HomeEntertainmentFilmအော်စကာမှာ Best Picture ဆု ရရှိထားတဲ့ ဇာတ်ကားကောင်း(၇)ကား

အော်စကာမှာ Best Picture ဆု ရရှိထားတဲ့ ဇာတ်ကားကောင်း(၇)ကား

အော်စကာဆုပေးပွဲကတော့ ယခုအချိန်ထိ (၉၄)ကြိမ် ကျင်းပခဲ့ပြီးပြီ ဖြစ်တာကြောင့် Best Picture ဆု ရရှိထားတဲ့ ရုပ်ရှင်ကားပေါင်းကတော့ စုစုပေါင်း(၉၄)ကား ရှိပါတယ်။ Best Picture ဆုကတော့ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ကို ပေးအပ်ချီးမြှင့်တာပဲ ဖြစ်ပြီး Best Picture ရရှိထားတဲ့ ရုပ်ရှင်တွေအားလုံးကတော့ တကယ်ကောင်းမွန်တဲ့ ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ အဲဒီ(၉၄)ကားထဲကမှ အနည်းဆုံး တစ်ခါလောက်တော့ ကြည့်ဖူးထားသင့်တဲ့ ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Rocky

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နာမည်မကြီးသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ဟာ ဟဲဗီးဝိတ် ချန်ပီယံတစ်ယောက်နဲ့ လက်ဝှေ့ထိုးဖို့ အခွင့်အရေး ရလာပါတယ်။ ဒါကြောင့်ပဲ သူဟာ ရင်ဆိုင်ရမယ့်အရာကို သေချာမသိဘဲ အောင်မြင်မှုနဲ့ လူတွေဆီက လေးစားမှုကို လိုချင်တာကြောင့် အဲဒီချန်ပီယံနဲ့ လက်ဝှေ့ထိုးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sylvester Stallone ၊ Burt Young နဲ့ Talia Shire တို့ အဓိကပါဝင်ပြီး အော်စကာ(၃)ဆု ရရှိထားပါတယ်။

(6) Gone With the Wind

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၃၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Classic ရုပ်ရှင်ပဲ ဖြစ်ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလှတရားနဲ့ လှည့်စားတတ်တဲ့ ကောင်မလေးနဲ့ ကိုယ်ကျိူးရှာတတ်တဲ့ စီးပွားရေးသမားတစ်ယောက်တို့ကြားက အချစ်ဇာတ်လမ်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ် ဖြစ်နေတဲ့အချိန်မှာ ဇာတ်အိမ်တည်ထားပြီး Romance ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Vivien Leigh နဲ့ Clark Gable တို့က အဓိက ပါဝင်ထားပြီး အော်စကာ (၁၀)ဆုတောင် ရရှိထားပါတယ်။

(5) The Silence of the Lambs

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၁ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးတော့ IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ FBI အေးဂျင့်တစ်ယောက်ဟာ အမျိူးသမီးတွေကိုပဲ သတ်ဖြတ်နေတဲ့ ကွင်းဆက် လူသတ်သမားတစ်ယောက်ကို ဖမ်းမိဖို့အတွက် စိတ်ရောဂါကု ဆရာဝန်ဟောင်းတစ်ယောက် ဖြစ်တဲ့ နောက်ထပ် ကွင်းဆက်လူသတ်သမားဆီက အကူအညီ ယူရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Anthony Hopkins ၊ Jodie Foster နဲ့ Ted Levine တို့ ပါဝင်ထားပြီး အော်စကာ(၅)ဆု ရရှိထားပါတယ်။

(4) Forrest Gump

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သာမန်ထက် ဉာဏ်ရည်နိမ့်ပါးတဲ့ လူတစ်ယောက်ဟာ သမိုင်းထဲက အထင်ကရ ဖြစ်ရပ်တွေကို ဖြတ်သန်းလာရတဲ့အကြောင်း စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Robin Wright နဲ့ Gary Sinise တို့က အဓိကပါဝင်ထားပြီး အော်စကာ(၆)ဆု ရရှိထားပါတယ်။

(3) The Lord of the Ring: The Return of the King

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (9.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Frodo နဲ့ Sam တို့နှစ်ယောက်ဟာ လက်စွပ်တစ်ကွင်းကို ဖျက်ဆီးဖို့အတွက် Mount Doom ကို သွားနေရင်းနဲ့ Gollum နဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။ အစတုန်းကတော့ Gollum ဟာ သူတို့နှစ်ယောက်ကို လမ်းပြပေးနေတယ်လို့ ထင်ပေမယ့်လည်း တကယ်ကတော့ မကောင်းတဲ့ အကြံအစည် ရှိနေတဲ့ အခါမှာတော့ သူတို့နှစ်ယောက် ဘာတွေ ဆက်ဖြစ်ကြမလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Elijah Wood ၊ Andy Serkis နဲ့ Ian McKellen တို့ ပါဝင်ထားပြီး အော်စကာ (၁၁)ဆုတောင် ရရှိထားပါတယ်။

(2) The Godfather Part II

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (9.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Vito Corleone ရဲ့ သားဖြစ်သူ Michael ဟာ သူ့ဆီကို ရောက်လာနိုင်တဲ့ အန္တရာယ်တွေကို သတိမထားမိဘဲ သူတို့မိသားစုရဲ့ အင်ပါယာကို ပိုမိုချဲ့ထွင်ဖို့ ကြိုးစားရင်း တခြားဂိုဏ်းစတားတွေနဲ့ စီးပွားရေးတွေ ပြုလုပ်ရင်း ဘယ်လိုတွေ ဆက်ဖြစ်ကြမလည်းဆိုတာ မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Al Pacino ၊ Robert De Niro နဲ့ Diane Keaton တို့ အဓိက ပါဝင်ထားကာ အော်စကာ(၆)ဆု ရရှိထားပါတယ်။

(1) Schindler’s List

photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (9.0) ရရှိထားပါတယ်။ ပိုလန်နိုင်ငံက ဂျူးလူမျိုးတွေကို နာဇီတွေက ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ဖြစ်ရပ်ကို ရင်နင့်ဖွယ်ရာ ကြည့်ရှုရမယ့် ဖြစ်ရပ်မှန်ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမနီတွေက ပိုလန်နိုင်ငံကို သိမ်းပိုက်ခဲ့ပြီး ဂျူးလူမျိုးတွေကို ဖိစီးနှိပ်စက်မှုတွေ လုပ်လာကြတာကြောင့် စက်မှုလက်ငန်းရှင် Oskar Schindler က သူ့ရဲ့ ဂျူးအလုပ်သမားတွေအတွက် ကာကွယ်ပေးတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ ခေတ်အခြေအနေကို အပြည့်အဝ ခံစားနိုင်အောင် အဖြူအမည်းနဲ့ ရိုက်ပြထားတာကလည်း တစ်မျိုးခံစားလို့ကောင်းစေမယ့် ဇာတ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Liam Neeson ၊ Ralph Fiennes နဲ့ Ben Kingsley တို့ အဓိကပါဝင်ထားကာ အော်စကာ(၇)ဆု ရရှိထားပါတယ်။

ဒါကတော့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု ရရှိထားတဲ့ နာမည်ကျော် ဇာတ်ကား(၇)ကား ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ အခြားဇာတ်ကားတွေရှိရင်လည်း ကောမန့်မှာ ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular