HomeEntertainmentFilmFan Theory အရ The Flash ထဲက အဓိကဗီလိန်ဟာ ဒုတိယ Barry Allen ဖြစ်နေနိုင်

Fan Theory အရ The Flash ထဲက အဓိကဗီလိန်ဟာ ဒုတိယ Barry Allen ဖြစ်နေနိုင်

DC FanDome ထဲမှာတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် The Flash ရုပ်ရှင်ရဲ့ ထွေလာကို ပြသသွားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီထွေလာထဲမှာ ဗီလိန် မပါဝင်လာခဲ့ပါဘူး။

သို့သော်လည်း ပရိသတ်တွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ဟာ ထွေလာထဲမှာပဲ ပါဝင်ပေမယ့် သေချာမပြသထားတာလို့ ယူဆကြပြီး ဒီထွေလာကို အကြိမ်ကြိမ် ပြန်ကြည့်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီထွေလာထဲမှာ Barry Allen နှစ်ယောက် ပါဝင်နေတာကို တွေ့ရပြီး ဒုတိယတစ်ယောက်ကတော့ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန် ဖြစ်နေတယ်လို့ ယူဆနေကြပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Ezra Miller ဟာ Barry Allen ရဲ့ ဗားရှင်းနှစ်မျိူးအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ရိုက်ကွင်းပေါ် ကဓာတ်ပုံတွေ ထွက်လာတုန်းကလည်း Ezra Miller ဟာ သူနဲ့ အတော်လေး ဆင်တူတဲ့ လူတစ်ယောက်ရဲ့ ဘေးမှာ ရပ်နေတာကို တွေ့ခဲ့ရပြီး ဒီထွေလာထဲမှာတော့ အဲ့ဒီတစ်ယောက်ဟာလည်း Barry Allen ပဲ ဖြစ်နေတာကို အတည်ပြုပေးခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ Multiverse ကို ပြသသွားမှာ ဖြစ်တာကြောင့် ဒုတိယ Barry Allen ဟာ တခြား Timeline တစ်ခုခုက Barry ဖြစ်ပါလိမ့်မယ်။ DCEU ရဲ့ အဓိက Barry Allen ကိုတော့ ဆံပင်အတိုနဲ့ မြင်တွေ့ခဲ့ရပြီး ဒုတိယမြောက် Barry Allen ကိုတော့ ဆံပင်အရှည်နဲ့ မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

ဒုတိယမြောက် Barry Allen ကတော့ သူ့ရဲ့အတိတ်က ဖြစ်ရပ်တွေကြောင့် ဗီလိန်အဖြစ် ပြောင်းလဲသွားတာ ဖြစ်နိုင်ပါတယ်။ ပရိသတ်တွေကတော့ Barry ဟာ သူ့အမေရဲ့ သေဆုံးမှုနဲ့ သူ့အဖေရဲ့ ထောင်ကျသွားမှုတွေကြောင့် တဖြည်းဖြည်းနဲ့ ဗီလိန် ဖြစ်လာတာပါလို့ ယူဆထားပါတယ်။

ဒါကြောင့်ပဲ သူဟာ အချိန်ခရီးသွားနေရင်း DCEU ရဲ့ အဓိက Flash နဲ့ တွေ့ဆုံခဲ့တာ ဖြစ်နိုင်ပါတယ်။ Out of Time ဆိုတဲ့ ကောမစ်ထဲမှာလည်း အနာဂတ်က Barry Allen ဟာ Wally West ရဲ့ သေဆုံးမှုကြောင့် ဗီလိန် ဖြစ်သွားခဲ့ဖူးပါတယ်။ ဒါ့အပြင် ထွေလာထဲက ဒုတိယမြောက် Barry Allen ဟာ Reverse-Flash ဖြစ်နေနိုင်တဲ့ အချက်ကို အရိပ်အမြွက် ပြသသွားပါသေးတယ်။

ဒီထွေလာထဲက ဇာတ်ဝင်ခန်းတွေထဲမှာတော့ ဒုတိယမြောက် Barry Allen ဟာ အဝါရောင် အဝတ်အစားတွေကို ဝတ်ဆင်ထားတာ တွေ့ရပြီး Reverse-Flash ရဲ့ ဝတ်စုံကလည်း အဝါရောင်ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ Michael Keaton ရဲ့ Batman ဝတ်စုံကို ပြုပြင်ပြောင်းလဲပြီး Flash ဝတ်စုံဖြစ်အောင် ဖန်တီးထားတာ တွေ့ခဲ့ရပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ သူဟာ အဲ့ဒီဝတ်စုံမှာ အဝါရောင် လျှပ်စီးပုံသဏ္ဍာန်ကို ဖန်တီးခဲ့ပြီး ဖိနပ်မှာလည်း အဝါရောင်လျှပ်စီးပုံစံကို ဆေးမှုတ်ထားပါတယ်။

photo via screenrant

Reverse-Flash ကတော့ Barry Allen မဟုတ်ဘဲ Eobard Thawne ဖြစ်နေတာကြောင့် အပေါ်မှာ ရေးထားတဲ့အချက်ဟာ အနည်းငယ် ထူးဆန်းသလို ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ Eobard Thawne ဟာ တခြားလူတစ်ယောက်အဖြစ် ဟန်ဆောင်ထားနိုင်တယ်ဆိုတာကို CW ရဲ့ The Flash ဇာတ်လမ်းတွဲနဲ့ ကောမစ်တွေထဲမှာ မြင်တွေ့ခဲ့တာကြောင့် သူဟာ Barry Allen အနေနဲ့ ဟန်ဆောင်ထားနိုင်ပါတယ်။

အကယ်၍ ဒီရုပ်ရှင်ထဲမှာ တတိယမြောက် Barry Allen သာ ထပ်မံပါဝင်လာဦးမယ်ဆိုရင် ဖြစ်နိုင်ချေတွေ ပြောင်းလဲသွားနိုင်ပေမယ့်လည်း ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်းဆိုရင်တော့ ဒုတိယ Barry Allen ဟာ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်အဖြစ် ပါဝင်နိုင်ချေ ရာခိုင်နှုန်းအတော်များပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular