပေါက်လာတဲ့ Jolie နဲ့ Brad Pitt တို့ရဲ့ လေယာဉ်ပေါ်ကရန်ပွဲ

FBI မှတ်တမ်းအရ ပေါ်ပေါက်လာတဲ့ Jolie နဲ့ Brad Pitt တို့ရဲ့ လေယာဉ်ပေါ်ကရန်ပွဲ

Angelina Jolie နဲ့ Brad Pitt တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက private jet တစ်စင်းပေါ်မှာ အချင်းများ ရန်ဖြစ်ခဲ့ကြပြီး အဲဒီရန်ပွဲကို FBI က စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် FBI က အမှုပိတ်သိမ်းခဲ့ပေမယ့် အဲဒီရန်ပွဲက စစ်ဆေးချက် အသေးစိတ်ကိုတော့ FOIA လို့ အတိုကောက်ခေါ်တဲ့ Freedom of Information Act အရ FBI ဘက်က ထုတ်ပေးခဲ့ပါတယ်။ အဲဒီစာရွက်စာတမ်း အထောက်အထားတွေကိုတော့ People မဂ္ဂဇင်းက စုံစမ်းသိရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါရန်ပွဲက စစ်ဆေးချက်အသေးစိတ်ကို FBI ဆီက FOIA အဖြစ် တောင်းခံခဲ့သူကတော့ အခြားသူ မဟုတ်ဘဲ Angelina Jolie ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဒီမှတ်တမ်းကိုတော့ Jane Doe အမည်ဝှက်နဲ့ တောင်းခံခဲ့တာ ဖြစ်ပြီး ကလေးခြောက်ယောက်ရဲ့ မိဘအုပ်ထိန်းခွင့်အတွက် Brad Pitt နဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့အမှုမှာ အထောက်အထားအဖြစ် တင်သွင်းချင်တာကြောင့် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Photo: kidsandjoliepitt/ Instagram

FBI ရဲ့ အဆိုပါမှတ်တမ်းထဲမှာတော့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့က private jet ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ Jolie နဲ့ Brad Pitt တို့ရဲ့ ရန်ပွဲအကြောင်း အသေးစိတ် အချက်အလက်တွေ ပါဝင်ပါတယ်။ အဲဒီအချိန်ကတော့ သူတို့နှစ်ယောက် မကွာရှင်းခင် ရက်ပိုင်းအလို ကာလပဲ ဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ရဲ့ ကလေးသူငယ်နဲ့ မိသားစုရေးရာဌာနနဲ့ FBI တို့ဟာ အမည်မဖော်လိုသူတစ်ဦးရဲ့ သတင်းပေးမှုကြောင့် Brad Pitt ဟာ private jet ပေါ်မှာ အရက်မူးပြီး Jolie နဲ့ ကလေးတွေကို အကြမ်းဖက်ခဲ့မှု ရှိမရှိကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ Jolie ၊ Brad Pitt နဲ့ သူတို့ရဲ့ကလေးတွေဟာ ပြင်သစ်နိုင်ငံကနေ လော့စ်အိန်ဂျလိစ်က သူတို့ရဲ့နေအိမ်ကို private jet ငှားရမ်းပြီး ပြန်လာခဲ့တာ ဖြစ်ပါတယ်။

Photo: kidsandjoliepitt/ Instagram

အဲဒီအချိန်က Source တစ်ခုရဲ့ ပြောကြားချက်အရ လေယာဉ်ပေါ်မှာ Brad Pitt ဟာ နှုတ်အားဖြင့် အကြမ်းဖက်ခဲ့ပြီး ကလေးတစ်ယောက်ကိုလည်း လက်ပါခဲ့တယ်လို့ ဆိုပါတယ်။ Pitt ကတော့ အဲဒီစွပ်စွဲမှုတွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။ FBI ကတော့ Pitt ကိုလည်း ဘာအမှုမှ မတပ်ခဲ့ဘဲ အဲဒီနှစ်ရဲ့ နိုဝင်ဘာလမှာပဲ အမှုကို ပိတ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် လော့စ်အိန်ဂျလိစ်မြို့ရဲ့ ကလေးသူငယ်နဲ့ မိသားစုရေးရာဌာနကလည်း အကြမ်းဖက်ထားတဲ့ လက္ခဏာရပ်တွေ ရှာမတွေ့ဘူးလို့ ပြောခဲ့ပါသေးတယ်။

FBI ရဲ့ မှတ်တမ်းအရ Jolie ဟာ အဲဒီအချိန်တုန်းက သူမနဲ့ Pitt ကြားမှာ တင်းမာမှုတွေ ဖြစ်ပွားနေပြီး အဲဒီနေ့က လေယာဉ်ပေါ်က Pitt ရဲ့ အပြုအမူတွေဟာ သူမကို ဓားစာခံတစ်ယောက်လို ခံစားရစေတယ်လို့ ပြောထားကြောင်း သိရပါတယ်။ Pitt ဟာ သူမကို ချုပ်ပြီး တစ်ကိုယ်လုံးကို ခါရမ်းခဲ့တယ်လို့ ဆိုကာ နံရံနဲ့လည်း ပိတ်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေယာဉ်ရဲ့ မျက်နှာကြက်ကိုလည်း လက်သီးနဲ့ ထိုးခဲ့တယ်လို့ ဆိုပါတယ်။

Photo: kidsandjoliepitt/ Instagram

ကလေးတွေကတော့ သူတို့ရဲ့ရန်ပွဲကို မျက်မြင်တွေ့နေရပြီး ကလေးတစ်ယောက်ကတော့ Pitt ကို “prick” လို့ ပြောခဲ့တယ်လို့ သိရပါတယ်။ prick ဆိုတာကတော့ အထင်သေး၊ စက်ဆုပ်ဖို့ကောင်းတဲ့သူကို ပြောတာ ဖြစ်ပါတယ်။ Pitt ကတော့ သူ့ကို အဲဒီလိုပြောတဲ့အတွက် ကလေးကို တိုက်ခိုက်တော့မလို လုပ်ခဲ့တယ်လို့ Jolie က ဆိုပါတယ်။ အဲဒီမှာတင် Jolie ဟာ ကလေးတွေကို ကာကွယ်ဖို့အတွက် Pitt ရဲ့အနောက်ကနေ သူ့ရဲ့လည်ပင်းကို လက်နဲ့ချုပ်ထားခဲ့တယ်လို့ ဝန်ခံထားပါတယ်။

Jolie ကတော့ Pitt ဟာ လေယာဉ်ပေါ်ရောက်တည်းက မိစ္ဆာတစ်ယောက်လို ဖြစ်လာပြီး ဒေါသတကြီးနဲ့ အော်ဟစ်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ မိစ္ဆာတစ်ယောက်ရဲ့ အပြုအမူတွေအတိုင်း လုပ်လာပြီး သူမနဲ့ကလေးတွေကို အော်ဟစ်ကြိမ်းမောင်းနေခဲ့တယ်လို့ ပြောပါတယ်။ သူမနဲ့ ကလေးတွေကတော့ အဲဒီလေကြောင်းခရီးတစ်ခုလုံးမှာ အလွန်ထိတ်လန့် အံ့အားသင့်နေခဲ့ပြီး အဲဒီအချိန်အတောအတွင်းမှာ ကြက်သေသေကာ ဘာလုပ်ရမှန်းတောင် မသိခဲ့ဘူးလို့ Jolie က ဆိုပါတယ်။

Photo: kidsandjoliepitt/ Instagram

ဒါတင်မက လေယာဉ်ပေါ်မှာ Pitt ရဲ့သောင်းကျန်းမှုကြောင့် ဝိုင်နီတွေ စွန်းထင်းခဲ့ပြီး ဒေါ်လာနှစ်သောင်းခွဲခန့် လျော်ကြေးပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမပေါ်ကိုလည်း ဘီယာတွေနဲ့ လောင်းချသေးတယ်လို့ Jolie က ဆိုပါတယ်။ အဆိုပါမှတ်တမ်းမှာတော့ Jolie ဟာ သူမရဲ့ကျောဘက်နဲ့ တံတောင်ဆစ်တွေမှာ ပွန်းပဲ့ရှနာတွေ ဖြစ်ခဲ့တယ်လို့ သိရပြီး Pitt ရဲ့ကိုယ်ပေါ်မှာတော့ ကုတ်ရာတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

သူတို့နဲ့ နီးစပ်တဲ့အတွင်းသတင်းတစ်ခုကတော့ ဒီမှတ်တမ်းတွေဟာ အသစ်အဆန်းမဟုတ်ဘဲ Jolie နဲ့ Pitt ဆီမှာ ရှိနေခဲ့တာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။ သူတို့နှစ်ဘက်စလုံးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှုအခင်းတွေ မဖြစ်လိုကြဘူးလို့ ဆိုပါတယ်။ အဓိကကတော့ ဒါဟာ သူတို့ရဲ့ကလေးတွေအတွက် လုံးဝမကောင်းတဲ့ကိစ္စ ဖြစ်နေပြီး public မှာ ချပြလိုက်ရင်လည်း အရှက်ကွဲရုံကလွဲလို့ အခြားမရှိတာကြောင့် နှုတ်ဆိတ်နေခဲ့တယ်လို့ ဆိုပါတယ်။

Photo: kidsandjoliepitt/ Instagram

မနှစ်တုန်းက The Guardian နဲ့ အင်တာဗျူးမှာတော့ Jolie ဟာ Pitt နဲ့ မိဘအုပ်ထိန်းခွင့် လုနေရတဲ့အကြောင်းကို ရင်ဖွင့်ထားပါသေးတယ်။

“ကျွန်မက ဆုံးဖြတ်ချက်တွေကို ပေါ့ပေါ့ပါးပါးလေး ချမှတ်တတ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်မကလေးတွေကို သူတို့ရဲ့အဖေဆီကနေ ခွဲထုတ်ဖို့ဆိုတာ ကျွန်မအတွက် အချိန်အများကြီး ယူခဲ့ရပါတယ်။ ကျွန်မအနေနဲ့ ပြောပြလို့မရတာတွေ အများကြီး ရှိပါတယ်။ ဒီအတွေ့အကြုံတွေကြောင့် အရမ်းလည်း စိတ်ကြေကွဲ ခံစားရပြီး ကျွန်မမိသားစုကိုလည်း ရှေ့ဆက်နိုင်စေချင်ပါတယ် …” လို့ Jolie က ဆိုပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular