HomeCelebs Update NewsInternationalဟောလိဝုဒ်ဆယ်လီတွေ ကြုံတွေ့ခဲ့ရဖူးတဲ့ သဘာဝလွန်ဖြစ်ရပ်များ 

ဟောလိဝုဒ်ဆယ်လီတွေ ကြုံတွေ့ခဲ့ရဖူးတဲ့ သဘာဝလွန်ဖြစ်ရပ်များ 

လောကမှာ မြင်နိုင်၊ တွေ့နိုင်ပြီး လက်တွေ့ကျကျ အဖြေထုတ်နိုင်တဲ့ကိစ္စတွေ ရှိသလို လက်တွေ့ ဖြေရှင်းလို့မရနိုင်သေးတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ပရလောကနဲ့ ဆက်စပ်နေတဲ့ ဖြစ်ရပ်တွေလည်း ရှိတတ်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါလောက်တော့ နားလည်ရခက်တဲ့ ပရလောကနဲ့ သက်ဆိုင်တဲ့ အဖြစ်အပျက်တစ်ခုခုနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ သာမန်လူတွေလိုပဲ ဟောလိဝုဒ်က နာမည်ကျော်တွေဟာလည်း ပရလောကနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ရင်ဆိုင်ရဖူးတာတွေ ရှိပါတယ်။ သူတို့ပြောပြတဲ့ အတွေ့အကြုံ၊ ဖြစ်ရပ်တွေကတော့ …

Kristen Stewart
Photo: kristenstewartx/ Instagram

မင်းသမီး Kristen Stewart ကတော့ ၂၀၁၉ ခုနှစ်မှာ Vanity Fair သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပရလောကနဲ့ ပတ်သက်တဲ့ သူမရဲ့ အတွေ့အကြုံနဲ့ ယုံကြည်မှုအကြောင်းကို ပြောပြထားဖူးပါတယ်။

“သူတို့နဲ့ ကျွန်မ စကားပြောတယ်။ မြို့ငယ်လေးတစ်ခုမှာ ရုပ်ရှင်ရိုက်ဖို့ ရောက်နေတဲ့အခါမျိုးမှာ ကိုယ်နေရတဲ့ အခန်းကလည်း နည်းနည်း ထူးဆန်းတာမျိုး ဖြစ်လာပြီဆိုရင် ကျွန်မကတော့ ပြောတော့တာပဲ။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ငါ ရင်မဆိုင်ရဲလို့ပါ။ ခြောက်ချင်ရင် တခြားသူတွေကို သွားခြောက်ပါ။ ငါ့ကိုတော့ မခြောက်ပါနဲ့ … ” လို့ ပြောလေ့ရှိကြောင်း Kristen က ဆိုပါတယ်။

“သရဲဆိုတာ ဘာလည်းလို့ ဘယ်သူက သေချာသိမှာလည်းနော်။ ဒါပေမယ့် ကျွန်မမှာ လုံးဝအကဲဆတ်တဲ့ energy တစ်မျိုး ရှိတယ်။ အဲဒါက သရဲတွေနဲ့မှ မဟုတ်ဘူး။ လူတွေနဲ့လည်း အဲလိုပဲ။ လူတွေ တော်တော်များများက အခန်းတွေထဲမှာဆိုရင် မဟုတ်တာတွေ လုပ်ထားတတ်ကြတယ်လေ … ” လို့လည်း ပြောဖူးပါတယ်။

Lily Collins
Photo: lilyjcollins/ Instagram

မင်းသမီးလေး Lily Collins ကတော့ Netflix က ထုတ်လုပ်ခဲ့တဲ့ Extremely Wicked, Shockingly Evil and Vile ဆိုတဲ့ တကယ့်ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားမှာ ပရလောကသားတွေရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကတော့ Lily ဟာ အဆိုပါဇာတ်ကားမှာ ကွင်းဆက်လူသတ်သမား Ted Bundy ရဲ့ ချစ်သူမိန်းကလေးနေရာက သရုပ်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာပဲ Ted Bundy ရဲ့ လက်ချက်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ ဝိဉာဉ်တွေက သူမကို ကူညီခဲ့ကြတယ်လို့ ဆိုထားတာပါ။

သူမဟာ အဲဒီရုပ်ရှင်ကို ရိုက်ကူးနေစဉ် အတောအတွင်းမှာ မနက်(၃:၀၅)မိနစ်တိုင်း လူသတ်သမားနဲ့ ရင်ဆိုင်တွေ့ပြီးနောက် အဖြစ်အပျက်၊ ပုံရိပ်တွေကို အိပ်မက် မြင်မက်ကာ လန့်နိုးလာလေ့ ရှိတယ်လို့ The Guardian သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်မ လေ့လာကြည့်တော့ မနက်သုံးနာရီဆိုတဲ့အချိန်ဟာ လောကတွေ တစ်ခုနဲ့တစ်ခုကြားက အလွှာအပါးဆုံးအချိန် ဖြစ်လို့ ဒီဘက်ကို အလည်လာမယ်ဆိုရင် လာလို့ရတယ်လို့ဆိုတယ်။ ကျွန်မကတော့ မကြောက်ပါဘူး။ ကျွန်မကို အားပေးကူညီတယ်လို့ပဲ ခံစားရပါတယ်။ သူတို့အနေနဲ့ … ငါတို့ ဒီမှာ ရှိနေတယ်။ ငါတို့ ကြားရတယ်။ ငါတို့ရဲ့ ဇာတ်ကြောင်းကို ပြောပြပေးလို့ ကျေးဇူးတင်တယ်လို့ လာပြောနေသလိုပဲ ခံစားရပါတယ် … ” လို့ Lily က ပြောပြထားပါတယ်။

Kendall Jenner
Photo: kendalljenner/ Instagram

“သရဲရှိတာ ကျွန်မ တကယ်ယုံတယ်။ ကိုယ်တိုင် မျက်လုံးနဲ့တော့ မမြင်ဖူးဘူး။ ဒါပေမယ့် သရဲခြောက်ခံရတဲ့ အဖြစ်အပျက်မျိုးတွေတော့ ကြုံဖူးတယ် … ”  လို့ Vogue မဂ္ဂဇင်းနဲ့ ဗွီဒီယိုရိုက်ကူးတုန်းက ပြောပြဖူးပါတယ်။ Kendall ရဲ့ စကားအရ သူမရဲ့မိခင်ဖြစ်သူ Kris Jenner ရဲ့ နေအိမ်ဟာ ပရလောကသားတွေရဲ့ ခြောက်လှန့်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

“အမေ့အိမ်မှာဆိုရင် Kylie နဲ့ ကျွန်မ နှစ်ယောက်တည်းရှိတဲ့ အချိန်မျိုးတွေမှာ တခြားဘယ်သူမှလည်း အိမ်မှာ မရှိဘဲနဲ့ ခေါင်မိုးထပ်က ခြေသံတွေ အမြဲကြားရတယ်။ ပြီးတော့ Kylie အခန်းက ရေချိုးခန်းဆိုရင်လည်း ရေတွေ အမြဲပွင့်နေတတ်တယ်။ ဘာလို့မှန်း ကျွန်မတို့လည်း မသိဘူး။ အဲဒီတော့ အဲဒါ သရဲပဲလို့ ကျွန်မတော့ ထင်တယ် … ” လို့ Kendall က သူမရဲ့ အတွေ့အကြုံကို ပြောပြဖူးပါတယ်။

Gigi Hadid
Photo: gigihadid/ Instagram

နာမည်ကျော် စူပါမော်ဒယ်လ် Gigi Hadid ကလည်း သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ သူမရဲ့ အတွေ့အကြုံကို Vogue နဲ့ အင်တာဗျူးမှာ ပြောပြဖူးပါတယ်။

“သဘာဝလွန် အဖြစ်အပျက်တွေနဲ့ ပတ်သက်ရင် ရှင်းပြလို့မရနိုင်တဲ့ ကိစ္စတွေနဲ့ ကြုံဖူးပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက တကယ် သက်တမ်းကြာနေတဲ့ အိမ်ကြီးတစ်လုံးမှာ နေခဲ့ဖူးတယ်။ ပြီးတော့ ကျွန်မကို ပေးထားတဲ့အခန်းက ထပ်ခိုးထပ်က အခန်းလေး။ အဲဒီမှာ အဝတ်ဗီရိုထဲက ထူးဆန်းတဲ့ အသံကြီးတွေ အမြဲတမ်း ကြားရတယ်။ ကျွန်မတို့ အဖေ့ကို မေးကြည့်တော့ ဒီအိမ်မှာ အရင်တုန်းက အဘွားကြီးတစ်ယောက် နေဖူးတယ်လို့ ပြောတယ် … ” လို့ Gigi က ပြောပါတယ်။

သို့သော်လည်း Hadid မိသားစုဟာ ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိဘဲ ဝိဉာဉ်တွေနဲ့ မိတ်ဆွေလုပ်ထားလိုက်ကြတယ်လို့ ဆိုပါတယ်။ “အဲတော့လည်း ကျွန်မတို့က သူနဲ့ ငြိမ်းချမ်းရေး ယူလိုက်တာပေါ့။ သိတယ်မှတ်လား … အဘွားရေ … ဒီမှာ ရေနွေးကြမ်းလေး ယူလာတယ်လို့ပေါ့ … ” လို့ Gigi က ဆိုပါတယ်။

Ariana Grande
Photo: arianagrande/ Instagram

Ariana Grande ကတော့ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ Complex နဲ့ အင်တာဗျူးမှာ သရဲတစ္ဆေနဲ့ ဂြိုဟ်သားတွေကို ယုံကြည်လားဆိုတဲ့ မေးခွန်းကို အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“သရဲလို့ပြောလည်းရတယ်။ မကောင်းဆိုးဝါးလို့ ပြောလည်းရတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတစ်ခု ရှိခဲ့ဖူးတယ်။ တစ်ခေါက်တုန်းက ကျွန်မတို့ ကန်ဆာ့စ်မြို့မှာ ရှိနေတုန်း သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ရဲတိုက်ကြီးတစ်ခုကို သွားကြရော။ အရမ်းလည်း စိတ်လှုပ်ရှားနေကြတာပေါ့ … ”

“နောက်တစ်ညကျတော့ ကမ္ဘာပေါ်က ငရဲဂိတ် ခုနှစ်ခုထဲမှာ ပါတယ်လို့ သိကြတဲ့ Stull သင်္ချိုင်းကို သွားမလို့ လုပ်ကြတာ။ အဲဒီမှာ တစ်လမ်းလုံး ကားထဲမှာ ခံစားချက်ကြီးက လုံးဝမကောင်းတာ။ ပြီးတော့ ဆာလ်ဖာအနံ့ကြီး ရတယ်။ အဲဒါက မကောင်းဆိုးဝါးရဲ့ သင်္ကေတလေ။ ပြီးတော့ ကားထဲမှာ ဘယ်ကမှန်းမသိ ယင်ကောင်တစ်ကောင်ကလည်း ရောက်လာတယ်။ အဲဒါကလည်း မကောင်းဆိုးဝါးရဲ့ သင်္ကေတပဲ … ”

“အဲမှာတင် ကျွန်မလည်း ကြောက်စရာကြီး ပြန်ကြမယ်လို့ ဖြစ်သွားတာပဲ။ ကျွန်မတို့ အဲဒီက မပြန်ခင် ကားမှန်တွေချပြီး ပြောလိုက်သေးတယ်။ ငါတို့ တောင်းပန်ပါတယ်။ နင်တို့ရဲ့ အေးချမ်းမှုကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူးလို့ ပြောခဲ့တယ် …  ” လို့ Ariana က သူမရဲ့ အတွေ့အကြုံကို ပြောပြဖူးပါတယ်။

Miley Cyrus
Photo: mileycyrus/ Instagram

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် Miley Cyrus ကတော့ တစ်ခါက လန်ဒန်မြို့မှာ ငှားရမ်းနေထိုင်ခဲ့ဖူးတဲ့ တိုက်ခန်းတစ်ခန်းနဲ့ ပတ်သက်ပြီး ထိတ်လန့်စရာ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရကြောင်း Elle UK နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်။

“အဲဒါကတော့ တကယ်ကို ကြောက်စရာကောင်းတာ။ တကယ်ရူးချင်စရာ၊ ကြောက်စရာ အိပ်မက်တွေလည်း အဲဒီမှာတုန်းက မက်တယ်။ ပြောရရင် မယုံချင်စရာတော့ကောင်းတယ်။ တစ်ညမှာ ကျွန်မ ညီမလေးက ရေချိုးနေတာ။ အဲဒီမှာ သူ့ရဲ့ အော်သံကို ရုတ်တရက် ကြားလိုက်ရတယ် … ”

“အဲဒါနဲ့ ကျွန်မလည်း သူ့ဆီ ပြေးသွားကြည့်တော့ ရေတွေက ရုတ်တရက် ပူလာတာ။ ရေက ဒီတိုင်းချည်း ပူသွားတာ မဟုတ်ဘူး။ ရေပူခလုပ်က သူလည်း မနှိပ်ဘဲနဲ့ သူ့ဘာသာလည်သွားပြီး အဲဒီရေပူတွေကြောင့် အပူလောင်သွားတာ။ သူ့တစ်ကိုယ်လုံး နီရဲနေတာပဲ …  ”

“အဲဒါမတိုင်ခင်ကလည်း လက်ဆေးကန်ပေါ်မှာ ကလေးလေးတစ်ယောက် ထိုင်ပြီး ကျွန်မ ရေချိုးနေတာကို ကြည့်နေတာ မြင်လိုက်မိတယ်။ ကျွန်မလည်း အရမ်းလန့်သွားတာ … ” လို့ Miley က ဆိုပါတယ်။ ဒါ့အပြင် သူမရဲ့ မိခင်၊ အဒေါ်နဲ့ အဲဒီအချိန်က ချစ်သူဖြစ်ခဲ့တဲ့ Liam Hemsworth တို့လည်း အဲဒီရေချိုးခန်းထဲမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ တွေ့ကြုံခဲ့ရသေးတယ်လို့ ပြောပြထားပါတယ်။ အဲဒါကြောင့်ပဲ ဥရောပကို ခဏအလည်အပတ် ရောက်နေတဲ့ Miley ဟာ တခြားတိုက်ခန်းတစ်ခုကို ရှာဖွေခဲ့ရတယ်လို့ ဆိုပါတယ်။

Keanu Reeves
Photo: keanureevesoffIcial_/ Instagram

မင်းသားကြီး Keanu Reeves ကတော့ သူကလေးအရွယ် နယူးယော့ခ်မြို့မှာ နေထိုင်တုန်းက သရဲတစ်ကောင်နဲ့ တွေ့ဖူးတယ်လို့ ပြောပြဖူးပါတယ်။

“အဲဒီတုန်းက ကျွန်တော့်အသက်က ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်လောက်ပေါ့။ ကျွန်တော်တို့က ဩစတျေးလျက လာကြတာ။ အိပ်ခန်းထဲမှာ ကျွန်တော့်အစ်မက အိပ်နေတယ်။ ကျွန်တော်တို့ရဲ့ နာနီကတော့ ခုံမှာ ထိုင်နေတယ်။ အဲဒီအချိန် ကျွန်တော်ကတော့ ဟိုဟိုဒီဒီ လျှောက်ဆော့နေတာပေါ့ … ”

“အဲလိုနဲ့ အခန်းတံခါးဝမှာ ဂျာကင်အင်္ကျီတစ်ထည်က ရောက်လာတာ။ သူက လက်တောင် လှမ်းပြနေသေးတယ်။ လုံးဝအင်္ကျီချည်းပဲနော်။ ခန္ဓာကိုယ်လည်း မပါဘူး။ ခြေထောက်လည်း မပါဘူး။ အင်္ကျီချည်းပဲ။ ပြီးတော့ ပျောက်သွားတယ် … ” လို့ Jimmy Kimmel Live မှာ ပြောခဲ့ဖူးပါတယ်။

“ကျွန်တော်ကလည်း ကလေးပဲ ရှိသေးတော့ ဟုတ်ပြီ … ဒါ စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့။ အဲဒါနဲ့ နာနီကိုလည်း လှမ်းကြည့်လိုက်ရော သူက ထိတ်လန့်တကြားဖြစ်နေတဲ့ မျက်နှာကြီးနဲ့။ အဲမှာတင် အောင်မလေး … ဒါဆို တကယ်ကြီးပေါ့လို့ ဖြစ်သွားတာပဲ … ” လို့ Reeves က ဆိုပါတယ်။

Demi Lovato
Photo: ddlovato/ Instagram

Demi Lovato ကတော့ သူတို့ငယ်စဉ်က တက္ကဆက်မှာ နေထိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးဟာ သရဲခြောက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့  ၂၀၁၃ ခုနှစ်မှာ Buzzfeed အတွက် ဆောင်းပါးရေးသားတုန်းက သူတို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“တက္ကဆက်က တို့အိမ်က တကယ် သရဲခြောက်တာ။ မကောင်းတဲ့ဝိဉာဉ်တော့ မဟုတ်ပါဘူး။ ကလေးမလေးတစ်ယောက်ရဲ့ ဝိဉာဉ်ပဲ။ သူ့နာမည်က Emily လို့ ထင်တာပဲ။ ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ လူတစ်ယောက်လည်း အိမ်ကိုလာပြီး ကြည့်ပေးဖူးတယ်။ သရဲဖမ်းတဲ့သူတွေလည်း လာဖူးတယ်။ သူတို့အားလုံးပြောတဲ့ နာမည်က Emily တဲ့ …  ”

“တို့ ကြီးပြင်းလာတဲ့ အချိန်တလျှောက်လုံး သူ့ကို မြင်တွေ့ခဲ့ရတာ အကြိမ်ပေါင်းများစွာပဲ။ လူတိုင်းက သူတို့ရဲ့ စိတ်တစ်နေရာမှာ ဒါတွေကို အာရုံခံနိုင်စွမ်းရှိတယ်လို့ တို့တော့ ယုံကြည်တယ်။ တမလွန်ဘဝနဲ့ ပတ်သက်ပြီး အားပြင်းတဲ့ ဆက်နွယ်မှုတစ်ခု တို့မှာ ရှိတယ်လို့ ထင်တယ်။ အခန်းတစ်ခန်းထဲကို တို့ ဝင်လိုက်ပြီဆိုတာနဲ့ အဲဒီမှာ တစ်ခုခု ဖြစ်ထားလားဆိုတာ ပြောနိုင်တယ်။ ဒါမှမဟုတ်လည်း ဟိုတယ်တွေဘာတွေဆိုရင် သရဲခြောက်လား၊ မခြောက်ဘူးလားဆိုတာ တို့ ပြောနိုင်တယ် … ” လို့ Demi က သူတို့ရဲ့ အတွေ့အကြုံကို မျှဝေပေးထားဖူးပါတယ်။

(Demi Lovato ဟာ non-binary gender အဖြစ် ခံယူထားသူ ဖြစ်ပြီး သူ့အတွက် သုံးနှုန်းရမယ့် နာမ်စားကို They/ Them အဖြစ် သုံးနှုန်းပေးဖို့ တောင်းဆိုထားတဲ့အတွက် မြန်မာလို ရေးသားရာမှာ အခုလို “သူတို့” လို့ သုံးနှုန်းထားခြင်း ဖြစ်ပါတယ်။)

ဒါကတော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ သရဲတစ္ဆေတွေနဲ့ ပတ်သက်ပြီး ဆယ်လီတွေ တွေ့ကြုံဖူးတဲ့ အဖြစ်အပျက်တွေကို စုစည်းတင်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြုံဖူးတဲ့ အလားတူ ဖြစ်ရပ်မျိုး ရှိရင်လည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular