HomeEntertainmentFilmတိရိစ္ဆာန်တွေရဲ့ စိတ်ရိုင်းဝင်တိုက်ခိုက်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်(၇)ကား

တိရိစ္ဆာန်တွေရဲ့ စိတ်ရိုင်းဝင်တိုက်ခိုက်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်(၇)ကား

သာမန်အားဖြင့်တော့ တိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ကောင်းကြပါတယ်။ သို့ပေမယ့် တစ်ခါတစ်ရံမှာ စိတ်ဖောက်သွားလို့သော်လည်းကောင်း၊ အခြားအကြောင်းတစ်ခုခုကြောင့်သော်လည်းကောင်း အရိုင်းစိတ်ဝင်သွားပြီဆိုရင်တော့ အင်မတန်မှ ကြောက်ဖို့ကောင်းလာပါတယ်။ လူတွေကို အန္တရာယ်ဖြစ်သည်အထိ တိုက်ခိုက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ကိုယ်မွေးထားတဲ့အကောင်လေးတွေကဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်က တိရစ္ဆာန်တွေကဖြစ်ဖြစ် အရိုင်းစိတ်ဝင်ပြီး လူတွေကို တိုက်ခိုက်၊သတ်ဖြတ်ကြတဲ့ ဇာတ်လမ်းတွေထဲက အကောင်းဆုံးရုပ်ရှင်(၇)ကား ဖြစ်ပါတယ်။

(7) Willard (2003)
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၇၀ခုနှစ်တုန်းက ထွက်ထားတာကို ပြန်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လိုက်မှာ အိပ်ရာထဲလဲနေတဲ့ အမေတစ်ယောက်ရှိပြီးတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကလည်း အမြဲကို အလွဲတွေ လုပ်တတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့သူဌေးကလည်း တော်တော်လေးကို ဆိုးရွားလူတစ်ယောက်ပါ။ သူ့မှာ သူငယ်ချင်းဆိုလို့ ကြွက်တစ်ကောင်ပဲ ရှိပါတယ်။ အဲ့လိုနဲ့ ကြာလာတော့ သူရဲ့ကြွက်ကို သူစိတ်ကူးပေါက်ရာ မကောင်းတဲ့အလုပ်တွေကို လုပ်ခိုင်းပါတော့တယ်။

(6) Cujo (1983)
photo via screenrant

နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ၁၉၈၃ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မြို့စွန်မှာနေတဲ့ Donna ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့သားဖြစ်သူနဲ့အတူ နေအိမ်ရှိရာကို ကားနဲ့ပြန်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အရပ်မှာ ခွေးရူးရောဂါပိုးကြောင့် သောင်းကျန်းနေတဲ့ ခွေးတစ်ကောင်ကလည်း ရှိနေပါတယ်။ ဒီမှာတင် Donna တစ်ယောက် သူမနဲ့သားဖြစ်သူရဲ့ အသက်ရှင်သန်ဖို့အတွက် ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုကနေ ကိုယ့်ကိုယ်ကို ကာကွယ်ရပါတော့တယ်။

(5) Arachnophobia (1990)
photo via screenrant

Dr James Atherton ဟာ မြို့ငယ်လေး တစ်မြို့ကို ပြောင်းရွှေ့လာပြီးတဲ့နောက်မှာ မဖြေရှင်းနိုင်တဲ့ လူသေမှုတွေကို တွေ့ကြုံလာရပါတော့တယ်။ ဒီလိုနဲ့ Dr James က လိုက်လံစုံစမ်းတဲ့အခါမှာတော့ ဒီလူသေမှုတွေအားလုံးက ပင့်ကူတွေကြောင့် ဖြစ်တယ်ဆိုတာကို သိလိုက်ရပါတော့တယ်။ နဂိုတည်းက ပင့်ကူကြောက်သူတွေဆိုရင်တော့ ဒီကားကြည့်ပြီးရင် ပိုကြောက်သွားနိုင်ပါတယ်။

(4) The Grey (2011)
photo via screenrant

ဇာတ်လမ်းကတော့ လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ခဲ့ပြီး လူခြောက်ယောက်ဟာ အလာစကာပြည်နယ်ထဲကို ရောက်သွားပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့က နှင်းတောထဲမှာ မုဆိုးတစ်ယောက်နဲ့ သွားတွေ့ကြပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဗိုက်ဆာနေတဲ့ ဝံပုလွေတစ်အုပ်နဲ့ တွေ့ပြီး ‌အမဲလိုက်ခံကြရပါတော့တယ်။ လူခြောက်ယောက်လုံးဟာ သူတို့အသက်ရှင်ဖို့အတွက် မုဆိုးကိုပဲ အားကိုးရပါတော့တယ်။

(3) Rogue (2007)
photo via screenrant

ဩစတျေးလျနိုင်ငံရဲ့ လူသူမနီးတဲ့နေရာတစ်ခုမှာ ဇာတ်အိမ်ကို တည်ထားတာပါ။ ဇာတ်လမ်းကတော့ အမေရိကန် သတင်းစာဆရာတစ်ယောက်က ဩစတျေးလျနိုင်ငံကို အလုပ်ကိစ္စနဲ့ လာရာကနေ လူသားစားတဲ့ မိချောင်းတစ်ကောင်နဲ့ ထိပ်တိုက်တိုးပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆုတွေတော်တော်များများလည်း ရထားတဲ့ကား ဖြစ်တာကြောင့် ကြည့်သင့်ပါတယ်။

(2) Jaws (1975)
photo via screenrant

နိုင်ငံခြားသား ဧည့်သည်တွေလာတဲ့ Amity ဆိုတဲ့ကျွန်းမှာ မိန်းကလေးတစ်ယောက် ရေကူးနေတုန်း ငါးမန်းကိုက်ခံရပြီး သေသွားပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ရဲမှူး Martin Brody က ကမ်းခြေကို ပိတ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့တော်ဝန် Larry Vaughn က ကမ်းခြေကို ပိတ်လိုက်ရင် နိုင်ငံခြားဝင်ငွေမရတော့မှာကို ကြောက်တာကြောင့် ဆက်လက်ပြီး ဖွင့်စေခဲ့ပါတယ်။ ဒီလိုနဲ့ ငါးတွေကိုလေ့လာတဲ့ ပညာရှင် Matt Hooper နဲ့ သင်္ဘောကပ္ပတိန် Quint တို့ကလည်း ငမန်းကိုသတ်ဖို့အတွက် ရဲမှူးကို အကူအညီတောင်းခဲ့ကြပါတယ်။ လူသားတွေနဲ့ အသားစားငမန်းတစ်ကောင်ရဲ့ အားပြိုင်မှုကို တွေ့ရမှာ ဖြစ်ပါတယ်။

(1) The Birds (1963)
photo via screenrant

ဒီကားကတော့ အကောင်ကားတွေထဲမှာမှ ထူးထူးခြားခြား ငှက်တွေက တိုက်ခိုက်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Melanie လို့ခေါ်တဲ့ လူချမ်းသာ အမျိုးသမီးတစ်ယောက်ဟာ Bodega ပင်လယ်အော်မှာ ရှိတဲ့ Mitch လို့ခေါ်တဲ့ ရှေ့နေရဲ့ အိမ်ကို လိုက်သွားရာက စပါတယ်။ သူတို့နှစ်ယောက် အဲ့ဒီကို ရောက်သွားတဲ့အချိန်မှာ ထူးဆန်းစွာပဲ ငှက်တွေက လူတွေကို စတင်ပြီး တိုက်ခိုက်ကြပါတော့တယ်။ အော်စကာဆုလည်း ရထားတဲ့ဇာတ်ကား ဖြစ်တာကြောင့် ကြည့်သင့်ပါတယ်။

ဒါကတော့ တိရစ္ဆာန်တွေရဲ့ စိတ်ရိုင်းဝင် တိုက်ခိုက်၊ သတ်ဖြတ်မှုတွေကို ရိုက်ကူးထားတဲ့ နာမည်ကြီး ဇာတ်ကား(၇)ကား ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ဖူးတဲ့ ကားကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular