HomeEntertainmentFilmBig Hero 6 Animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Big Hero 6 Animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Big Hero 6 Animation ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဒီ Animation ကိုတော့ Disney က ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Marvel ကောမစ်ကိုလည်း တစိတ်တပိုင်း အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Big Hero 6 ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇာတ်ကောင်တွေရဲ့အမည်ပဲ တူညီမှုရှိပြီး တခြားအချက်တွေကတော့ ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Big Hero 6 ပရိသတ်တွေအတွက် ဒီ Animation နောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) San Fransokyo မြို့ ဖြစ်ပေါ်လာခြင်း

photo via screenrant

ဒီ Animation ကတော့ အနာဂတ်ကာလတစ်ခုမှာရှိတဲ့ San Fransokyo ဆိုတဲ့မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့ကတော့ San Francisco မြို့နဲ့ Tokyo မြို့ကို ပေါင်းစပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Animator တွေကတော့ ဒီမြို့ရဲ့ Visual ကိုဖန်တီးဖို့အတွက် San Francisco နဲ့ Tokyo မြို့တွေဆီကိုတောင် လေ့လာရေးခရီး ထွက်ခဲ့ကြပါသေးတယ်။

(2) Baymax ကို ဘယ်လိုဖန်တီးခဲ့ကြသလဲ?

photo via screenrant

Animator တွေကတော့ Baymax ရဲ့ပုံသဏ္ဍာန်ကို ဖန်တီးဖို့အတွက် ဂျပန်ခေါင်းလောင်းနဲ့ လျှပ်စစ်ထမင်းပေါင်းအိုးတို့ကို အခြေခံပြီး အိုင်ဒီယာရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Baymax ရဲ့ပုံသဏ္ဍာန်ကို ဖန်တီးပြီးတဲ့ နောက်မှာတော့ ဒီဇာတ်ကောင်ရဲ့ လှုပ်ရှားမှုပုံစံကိုလည်း ထပ်မံစဉ်းစားရပါသေးတယ်။ အဲဒီအချိန်မှာတော့ Animator တွေဟာ ဒီဇာတ်ကောင်ရဲ့ လှုပ်ရှားမှုပုံစံကို ပင်ဂွင်းတွေရဲ့ လှုပ်ရှားပုံကို အခြေခံပြီး ဆက်လက်ဖန်တီးခဲ့ကြပါတယ်။ ဒါတင်မကသေးဘဲ Soft Robotic နည်းပညာကိုလည်း လေ့လာခဲ့ရပါသေးတယ်။

(3) Disney ရဲ့ ဇာတ်ကောင်အများဆုံး Animation တစ်ခုလည်း ဖြစ်ပါတယ်။

photo via screenrant

ဒီ Animation ထဲမှာ‌တော့ အဓိကဇာတ်ကောင်(၁၅)ယောက် ပါဝင်ပြီး ဇာတ်ကောင်ပေါင်း အနည်းဆုံး(၇၀၀)လောက် ပါဝင်ထားပါတယ်။ ဒါကြောင့်ပဲ ဒီ Animation ဟာ Disney ရဲ့ ဇာတ်ကောင်အများဆုံး Animation တစ်ခု ဖြစ်လာခဲ့ပါတယ်။ Animator ပေါင်း (၈၅)ယောက်ဟာ ဒီ Animation ဖြစ်ပေါ်လာဖို့အတွက် ဝိုင်းဝန်းဖန်တီးခဲ့ကြရပါတယ်။

(4) Disney ဟာ ဒီ Animation ကို လေးငါးနှစ်လောက် အချိန်ပေးပြီး ဖန်တီးခဲ့ရပါတယ်။

photo via screenrant

Disney ဟာ Animation လောကမှာလည်း အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ စတူဒီယိုတစ်ခု ဖြစ်တာနဲ့အညီ Animation တိုင်းကို သေချာအချိန်ယူ ဖန်တီးလေ့ရှိပါတယ်။ ဒီ Animation ဖြစ်လာဖို့အတွက်တော့ လေးငါးနှစ်လောက် အချိန်ယူခဲ့ရပြီး အချိန်အများစုကိုတော့ ဇာတ်လမ်းဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။ ဇာတ်လမ်း ဖန်တီးဖို့အတွက်တော့ အဖွဲ့လိုက် စဉ်းစားခဲ့ရတာဖြစ်ပြီး ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာတွေနဲ့ Storyboarding Team တို့ ပါဝင်ပါတယ်။

(5) Disney ရဲ့ အက်ရှင်ခန်း အများဆုံး Animation တစ်ခု ဖြစ်ပါတယ်။

photo via screenrant

Disney ဟာ ၁၉၃၀ ကျော်ကတည်းက Snow White လိုမျိူး နာမည်ကြီး Animation တွေကို ဖန်တီးခဲ့ပြီး ယခုအချိန်ထိ Disney Princess အသစ်တွေ ထပ်မံထွက်ရှိနေဆဲပဲ ဖြစ်ပါတယ်။ Animation လောကမှာတော့ Disney ဟာ ဒရာမာနဲ့ ဟာသဇာတ်လမ်း အမျိူးအစားတွေကို အဓိက ဖန်တီးလေ့ရှိပေမယ့်လည်း Big Hero 6 ကတော့ ထူးထူးခြားခြားပဲ စူပါဟီးရိုးတွေအကြောင်းကို ဖန်တီးထားတဲ့ Animation ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီ Animation ထဲမှာတော့ Disney ရဲ့ သာမန် Animation တွေထက် အက်ရှင်ခန်းတွေ ပိုမိုပါဝင်နေပါတယ်။

ဒါကတော့ Big Hero 6 animation ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်တချို့ပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular