HomeEntertainmentFilmAvatar 2 ရဲ့ ရေအောက်ဇာတ်ဝင်ခန်းတွေဟာ အခက်ခဲဆုံးပဲဆိုတဲ့ Sam Worthington

Avatar 2 ရဲ့ ရေအောက်ဇာတ်ဝင်ခန်းတွေဟာ အခက်ခဲဆုံးပဲဆိုတဲ့ Sam Worthington

သရုပ်ဆောင် Sam Worthington ကတော့ Avatar: The Way of Water ထဲက ရေအောက်မှာ ရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေဟာ သူ့တစ်သက်တာမှာ ရိုက်ကူးဖူးသမျှ အခက်ခဲဆုံးပဲလို့ ပြောပြလာပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းတွေဟာ သူစွန့်စားဖူးသမျှ အရာတွေထဲမှာ စိန်ခေါ်မှုအကြီးမားဆုံး ဖြစ်ပြီး သေခြင်းတရားကို နီးနီးကပ်ကပ်ကြီး ခံစားရတယ်လို့လည်း Sam က ဆိုပါတယ်။

Avatar: The Way of Water ကတော့ နာမည်အတိုင်းပဲ ရေအောက်ဇာတ်ဝင်ခန်းတွေ တော်တော်များများ ပါဝင်ပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းတွေကိုတော့ VFX အထူးပြုလုပ်ချက်တွေ သုံးပြီး ရိုက်ကူးထားတာ ဖြစ်ပေမယ့် ဇာတ်ကောင်တွေရဲ့ ပီပြင်တဲ့ လှုပ်ရှားသက်ဝင်မှုတွေ ရရှိနိုင်ဖို့ သရုပ်ဆောင်တွေဟာ ရေအောက်ဇာတ်ဝင်ခန်းတွေကိုတော့ မဖြစ်မနေ ရိုက်ကူးရပါသေးတယ်။

Photo Credit: 20th Century Studios

ဒါကြောင့်ပဲ အဓိကသရုပ်ဆောင်တွေဟာ ဒီဇာတ်ကားရိုက်ကူးမှုအတွက် လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ရပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင်တော့ မင်းသမီး Kate Winslet ဟာ ရေအောက်မှာ (၇)မိနစ်ခွဲခန့် အသက်အောင့်ပြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ Tom Cruise ရဲ့ Mission: Impossible ထဲက ရေထဲမှာ အသက်အောင့်ပြီး ရိုက်ကူးခဲ့တဲ့ ကြာချိန်ကိုတောင် စံချိန်ချိုးသွားတာလည်း ဖြစ်ပါတယ်။

မင်းသမီး Kate Winslet ဟာ ရေအောက်မှာ စံချိန်ချိုးပြီး အသက်အောင့်ကာ သရုပ်ဆောင်ခဲ့ပေမယ့် တွဲဖက်သရုပ်ဆောင် ဖြစ်တဲ့ Sam Worthington ကတော့ ရေအောက်ဇာတ်ဝင်ခန်းတွေဟာ အလွန်ခက်ခဲ ပင်ပန်းတဲ့အကြောင်း ဖွင့်ဟထားပါတယ်။

“ကျွန်‌တော် လုပ်ဖူးသမျှတွေထဲမှာ အခက်ခဲဆုံးပါပဲ။ ဒီထဲမှာဆိုရင် freediving လည်း လုပ်လို့မရဘူး။ ရေအောက်က လှုပ်ရှားမှုမှန်သမျှကိုလည်း သက်ဝင်အောင် လုပ်ရသေးတယ်။ တချိန်တည်းမှာပဲ ငါတော့ သေတော့မှာပဲဆိုတဲ့ အကြောက်တရားကြီးနဲ့ စိတ်တွေလှုပ်ရှားနေတာတောင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားရပါတယ် …” လို့ Sam က ဆိုထားပါတယ်။

မူလ Avatar ရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ကြောက်ခမန်းလိလိ အောင်မြင်ခဲ့ကာ ဝင်ငွေအကောင်းဆုံး နံပါတ်(၁) ရုပ်ရှင်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပြီးနောက်မှာ sequel ဇာတ်လမ်းဖြစ်တဲ့ Avatar: The Way of Water ဆက်လက် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုလည်း ပထမဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Cameron ကပဲ ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ ပထမကားမှာ ပါဝင်ခဲ့တဲ့ Sam Worthington ၊ Zoe Saldana ၊ Sigourney Weaver နဲ့ Stephen Lang တို့ ပြန်လည် ပါဝင်လာမှာ ဖြစ်ပြီး သရုပ်ဆောင်အသစ်တွေအနေနဲ့ Kate Winslet ၊ Michelle Yeoh နဲ့ Oona Chaplin တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Avatar: The Way of Water ကတော့ လာမယ့် ဒီဇင်ဘာလ (၁၆)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular