HomeBiographyဆယ်လီတွေရဲ့ တက်တူးတွေကပြောတဲ့ စိတ်ဝင်စားစရာ အဓိပ္ပာယ်များ

ဆယ်လီတွေရဲ့ တက်တူးတွေကပြောတဲ့ စိတ်ဝင်စားစရာ အဓိပ္ပာယ်များ

တက်တူးတွေဟာ တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်မှာ အလှဆင်ထားတဲ့ အနုပညာတစ်ရပ်ဆိုတာထက်ပိုတဲ့ အဓိပ္ပါယ်တွေ ရှိနေတတ်ပါတယ်။ လူတစ်ယောက်ရဲ့ အမှတ်တရဖြစ်ရပ်၊ ဝါသနာ စတာတွေကို မှတ်တမ်းတင်ထားတဲ့ အရာတွေလည်း ဖြစ်နေနိုင်ပါတယ်။ အလားတူပါပဲ။ ဟောလိဝုဒ်က ဆယ်လီအချို့ရဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေမှာလည်း သီးသန့်ရည်ညွှန်းတဲ့ အဓိပ္ပါယ်တွေ ရှိနေတတ်ပါတယ်။

Angelina Jolie ရဲ့လက်မောင်းပေါ်က ကိုသြဒိနိတ် တက်တူးများ
Photo Credit: brightside.me

အားလုံးသိကြတဲ့အတိုင်း မင်းသမီးချော Angelina Jolie ရဲ့ ကိုယ်ပေါ်မှာ တက်တူးအမြောက်အများ ရှိပါတယ်။ အဲ့ဒီ့အထဲက အများစုဟာ သူမအတွက် အရေးကြီးတဲ့ အမှတ်တရတွေ၊ အဓိပ္ပါယ်တွေ ပါဝင်နေပါတယ်။ သူမရဲ့တက်တူးတွေက ထူးခြားတဲ့တစ်ခုကတော့ လက်မောင်းပေါ်က တက်တူးတွေပါ။ ကိုသြဒိနိတ်တက်တူးတွေ မထိုးခင်တုန်းက သူမရဲ့ခင်ပွန်းဟောင်း နာမည်ကျော်မင်းသား Billy Bob Thornton ရဲ့နာမည်ကို အရင်ထိုးထားခဲ့တာပါ။

၂၀၀၃ခုနှစ်မှာ Billy နဲ့ လမ်းခွဲလိုက်တဲ့အတွက် လက်မောင်းပေါ်က တက်တူးတွေကို ဖျက်ခဲ့ရပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ သူမမွေးစားဖြစ်ခဲ့တဲ့ ကလေးတွေနဲ့ မင်းသား Brad Pitt နဲ့ ရခဲ့တဲ့ ကလေးတွေရဲ့ မွေးဖွားခဲ့ရာ အရပ်ဒေသတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ယခင်တက်တူးဟောင်း ရှိခဲ့ဖူးတဲ့ လက်မောင်းပေါ်မှာပဲ ကိုသြဒိနိတ်တွေ ထိုးခဲ့ပါတယ်။

Miley Cyrus ရဲ့ အနှစ်သက်ဆုံးအရာများ
Photo Credit: brightside.me
Photo Credit: brightside.me

Miley Cyrus ဟာ သူမ နှစ်သက်တဲ့အရာတွေကို ထုတ်ဖော်ပြဖို့ ဝန်မလေးသူပါ။ သူမရဲ့ခန္ဓာကိုယ်ပေါ်က တက်တူးတိုင်းဟာ သူမရဲ့ဝါသနာတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ်စားပြုပါတယ်။ အဆိုပါ တက်တူးတွေထဲကမှ တံတောင်ဆစ်ပေါ်က သူမရဲ့အချစ်တော် ခွေးလေးရဲ့ပုံတူတက်တူးနဲ့ နားရွက်ပေါ်က LOVE ဆိုတဲ့ စာတန်းတက်တူးတွေဟာ နာမည်ကျော်ပါ။ နားမှာ LOVE လို့ ထိုးထားတဲ့အတွက် ကောင်းတဲ့အရာတွေကိုပဲ ကြားချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ပြနေပါတယ်။

Lady Gaga ရဲ့ တံတောင်ဆစ်ကွေးနားက ကြွက်ပုံတက်တူး
Photo Credit: brightside.me

Gaga ရဲ့အဆိုအရ သူမရဲ့တံတောင်ဆစ်နားက ကြွက်ပုံတက်တူးလေးဟာ ညီမဖြစ်သူ Natalia ကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ Gaga ဟာ ညီမဖြစ်သူငယ်ငယ်တုန်းက ခန္ဓာကိုယ်က သေးသေးကွေးကွေးလေးမို့ ချစ်စနိုးနဲ့ “ကြွက်”လို့ ခေါ်တယ်လို့ ဆိုပါတယ်။ တက်တူးလေးဟာ ချစ်စရာကောင်းသလို အသေးစိတ်လှပါတယ်။ ကြွက်လေး ကိုင်ထားတဲ့အပ်လေးဟာ ညီမဖြစ်သူရဲ့ ဒီဇိုင်းပညာအပေါ် ဝါသနာထုံမှုကို ကိုယ်စားပြုပြီး ကြွက်လေးရဲ့ ခြေဖဝါးအောက်က ချည်မျှင်လေးတွေနဲ့ “Nat”ဆိုတဲ့ နာမည်အတိုကောက်ကို ရေးထိုးထားပါတယ်။

Brooklyn Beckham ရဲ့ မိသားစုကုဒ်နံပါတ်
Photo Credit: brightside.me

နာမည်ကျော် ဘောလုံးသမားကြီး David Beckham ရဲ့ ကိုယ်ပေါ်က တက်တူးတွေဟာ သူ့ရဲ့သားသမီးတွေကို ကိုယ်စားပြုပါတယ်။ ဒီအဖေက မွေးတဲ့ သားတစ်ယောက်အနေနဲ့ Brooklyn ကလည်း အဖေခြေရာနင်းပြီး ညီလေးတွေနဲ့ ညီမလေးတွေရဲ့ မွေးနှစ်သက္ကရာဇ်တွေကို minimalist ဆန်တဲ့ တက်တူးလေး ထိုးထားပါတယ်။ “020511” ဆိုတဲ့ ဂဏန်းလေးတွေဟာ Romeo Beckham မွေးတဲ့ ၂၀၀၂ခုနှစ်၊ Cruise မွေးတဲ့ ၂၀၀၅ခုနှစ်နဲ့ Harper လေးမွေးတဲ့ ၂၀၁၁ခုနှစ်တို့ကို ကိုယ်စားပြုပါတယ်။

Megan Fox ကျောပြင်ပေါ်က သတိပေးစကား
Photo Credit: brightside.me

“We will all laugh gilded butterflies” ဆိုတဲ့ စာတန်းလေးဟာ Megan Fox ရဲ့ ကျောပြင်ပေါ်က တက်တူးလေးပါ။ ဒီစကားစုလေးဟာ ကမ္ဘာကျော် ပြဇာတ်ရေးဆရာကြီး ရှိတ်စပီးယားရဲ့ “The Tragedy of King Lear” ဆိုတဲ့ ပြဇာတ်ထဲက ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ Megan ရဲ့အဆိုအရ ဟောလိဝုဒ်က ထည်ဝါခမ်းနားမှုတွေကြားမှာ နစ်မွန်းမသွားစေဘဲ အောက်သက်ကျေကျေ နေရမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

Emma Stone ရဲ့ လက်ကောက်ဝတ်က ငှက်ခြေထောက်တက်တူး
Photo Credit: brightside.me

လက်ကောက်ဝတ်မှာ ရိုးရိုးရှင်းရှင်းလေး ထိုးထားတဲ့ ငှက်ခြေထောက်ပုံ တက်တူးသေးသေးလေးဟာ မင်းသမီး Emma Stone အတွက်တော့ အလွန်အရေးပါပါတယ်။ ဒီတက်တူးလေးဟာ မိခင်ဖြစ်သူရဲ့ ရင်သားကင်ဆာအပေါ် အနိုင်ယူလိုက်နိုင်မှုကို ဂုဏ်ပြုထားတာဖြစ်ပြီး သားအမိနှစ်ယောက် ဆင်တူထိုးထားတယ်လို့ ဆိုပါတယ်။ ဒီတက်တူးလေးဟာ Emma ရဲ့ အမေသိပ်ကြိုက်တဲ့ အဆိုတော်ကြီး Sir Paul McCartney ရဲ့ Blackbird ဆိုတဲ့ သီချင်းလေးကနေ စိတ်ကူးရထားတာပါ။ ဒါကြောင့်ပဲ Emma ကိုယ်တိုင်က Paul McCartney ဆီကို အပူကပ်ပြီး တက်တူးပုံဒီဇိုင်းကို ထုတ်ခိုင်းခဲ့တာလို့ ဆိုပါတယ်။ Paul McCartney ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ တက်တူးမို့ ပေါ့သေးသေး မဟုတ်ဘူးလို့ ပြောရမှာပါ။

Cara Delevingne ရဲ့ ခြေဖဝါးပေါ်ကတက်တူး
Photo Credit: brightside.me

နာမည်ကြီးမော်ဒယ်လ် Cara ရဲ့ ဘယ်ဘက်ခြေဖဝါးပေါ်က “MADE IN ENGLAND”ဆိုတဲ့ တက်တူးဟာ သူမကိုယ်ပေါ်က တက်တူးတွေထဲမှာ အဆိုးဝါးဆုံးတစ်ခုလို့ ပြောကြပါတယ်။ Cara ရဲ့ ပြောပြချက်အရ ဒီတက်တူးဟာ သူမရဲ့ဖက်ရှင်ရှိုးလျှောက်ရတဲ့ အတွေ့အကြုံတွေကရတဲ့ ခံစားချက်ကို ဖော်ပြထားတာလို့ သိရပါတယ်။ မော်ဒယ်လ်တွေကို သက်ရှိရုပ်တုတွေလို ဆက်ဆံခံရတဲ့နေရာမှာ နာမည်ကျော်လာရတဲ့ သူမရဲ့ခံစားချက်တွေဟာ အထင်းသားပါပဲ။

Kelly Clarkson ရဲ့ လက်ကောက်ဝတ်က ဘုန်းတော်ကြီးရဲ့အကြံပေးစကား
Photo Credit: brightside.me

နာမည်ကျော်အဆိုတော် Kelly Clarkson ရဲ့ လက်ကောက်ဝတ်ပေါ်မှာ “Love Them More” ဆိုတဲ့ စာတန်းတက်တူးလေးတစ်ခု ရှိပါတယ်။ ဒီတက်တူးဖြစ်ပေါ်လာပုံကတော့ သူမငယ်ငယ်က တရားဟောဆရာတော်ကို မေးလိုက်တဲ့ မေးခွန်းတစ်ခုကနေ အခြေတည်လာတာ ဖြစ်ပါတယ်။ Kelly က “လူတွေဟာ ဘာကြောင့်ဆိုးယုတ်ရတာလဲ”ဆိုပြီး တရားဟောဆရာကို မေးတဲ့အခါ “သူတို့ဟာ ကောင်းကောင်းအချစ်မခံခဲ့ရလို့ ဒီလိုယုတ်ညံ့တာတွေကို လုပ်နေကြတာ”လို့ ဘုန်းတော်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဘဝမှာ လူယုတ်လူဆိုးတွေနဲ့ တွေ့တဲ့အခါ အချစ်မခံခဲ့ရလို့ ပိုချစ်ပေးဖို့ လိုတယ်ဆိုပြီး မေတ္တာနဲ့ အနိုင်ပိုင်းဖို့ ကိုယ့်ကိုယ်ကို သတိပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

Vin Diesel ရဲ့ကျောပေါ်က အိန်ဂျယ် Paul Walker
Photo Credit: brightside.me

Vin Diesel နဲ့ Paul Walker တို့ဟာ Fast and Furious ဇာတ်ကားတွေ ရိုက်ကူးရင်း သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ။ ၂၀၁၃ခုနှစ်မှာ စိတ်မကောင်းစရာ ကားအက်ဆီးဒင့်ကြောင့် Paul Walker ကွယ်လွန်သွားတဲ့အခါ သူငယ်ချင်းဖြစ်သူကို အမြဲအမှတ်ရနေဖို့ ကျောပြင်မှာ တက်တူးအကြီးကြီး ထိုးခဲ့ပါတယ်။ Paul ရဲ့မျက်လုံးတွေနဲ့ အိန်ဂျယ်လ်တွေရဲ့ အတောင်ပံတွေပါတဲ့ တက်တူးကြီးကို Paul နဲ့ Vin Diesel ရဲ့ ပရိသတ်တွေကတော့ အတော်လေး ရင်းနှီးပါတယ်။

ဒါတွေကတော့ ဆယ်လီတွေ ထိုးထားတဲ့ တက်တူးတွေကနေ ပြောနေတဲ့ အမှတ်တရတွေ၊ အဓိပ္ပာယ်တွေပါ။ ပျော်ရွှင်စရာတွေ၊ ကြေကွဲစရာတွေ၊ သင်ခန်းစာယူစရာတွေ ပြည့်နေတဲ့ တက်တူးတွေဟာ သူတို့ရဲ့ဘဝတစ်လျှောက် လိုက်ပါသွားဦးမယ်ဆိုတာကတော့ မငြင်းနိုင်မယ့် အချက်ဆိုတာ တင်ပြရင်း ….။

Xei

 

 

RELATED ARTICLES

Most Popular