HomeCelebs Update NewsInternationalThe Flash Season 2 မှာတင် ရှိုးကထွက်ခွာချင်ခဲ့တယ်ဆိုတဲ့ Candice Patton

The Flash Season 2 မှာတင် ရှိုးကထွက်ခွာချင်ခဲ့တယ်ဆိုတဲ့ Candice Patton

The Flash ဇာတ်လမ်းတွဲသရုပ်ဆောင် Candice Patton ဟာ ရှိုးရဲ့ အစပိုင်း season တွေမှာတုန်းက သူမဟာ ဆိုရှယ်မီဒီယာတွေမှာ လူမျိုးရေးခွဲခြားတဲ့ မက်ဆေ့ချ်ပေါင်းများစွာ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ မက်ဆေ့ချ်တွေကြောင့် စိတ်အနှောင့်အယှက်များစွာ ဖြစ်ခဲ့ရပေမယ့် အဲဒီအချိန်တုန်းက ရှိုးဟာ ဆိုရှယ်မီဒီယာတွေက ဒီလိုတိုက်ခိုက်မှုတွေကို ကာကွယ်ပေးခြင်း မရှိခဲ့ဘူးလို့လည်း ပြောထားပါတယ်။

အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Candice Patton ဟာ ဒီအကြောင်းကိုတော့ The Open Up Podcast မှာ မကြာသေးခင်ကမှ ပြောပြသွားတာ ဖြစ်ပါတယ်။ အဆိုပါ Podcast မှာ သူမရဲ့ ပြောပြချက်အရ The Flash ဇာတ်လမ်းတွဲရဲ့ season 2 လောက်တည်းက မပျော်ရွှင်တော့တာကြောင့် ရှိုးကနေ ထွက်ခွာချင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာ စတင်ပြီး Iris West အနေနဲ့ ပါဝင်ခဲ့ရတည်းက အွန်လိုင်းမှာ လူမျိုးရေးခွဲခြား တိုက်ခိုက်တဲ့ မက်ဆေ့ချ်ပေါင်းများစွာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: candicepatton/ Instagram

“ငါတော့ ဆက်မလုပ်နိုင်တော့ဘူး။ ဒါကြီးကို ဖြတ်သန်းနိုင်မှာလည်း မဟုတ်ဘူး။ ဒီဇာတ်လမ်းတွဲမှာလည်း ဆက်မပါချင်တော့ဘူးဆိုပြီး ခံစားခဲ့ရတာ မှတ်မိသေးတယ် …” လို့ Candice က ဆိုထားပြီး လူမည်းအမျိုးသမီးတစ်ယောက်အနေနဲ့ ဒီဇာတ်ရုပ်အတွက် ကြီးမားတဲ့ တာဝန်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပရိသတ်တွေဆီက ဝေဖန်မှုများစွာလည်း ရရှိခဲ့ပြီး တချို့ကတော့ လူမျိုးရေး ခွဲခြားမှုပါ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ အခုလိုဝေဖန်မှုတွေ၊ ထိုးနှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ရိုက်ကွင်းမှာတော့ တစ်ဦးတစ်ယောက်ကမှ သူမကို ကူညီပေးခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း ပြောပြထားပါတယ်။

“အဲဒီအချိန်တုန်းက ပရိသတ်ဆိုတာ ဒီလိုပဲလေဆိုပြီး အံကြိတ်ခံရတဲ့ကာလပေါ့။ ယုတ်စွအဆုံး ကိုယ်နဲ့အတူ လက်တွဲလုပ်နေတဲ့ CW တို့၊ Warner Bros. တို့ကအစ ဒီကိစ္စတွေကို ဒီလိုပဲကိုင်တွယ်ခဲ့ကြတယ်။ အခုတော့ ကျွန်မတို့ ပိုပြီးသိလာရတာပေါ့နော် …”

Photo: candicepatton/ Instagram

“ဒါပေမယ့် ပြောချင်တာကလေ ကိုယ့်ရဲ့ talent ကို ဒီလိုအနိုင်ကျင့်မှုတွေ၊ စော်ကားမှုတွေ၊ အရှက်ရစေမှုတွေနဲ့ ပစ်ထားတာကြီးကတော့ မဖြစ်သင့်ဘူးပေါ့နော်။ အဲဒီလို မဆက်ဆံသင့်ဘူးပေါ့။ ၂၀၁၄ တုန်းကတော့ အဲဒီလို support လုပ်ပေးတဲ့ စနစ်တွေ မရှိသေးဘူး။ ဘယ်သူကမှ ဒီကိစ္စတွေကို ထည့်မတွက်ခဲ့ကြတာ။ ပြောရရင် နေ့စဉ်နဲ့အမျှ ဒီလို နှုတ်အားဖြင့် အနိုင်ကျင့်မှုတွေကို ရှယ်ပလန်နဲ့ ခံခဲ့ရတာပေါ့ …”

“ပြီးရင် အဲဒီတုန်းက ဆိုရှယ်မီဒီယာနဲ့ ပတ်သက်လို့ ဘာလုပ်နည်းလုပ်ဟန်မှ မရှိသေးဘူး။ ဒီလို ဆိုရှယ်မီဒီယာမှာ ဖြစ်ပျက်နေတာတွေကို ဒီတိုင်းပဲ ထိုင်ကြည့်နေကြတာ။ ကျွန်မကိုလည်း ကာကွယ်ပေးခဲ့တာမျိုး မရှိခဲ့ပါဘူး။ လူမည်းတွေရဲ့ အတွေ့အကြုံကို နားလည်တဲ့သူ၊ လူမည်းအမျိုးသမီးတွေရဲ့ အတွေ့အကြုံကို နားလည်တဲ့သူ၊ ပြီးတော့ ကျွန်မရဲ့ အတွေ့အကြုံကို နားလည်တဲ့သူမျိုး လုပ်ပိုင်ခွင့်ရှိတဲ့ လူတွေထဲမှာ ရှိမှာပဲ။ ဪ … ဒီကောင်မလေးကိုတော့ ကာကွယ်ပေးဖို့ လိုအပ်နေပြီဆိုတာမျိုးပေါ့ …”

Photo: candicepatton/ Instagram

“ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ ကျွန်မတို့က အကာအကွယ်မဲ့နေတာပါ။ တကယ်လို့များ ကျွန်မဟာ Mississippi ပြည်နယ်က Jackson မြို့မှာ မနက်(၂)နာရီလောက်ကြီး ကားမောင်းလာတဲ့အချိန် လူဖြူရဲတစ်ယောက်ရဲ့ စစ်ဆေးမှုကို ခံရမယ်ဆိုပါတော့။ ကျွန်မက The Flash စီးရီးထဲက Candice Patton ပါဆိုတာကို သူက သောက်ဖတ်လုပ်မယ်လို့ ရှင်တို့ ထင်ပါသလား။ ကျွန်မက ဘာကြီးပဲဖြစ်နေနေ သူတို့အတွက် အရေးမကြီးပါဘူး … ”

“တကယ်တော့ ကျွန်မတို့အတွက် ကာကွယ်ပေးမှုဆိုတာ လိုအပ်နေပါသေးတယ်။ ဘာလို့လည်းဆိုတော့ ကမ္ဘာကြီးက ကျွန်မတို့ကို ပုံစံတစ်မျိုးနဲ့ ရှုမြင်တာမို့လို့ပါပဲ။ အဲဒီတော့ ကျွန်မက လူဖြူတွေ ပတ်လည်ဝိုင်းနေတဲ့ ရိုက်ကွင်းတစ်ခုမှာ အလုပ်သွားလုပ်ရမယ် ဆိုပါတော့။ ကျွန်မမှာ အကာအကွယ် မရှိပါဘူး။ ဘယ်တော့မှလည်း ကာကွယ်ပေးလာကြမှာ မဟုတ်ပါဘူး …”

Photo: candicepatton/ Instagram

“ဒါက အဲဒီလူတွေမှာ မကောင်းတဲ့စိတ် ရှိတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မှာ ဘက်လိုက်တတ်တဲ့စိတ် ရှိတတ်ကြသလို၊ လျစ်လျူရှုတတ်တဲ့စိတ်လည်း ရှိတတ်တာကို ပြောတာပါ။ အဲဒါမျိုးတွေ များလာတော့ ကျွန်မတို့အတွက် အန္တရာယ်ဆိုတာ ဖြစ်လာတာပေါ့။ ပြောရရင် ဒါက အတွေ့အကြုံက သင်ပေးလိုက်တဲ့ အရာတွေပါပဲ။ ကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းတွေ၊ ထုတ်လုပ်ရေးအတွက်လည်း အလားတူပဲ ဖြစ်မှာပါ … ” လို့ Candice က ရိုက်ကွင်းပေါ်က လူမျိုးရေးပြဿနာအချို့ကို သူမရဲ့အတွေ့အကြုံအရ ပြောပြထားပါတယ်။

ရိုက်ကွင်းပေါ်မှာ အားပေးကူညီမှု မရခဲ့ပေမယ့် ဒီဇာတ်ရုပ်ကို ဆက်လက် သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းကတော့ စာချုပ်ကြောင့်လည်း ပါဝင်ပြီး ဒီဇာတ်ရုပ်အတွက် တာဝန်ကြီးတယ်ဆိုတာကို ခံစားမိလို့လည်း ဆက်လုပ်ဖြစ်ခဲ့တာပါလို့ သူမက ဆိုပါတယ်။

Photo: candicepatton/ Instagram

“ကျွန်မပရိသတ်တွေက ဒီဇာတ်ရုပ်ကို ကြိုက်ကြတယ်လေ။ ဒါဟာ တကယ့် ကောင်းမွန်တဲ့ သရုပ်ဆောင် ရွေးချယ်မှုဖြစ်ပြီး တကယ်ကောင်းမွန်တဲ့ ဇာတ်ရုပ်လည်း ဖြစ်ပါတယ်။ ပြီးတော့ လူပေါင်းများစွာအတွက် ဒီဇာတ်ရုပ်ဟာ အဓိပ္ပာယ်တစ်ခု ရှိနေပါတယ်။ အဲဒါကြောင့် ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အဆိပ်အတောက် ဖြစ်ရပေမယ့် တာဝန်ကြီးတယ်ဆိုတာ ခံစားမိနေတာကြောင့် ဒီဇာတ်ရုပ်၊ ဒီနေရာမှာ ဆက်ပြီး လုပ်ဖြစ်နေခဲ့တာပါ … ” လို့ Candice က ဆိုထားပါတယ်။

Candice Patton ဟာ မကြာသေးခင်ကပဲ The Flash ဇာတ်လမ်းတွဲရဲ့ Season 9 အတွက် စာချုပ် ထပ်ချုပ်ထားပါတယ်။ သူမကတော့ တွဲဖက်သရုပ်ဆောင်တွေ ဖြစ်တဲ့ Grant Gustin ၊ Danielle Panabaker တို့နဲ့အတူ ကျန်ရှိနေတဲ့ ဒီရှိုးရဲ့ original သရုပ်ဆောင်ပဲ ဖြစ်ပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular