HomeEntertainmentFilmCast Away ရုပ်ရှင်ဖန်တီးဖို့ လူသူမနီးတဲ့ကျွန်းပေါ်မှာ ကိုယ်တိုင်သွားနေခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ

Cast Away ရုပ်ရှင်ဖန်တီးဖို့ လူသူမနီးတဲ့ကျွန်းပေါ်မှာ ကိုယ်တိုင်သွားနေခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ

Cast Away ရုပ်ရှင်ဟာ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး သရုပ်ဆောင် Tom Hanks ဟာလည်း ဒီရုပ်ရှင်ထဲက ဇာတ်ကောင်အတွက် အော်စကာမှာ စံကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ သရုပ်ဆောင် Tom Hanks ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲမှာလည်း ပါဝင်ပါတယ်။ Cast Away ဟာ စိတ်ကူးယဉ်ဖန်တီးထားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပေမယ့်လည်း ဇာတ်ညွှန်းရေးဆရာ Williams Broyles Jr. ကတော့ တကယ့်ဖြစ်ရပ်မှန်နဲ့ တူနိုင်သမျှတူအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဇာတ်ညွှန်းရေးဆရာ Williams Broyles Jr. ဟာ Cast Away ရုပ်ရှင်မှာ ဇာတ်ညွှန်းရေးဖို့အတွက် တကယ့်ပရော်ဖက်ရှင်နယ် Survival Expert တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းမှာ တစ်ယောက်တည်း သောင်တင်ပြီး အသက်ဆက်ရှင်နိုင်အောင် ကြိုးစားရတဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ သိရှိနိုင်ဖို့ California ပင်လယ်ကွေ့ရဲ့ လူသူမနီးတဲ့ ကျွန်းတစ်ခုမှာ သူကိုယ်တိုင် သွားရောက်နေထိုင်ခဲ့ပါတယ်။

photo credit 20th Century Fox

သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်အဖြစ် ကိုယ်တိုင်နေထိုင်ကြည့်ပြီး ပိုပြီးသဘာဝကျတဲ့ ဇာတ်ညွှန်းကို ဖန်တီးရေးသားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲက အထင်ကရ ဇာတ်ဝင်ခန်းအများစုကလည်း Williams Broyles Jr. ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ထည့်သွင်းတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ Williams ဟာ အဲဒီကျွန်းပေါ်မှာ တစ်ယောက်တည်း နေထိုင်ခဲ့တုန်းက အတွေ့အကြုံတွေကို အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ Williams ဟာ အဲဒီကျွန်းကိုတော့ သူဌေးတွေ အပန်းဖြေခရီး ထွက်သလိုမျိူး စားနပ်ရိက္ခာ အပြည့်အစုံနဲ့ သွားတာမဟုတ်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒီအတိုင်း တစ်ယောက်တည်း သွားနေခဲ့တာ ဖြစ်ပါတယ်။

ကျွန်းပေါ်မှာ နေထိုင်ခဲ့တဲ့ အချိန်တုန်းကတော့ သူဟာ ငါးလိပ်ကျောက်တွေ ဖမ်းစားခဲ့ရသလို အုန်းရည်သောက်ပြီး အသက်ဆက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝါးနဲ့ထန်းရွက်တွေကို အသုံးပြုပြီး တဲထိုးနေထိုင်ခဲ့ရသလို မီးခြစ်လည်း မပါသွားတဲ့အတွက် မီးမွှေးဖို့တောင် အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

photo credit 20th Century Fox

Williams ဟာ ကျွန်းပေါ်မှာ အဲဒီလိုသွားနေခဲ့တာကြောင့် တကယ်အထီးကျန်ရတဲ့ စိတ်ခံစားချက်ဟာ ဘယ်လိုလည်းဆိုတာကို ကောင်းကောင်းသိသွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ သူဟာ ကမ်းခြေမှာ ဘော်လီဘောတစ်လုံးကို ရှာတွေ့ခဲ့ပါတယ်။ အဖော်မဲ့နေတဲ့ Williams ဟာ အဲဒီဘော်လီဘောကို Wilson လို့ နာမည်ပေးလိုက်ပြီး သူ့ရဲ့သူငယ်ချင်းလို ဆက်ဆံခဲ့ပါတယ်။

ဒီဖြစ်ရပ်အားလုံးကိုတော့ Williams ဟာ သူ့ရဲ့ဇာတ်ညွှန်းထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒါကြောင့်လည်း Cast Away ရုပ်ရှင်ထဲက Chuck Noland ရဲ့တစ်ဦးတည်းသော သူငယ်ချင်းအဖြစ် ဘော်လီဘောလေး Wilson က ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဇာတ်ကောင်နဲ့ တသားတည်းဖြစ်ဖို့ ဇာတ်ကောင်ရဲ့ပုံစံအတိုင်း နေထိုင်ပြီး mood သွင်းတာမျိုးက ဟောလိဝုဒ်မှာတော့ မထူးဆန်းပေမယ့်လည်း ဇာတ်ညွှန်းရေးဆရာတစ်ယောက်က သူ့ရဲ့ဇာတ်လမ်းထဲကအတိုင်း နေထိုင်ပြီး ဇာတ်ညွှန်းကို ဖန်တီးရေးသားတာကတော့ ရှားရှားပါးပါးပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular