HomeEntertainmentFilmကလေးဘဝကဇာတ်ကောင်တွေကို Horror ဇာတ်လမ်းနဲ့ မြင်တွေ့ရတော့မယ့် Universe အသစ်

ကလေးဘဝကဇာတ်ကောင်တွေကို Horror ဇာတ်လမ်းနဲ့ မြင်တွေ့ရတော့မယ့် Universe အသစ်

Winnie-the-Pooh: Blood and Honey ရဲ့ဒါရိုက်တာ Rhys Frake-Waterfield ကတော့ မူပိုင်ခွင့်မရှိတော့ဘဲ အများပိုင်ဖြစ်နေတဲ့ Bambi အပါအဝင် ကလေးဘဝ ဇာတ်လမ်းတွေထဲက အခြားဇာတ်ကောင်တွေကိုလည်း Horror ဇာတ်လမ်းအမျိူးအစားအနေနဲ့ ဆက်လက် ဖန်တီးသွားဦးမယ်လို့ ပြောလာပါတယ်။ ဆက်လက်ထွက်ရှိလာမယ့် ရုပ်ရှင်တွေကလည်း Blood and Honey နဲ့ ဆက်စပ်သွားမှာ ဖြစ်ပြီး Shared Universe အဖြစ် ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

Winnie-the-Pooh: Blood and Honey ကတော့ သာမန် Low Budget ရုပ်ရှင်တွေထက်တောင်နည်းတဲ့ ပမာဏကို အသုံးပြုထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ Budget ကတော့ ဒေါ်လာ(၁)သိန်းတောင် မရှိဘူးလို့ သိရပါတယ်။ လောလောဆယ်မှာတော့ Mexico နိုင်ငံမှာ စတင်ပြသနေပြီး Box-Office မှာ ဝင်ငွေ ဒေါ်လာ(၁)သန်းနီးပါး ရရှိနေပြီ ဖြစ်ပါတယ်။

photo via screenrant

နိုင်ငံတကာမှာတော့ ဒီရုပ်ရှင်ကို လာမယ့် ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Rhys Frake-Waterfield ကတော့ Shared Universe အကြောင်းနဲ့ ပတ်သက်ပြီး The Hollywood Reporter သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ အခုလိုပြောသွားပါတယ်။

“ကျွန်တော်တို့အိုင်ဒီယာက ဘယ်လိုလည်းဆိုတော့ ဒီကလေးကာတွန်း ဇာတ်ကောင်တွေအားလုံးဟာ ကမ္ဘာတစ်ခုတည်းမှာ ရှိနေသလိုမျိုး စိတ်ကူးလိုက်တာပေါ့။ အဲဒါမှ ကျွန်တော်တို့ crossover တွေ လုပ်လို့ရမှာလေ။ လူတွေကလည်း Bambi နဲ့ Pooh ကို တူတူတွေ့ချင်တယ်လို့ မက်ဆေ့ချ်တွေပို့ပြီး လာပြောနေကြတာဗျ။

ပြီးတော့ Disney နဲ့ မသက်ဆိုင်တဲ့ တခြားတခြားသော အိုင်ဒီယာတွေလည်း တကယ့်ကို အများကြီး ရှိနေသေးတယ်လေ။ ကလေးဘဝနဲ့ သက်ဆိုင်တဲ့ နတ်သမီးပုံပြင်အဟောင်းတွေ၊ ပါးစပ်ပြောရာဇဝင်တွေ၊ အကြောင်းအရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်ကတော့ အဲဒါတွေကို မတူညီတဲ့ တခြားသော reality တစ်ခုအဖြစ် ပြောင်းပြန်လုပ်ပြီး တည်ဆောက်ချင်တာပါ …”

photo via screenrant

ယခုခေတ်မှာတော့ Marvel Cinematic Universe နဲ့ Star Wars Universe တို့လို Shared Universe တွေဟာ Box Office မှာ အောင်မြင်မှုတွေ အလွန်ရရှိနေပြီး ပရိသတ်တွေလည်း အခိုင်အမာ ရရှိထားပါတယ်။ ဒါကြောင့်ပဲ ဒါရိုက်တာ Rhys Frake-Waterfield ကတော့ လောလောဆယ်မှာ အများပိုင်ဖြစ်နေတဲ့ ကလေးဘဝ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေကို Horror ဒီဇိုင်းနဲ့ ခေတ်သစ် Trend အတိုင်း Shared Universe ဖန်တီးချင်တာ ဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ဇာတ်ကောင်တွေကို Horror ဇာတ်ကောင်တွေအနေနဲ့ ပြန်လည်မြင်တွေ့ရမှာကတော့ တမျိူးထူးခြားနေတာကြောင့် ဒါရိုက်တာ Rhys ရဲ့ Shared Universe ကလည်း အောင်မြင်သွားဦးမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular