HomeCharacterMarvel ကောမစ်ထဲက Hand-To-Hand Combat မှာ အကျွမ်းကျင်ဆုံး ဇာတ်ကောင်များ

Marvel ကောမစ်ထဲက Hand-To-Hand Combat မှာ အကျွမ်းကျင်ဆုံး ဇာတ်ကောင်များ

Marvel ကောမစ်ထဲမှာတော့ များပြားလွန်းတဲ့ ဟီးရိုးတွေနဲ့ ဗီလိန်တွေ ရှိကြပြီး အဲဒီထဲက မပြောပလောက်တဲ့ ပမာဏကိုပဲ Live Action အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Marvel ဟာ ဇာတ်ကောင်သစ်တွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးနေပေမယ့်လည်း MCU ထဲမှာ မပါဝင်သေးတဲ့ ဇာတ်ကောင်တွေများစွာ ကျန်ရှိပါသေးတယ်။

ကောမစ်ဇာတ်ကောင်တွေကို Live Action အဖြစ် ပြန်လည်ဖန်တီးထားတဲ့ MCU ဟာလည်း ဇာတ်ကောင်တွေကို ကောမစ်ထဲကလို အပြည့်အဝ မဖော်ပြထားဘဲ စွမ်းအားတွေနဲ့ လုပ်နိုင်စွမ်းတွေကို လျှော့ချထားလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီ List ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေကတော့ ကောမစ်ဗားရှင်းတွေကို ဆိုလိုတာဖြစ်ပါတယ်။

(7) Spider-Man

photo via screenrant

Spider-Man ကတော့ ဗီလိန်တွေကို တိုက်ခိုက်ဖို့အတွက် စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး အဲ့ဒီစွမ်းအားတွေထဲက သူ့အတွက် အထောက်အကူအဖြစ်ဆုံးကတော့ Spider-Sense ပဲ ဖြစ်ပါတယ်။ Spider-Sense ကတော့ သူ့အပေါ်မှာ ကျရောက်လာမယ့် အန္တရာယ်တွေကို ကြိုသိနေတာ ဖြစ်ပြီး သူ ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေဖြစ်တဲ့ သာမန်ထက် လျင်မြန်သွက်လက်မှုနဲ့ သာမန်ထက် ကြီးမားတဲ့ ခွန်အားတွေကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်နိုင်ပါတယ်။

ထူးခြားတဲ့အချက်ကတော့ သူဟာ ဒီ List ထဲက တခြားသူတွေလို တိုက်ခိုက်နည်းတွေကို ဘယ်မှာမှ မသင်ယူခဲ့ဖူးဘဲ Spider-Sense ကိုပဲ အဓိကထား အသုံးပြုတိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ Peter Parker ဟာ အချိန်တွေ ကြာလာတာနဲ့အမျှ ဗီလိန်ပေါင်းစုံနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး သူ့ရဲ့တိုက်ခိုက်နည်းတွေဟာလည်း တဖြည်းဖြည်း အဆင့်မြင့်လာပါတယ်။

(6) Taskmaster

photo via screenrant

Tony Masters တဖြစ်လည်း Taskmaster ဟာ ကြေးစားတစ်ယောက် ဖြစ်ပြီး သူ့ပြိုင်ဘက်ရဲ့ တိုက်ခိုက်နည်းမှန်သမျှကို တထေရာတည်း ပြန်လည်တုပနိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီစွမ်းအားကတော့ သူ မြင်လိုက်သမျှ လှုပ်ရှားမှုတိုင်းကို ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ၊ ပုံတူကူးယူနိုင်တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ ဒီစွမ်းအားကို တစ်ခါအသုံးပြုလိုက်တိုင်းမှာ သူ့ရဲ့မှတ်ဉာဏ် အပိုင်းအစတွေဟာ ပျောက်ဆုံးသွားပြီး နောက်ဆုံးမှာတော့ သူ့မိသားစုအပါအဝင် သူကိုယ်တိုင်က ဘယ်သူလည်း ဆိုတာကိုတောင် မေ့ပျောက်သွားတဲ့အထိပဲ ဖြစ်ပါတယ်။ Black Widow ရုပ်ရှင်ထဲက Taskmaster ကတော့ ဗားရှင်းပြောင်းထားတာ ဖြစ်ပြီး MCU ထုံးစံအတိုင်း ကောမစ်ထဲကလောက် မကြမ်းတော့ပါဘူး။

(5) Daredevil

photo via screenrant

Matt Murdock ကတော့ လူအများအမြင်မှာ မျက်စိမမြင်တဲ့ ရှေ့နေတစ်ယောက်ပဲ ဖြစ်ပေမယ့်လည်း တကယ်တော့ သူဟာ Hand-To-Hand Combat မှာ အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ လူအများစုကတော့ အမြင်အာရုံချို့ယွင်းနေတာဟာ သူ့ရဲ့အားနည်းချက်လို့ ထင်နေကြပေမယ့်လည်း တကယ်တော့ ဒါဟာ သူ့ရဲ့ အားသာချက်လို့တောင် ပြောလို့ရပါတယ်။

Matt ဟာ ကလေးဘဝတုန်းက ရေဒီယိုသတ္တိကြွပစ္စည်းတွေနဲ့ မျက်လုံးကို ထိမိသွားတာကြောင့် အမြင်အာရုံ ချို့ယွင်းသွားတာ ဖြစ်ပေမယ့်လည်း တခြားအာရုံခံစားမှုတွေကတော့ သာမန်ထက် အများကြီးကျော်လွန်သွားပါတယ်။ သူဟာ အသံလှိုင်းတွေကို အသုံးချပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သိနိုင်သလို ရန်သူရဲ့ နှလုံးခုန်သံကို နားထောင်ပြီး ဘယ်လိုမျိူး တိုက်ခိုက်မယ်ဆိုတာကိုလည်း ခန့်မှန်းနိုင်ပါတယ်။

ဒါ့အပြင် နှလုံးခုန်သံကို နားထောင်ပြီး လူတစ်ယောက်က လိမ်နေလား၊ အမှန်ပြောနေတာလား ဆိုတာကိုလည်း သိနိုင်ပါသေးတယ်။ ဒီအချက်ကိုတော့ မှုခင်းတွေကို စုံစမ်းတဲ့နေရာမှာ အသုံးပြုလေ့ ရှိပါတယ်။ ဒီအချက်တွေအပြင် သူဟာ ကိုယ်ခံပညာတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ကိုယ်ခံပညာ (၁၂)မျိူးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပါတယ်။

(4) Elektra

photo via screenrant

Elektra ကတော့ Daredevil ရဲ့ ချစ်သူ ဖြစ်သလို အလွန်ကျွမ်းကျင်တဲ့ ကြေးစားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ Daredevil ကို လေ့ကျင့်ပေးခဲ့တဲ့သူကပဲ လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ Elektra ဟာ နောက်ပိုင်းမှာတော့ သူမရဲ့ဖခင် အသတ်ခံလိုက်ရတာကြောင့် ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်လာတာပါ။ ဒါ့အပြင် နင်ဂျာ ဗီလိန်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ The Hand ထဲကိုလည်း ဝင်ရောက်ခဲ့ပြီး တချို့ကောမစ်တွေထဲမှာဆိုရင် သူမဟာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေကိုတောင် အသုံးပြုခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ ငရဲပြည်က Demon နဲ့‌တောင် ယှဉ်ချခဲ့ပါသေးတယ်။

(3) Wolverine

photo via screenrant

Wolverine ဟာ အလွန်မြန်တဲ့ Healing Factor ၊ ဖျက်ဆီးလို့ မလွယ်တဲ့ သတ္တုလက်သည်းတွေနဲ့ ရာစုနှစ်တစ်ခုကျော်လောက် တိုက်ခိုက်နည်းနဲ့ လေ့ကျင့်မှုတွေ ပေါင်းစပ်ထားသူ ဖြစ်ပါတယ်။ ဒီလိုအချက်တွေကို ပိုင်ဆိုင်ထားတဲ့ Wolverine ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ Wolverine ဟာ သူ အသက်ရှင်သန်ခဲ့တဲ့ သက်တမ်းတလျှောက်လုံးမှာ လူသားတွေ တတ်မြောက်ထားတဲ့ တိုက်ခိုက်နည်း မှန်သမျှကို ရာစုနှစ်တစ်ခုကျော် လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ဘာစွမ်းအားမှ မရှိဘဲ သာမန်လူသားတစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင် အလွန်ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေမှာပါ။

(2) Black Panther

photo via screenrant

T’Challa တဖြစ်လည်း Black Panther ဟာ ဖခင်ဖြစ်သူ T’Chaka ဆီကနေ Black Panther နေရာကို ဆက်ခံခဲ့ပေမယ့်လည်း ဒီဂုဏ်ပုဒ်ကို အလွယ်တကူ ရရှိခဲ့တာ မဟုတ်ပါဘူး။ Wakanda ကို ကာကွယ်စောင့်ရှောက်သူ Black Panther နေရာကို ဆက်ခံဖို့အတွက် T’Challa ဟာ ငယ်စဉ်ကတည်းက Wakanda ရဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ တိုက်ခိုက်နည်းတွေကို လေ့ကျင့်ခဲ့ရပါတယ်။

ဒါ့အပြင် Black Panther ဖြစ်လာဖို့အတွက် ဆေးရည်တစ်မျိူးကို သောက်သုံးရပြီး အဲဒီဆေးရည်ကြောင့် သူဟာ Super Soldier တွေလို ခွန်အားနဲ့ လျင်မြန်မှုတွေ ရရှိခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေအပြင် Black Panther ဝတ်စုံနဲ့ သူအသုံးပြုနိုင်တဲ့ လက်နက်တွေ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ Marvel ကောမစ်ထဲက လက်ချင်းယှဉ်ချတဲ့ နေရာမှာ အကြမ်းဆုံး နံပါတ် (၂)နေရာကို ရောက်ရှိလာပါတယ်။

(1) Shang-Chi

photo via screenrant

Shang-Chi ကိုတော့ Master of Kung Fu လို့ ခေါ်တွင်ကြပြီး သူဟာ Kung Fu တစ်ခုတည်း မဟုတ်ဘဲ တခြားကိုယ်ခံပညာတွေကိုလည်း တတ်မြောက်ထားပါသေးတယ်။ သူဟာ သူ့ရဲ့ Chi ကို လိုသလို ထိန်းချုပ်နိုင်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲကာ သူ့ရဲ့လက်သီးချက်တိုင်းမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ အဆုံးမရှိတဲ့အထိ ကိုယ်ပွားတွေ ဖန်တီးနိုင်ကာ သူတစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခု ဖန်တီးနိုင်ပါတယ်။ သို့သော်လည်း သူဟာ အဲဒီစွမ်းအားကိုတော့ သိပ်ပြီးအသုံးပြုလေ့ မရှိပါဘူး။ ဒါ့အပြင် လျင်မြန်မှုကို ကြည့်မယ်ဆိုရင်တော့ ကျည်ဆန်ကို ဖမ်းနိုင်တဲ့အထိ လျင်မြန်ပါတယ်။

ဒါကတော့ Marvel ကောမစ်ထဲမှာ လက်ချင်း ယှဉ်ချနိုင်တဲ့ အကြမ်းဆုံး စူပါဟီးရိုးတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဟီးရိုးတွေရဲ့ တိုက်ခိုက်မှုအကြောင်းတွေ ရှိရင်လည်း ပြန်လည်ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular