HomeCelebs Update NewsInternationalဂန္ထဝင်ဘောလုံးသမားကြီး Pelé ရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းဆိုထားကြသူများ

ဂန္ထဝင်ဘောလုံးသမားကြီး Pelé ရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းဆိုထားကြသူများ

ဘောလုံးလောကရဲ့ အထင်ကရ ဂန္ထဝင်ကစားသမားကြီးတစ်ဦး ဖြစ်တဲ့ Pelé ဟာ အသက်(၈၂)နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ Pelé ဟာ ကျောက်ကပ်နဲ့ နှလုံးရောဂါတွေကြောင့် ကွယ်လွန်သွားခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့မန်နေဂျာ Joe Fraga ရဲ့ New York Times သတင်းဌာနကို ပြောပြချက်အရ သိရပါတယ်။ ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်တာနဲ့အညီ Pelé ရဲ့ အခုလိုကွယ်လွန်မှုအတွက် နာမည်ကျော်ပုဂ္ဂိုလ်များစွာက ဝမ်းနည်းစကားဆိုထားကြပါတယ်။

Barack Obama

Photo: barackobama/ Instagram

ဝမ်းနည်းကြောင်းဆိုထားကြသူတွေထဲမှာတော့ အမေရိကန်သမ္မတဟောင်း Barack Obama က ထိပ်ဆုံးက ပါဝင်နေပါတယ်။ Obama ဟာ Pelé နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ခုနဲ့ တွဲတင်ပြီး အင်စတာဂရမ်မှာ အခုလိုဝမ်းနည်းကြောင်း ပြောထားပါတယ်။

“Pelé ဟာ ကစားပွဲတစ်ခုကို အလှပဆုံး ကစားပြနိုင်တဲ့ အကြီးကျယ်ဆုံးသော ဘောလုံးကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူသိအများဆုံး အားကစားသမားတစ်ဦး ဖြစ်သလို လူတွေအားလုံးကို စုစည်းညီညွတ်စေနိုင်တဲ့ အားကစားရဲ့ စွမ်းပကားကို သိရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကျန်ရစ်တဲ့ မိသားစုတွေ၊ သူ့ကိုချစ်ခင်လေးစားကြသူတွေ အားလုံးနဲ့ထပ်တူ ခံစားရပါတယ် …” လို့ Obama က ပြောထားပါတယ်။

Cristiano Ronaldo

Photo: cristiano/ Instagram

နာမည်ကျော်ဘောလုံးသမား Cristiano Ronaldo ကလည်း ဘောလုံးဘုရင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Pelé အတွက် ဝမ်းနည်းစကား ဆိုထားပါသေးတယ်။ “ဘရာဇီးလ်နိုင်ငံသားအားလုံးအတွက် သိပ်ကိုဝမ်းနည်းရပါတယ်။ အထူးသဖြင့် Edson Arantes do Nascimento ရဲ့ မိသားစုတွေအတွက် ပိုလို့ဝမ်းနည်းကြေကွဲရပါတယ်။ လက်ရှိ ဘောလုံးလောကတစ်ခုလုံးဟာ ထာဝရ ဘောလုံးဘုရင်ကြီး Pelé ကို အခုလိုခွဲခွာ နှုတ်ဆက်ရမယ့် နာကျင်မှုကို ဖော်ပြလို့တောင် မရနိုင်ပါဘူး …”

“လူသန်းပေါင်းများစွာအတွက် အားကျအတုယူထိုက်သူတစ်ဦး ဖြစ်သလို မနေ့ကအတွက်ရော၊ ဒီနေ့အတွက်ရော၊ ထာဝရအတွက်ပါ အမြဲတမ်း အတုယူ လေးစားနေရမယ့်သူ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝေးနေခဲ့တဲ့ အချိန်တွေမှာတောင် ကျွန်တော်တို့အတူ မျှဝေခံစားခဲ့ရတဲ့ အခိုက်အတန့်တိုင်းအတွက် Pelé ပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ အမြဲတမ်း ထပ်တူ အပြန်အလှန် ခံစားရပါတယ် …”

“Pelé ဟာ ဘယ်တော့မှ မေ့ပျောက်ခံရမယ့်သူ မဟုတ်သလို ကျွန်တော်တို့ ဘောလုံးချစ်သူ တစ်ယောက်စီတိုင်းရဲ့ မှတ်ဉာဏ်ထဲမှာ အမြဲတမ်း ရှင်သန်သွားမှာပါ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ King Pelé …” လို့ Ronaldo က ဆိုထားပါတယ်။

Kylian Mbappé

Photo: k.mbappe/ Instagram

ပြင်သစ်နိုင်ငံအသင်းရဲ့ နာမည်ကျော်ကစားသမား Kylian Mbappé ကလည်း Pelé ရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး တွစ်တာမှာ ဝမ်းနည်းကြောင်း ပြောထားပါသေးတယ်။ “ဘောလုံးလောကရဲ့ ဘုရင်ကြီးကတော့ ကျွန်တော်တို့ကို ထားသွားခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့အမွေအနှစ်တွေကိုတော့ ဘယ်သောအခါမှ မေ့ပျောက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ ဘုရင်ကြီးရေ …” လို့ ဆိုထားပါတယ်။

Lionel Messi

Photo: leomessi/ Instagram

နောက်ထပ် နာမည်ကျော် ကစားသမားဖြစ်တဲ့ Lionel Messi ကလည်း အင်စတာဂရမ်မှာ Pelé ရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းစကား ဆိုထားပါသေးတယ်။ Messi ကတော့ တိုတိုတုတ်တုတ်ပဲ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ စပိန်ဘာသာစကားနဲ့ ဝမ်းနည်းကြောင်း ဆိုထားပြီး ဆုပေးပွဲအခမ်းအနားတစ်ခုမှာ Pelé နဲ့ ပုခုံးဖက်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံနှစ်ပုံကိုလည်း အမှတ်တရအနေနဲ့ တင်ထားပါတယ်။

Neymar

Photo: neymarjr/ Instagram

ဘရာဇီးလ်နိုင်ငံကစားသမား ဖြစ်တဲ့ Neymar ကလည်း Pelé ကွယ်လွန်ကြောင်း ကြားသိရပြီး နာရီပိုင်းအကြာမှာပဲ အင်စတာဂရမ်မှာ ဝမ်းနည်းစကားဆိုထားပါတယ်။ “Pelé မရှိခင်တုန်းက 10 ဆိုတာ နံပါတ်တစ်ခုထက် မပိုခဲ့ပါဘူး။ ဒီစကားကို ကျွန်တော်တစ်နေရာမှာ ဖတ်ခဲ့ဖူးတာပါ။ ဒါပေမယ့် ဒီစကားဟာ လှပပေမယ့် မပြည့်စုံသေးပါဘူး။ ကျွန်တော်ကတော့ Pelé မရှိခင်တုန်းက ဘောလုံးဆိုတာဟာ သာမန်အားကစားတစ်ခုထက် မပိုခဲ့ဘူးလို့ ပြောချင်ပါတယ် …”

“ဒါတွေအားလုံးကို Pelé က ပြောင်းလဲပေးခဲ့တာပါ။ ဘောလုံးကို အနုပညာတစ်ခုဖြစ်အောင်၊ ဖျော်ဖြေရေး ဖြစ်လာအောင် သူကပဲ ပြောင်းလဲပေးခဲ့တာပါ။ ဆင်းရဲသားတွေ၊ လူမည်းတွေအတွက်လည်း ရပ်တည်ပေးခဲ့ပါတယ်။ အထူးသဖြင့် ဘရာဇီးလ်နိုင်ငံကို လူတွေ သိမြင်လာအောင် လုပ်ပေးခဲ့တဲ့သူပါ။ ဒီဘုရင်ကြီးရဲ့ ကျေးဇူးနဲ့ ဘောလုံးအားကစားရော၊ ဘရာဇီးလ်နိုင်ငံကပါ အဆင့်မြင့်လာခဲ့ရတာပါ။ အခု သူ မရှိတော့ပေမယ့် သူ့ရဲ့မှော်အစွမ်းတွေကတော့ ကျန်ရှိနေတုန်းပါပဲ။ Pelé ဟာ ထာဝရရှိနေမှာပါ …” လို့ Neymar က ဆိုပါတယ်။

David Beckham

Photo: davidbeckham/ Instagram

အင်္ဂလန်နိုင်ငံရဲ့ လက်ရွေးစင်ကစားသမားဟောင်း ဖြစ်တဲ့ David Beckham ကလည်း Pelé အတွက် ဝမ်းနည်းကြောင်း ဆိုထားပါတယ်။ “ဒါဟာ သူ့ရဲ့လှပတဲ့ ကစားပွဲတစ်ခုပါ။ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဂွဒ်ဘိုင်ပါ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ သူငယ်ချင်း …”လို့ ရေးသားထားပြီး Pelé နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလည်း အမှတ်တရ မျှဝေထားပါသေးတယ်။

Naomi Campbell

Photo: naomi/ Instagram

နာမည်ကျော် မော်ဒယ်လ်၊ သရုပ်ဆောင် Naomi Campbell ကတော့ အားကစားသမား မဟုတ်ပေမယ့် Pelé ရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ဆိုထားပါတယ်။ သူမဟာ Pelé ရဲ့ ငယ်စဉ်က ဓာတ်ပုံများစွာနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်း အင်စတာဂရမ်မှာ ပြောထားတာပါ။

“Pelé … ရှင်ဟာ ကျွန်မတို့အတွက် လမ်းပြကြယ်တစ်စင်းပါ။ ပြီးတော့ အိပ်မက်တွေဟာ လက်တွေ့ဖြစ်လာနိုင်တဲ့အကြောင်း ကျွန်မတို့ မြင်တွေ့လာအောင် ပြသပေးခဲ့တဲ့သူပါ။ ရှင်ဟာ အရင်တုန်းကရော၊ အမြဲတမ်းအတွက်ပါ နှစ်ယောက်မရှိနိုင်တဲ့ လူတစ်ယောက်ပါ။ ယူနက်စ်ကိုရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ် ပထမဆုံး ခန့်အပ်ခံရတဲ့ ရွှေရောင်နှလုံးသားနဲ့ အားကစားသမားတစ်ဦး ဖြစ်သလို လူတွေအပေါ် သိပ်ဂရုစိုက် ကြင်နာတတ်တဲ့သူပါ …”

“ဘရာဇီးလ်ရေ … ရှင်တို့ရဲ့သူရဲကောင်းဖြစ်သလို၊ ကျွန်မတို့အတွက်ရော တစ်ကမ္ဘာလုံးအတွက်ပါ သူရဲကောင်းဖြစ်တဲ့ Pelé ကို ဆုံးရှုံးလိုက်ရတဲ့ ဒီနေ့ ကျွန်မတို့အားလုံး ကြေကွဲခံစားရပါတယ်။ အခမ်းနား အကြီးကျယ်ဆုံးသူကြီးရေ … အမြင့်မားဆုံး ဘုံဗိမာန်မှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ ကျန်ရစ်တဲ့ မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့ ထပ်တူခံစားရပါတယ်။ ထာဝရငြိမ်းချမ်းပါစေ …” လို့ ဆိုထားပါတယ်။

Sylvester Stallone

Photo: officialslystallone/ Instagram

နာမည်ကျော် အက်ရှင်မင်းသားကြီး Stallone ကလည်း Pelé ရဲ့ ကွယ်လွန်မှုအတွက် အခုလို ဝမ်းနည်းစကားဆိုထားပါတယ်။ “ကြီးကျယ်မြင့်မြတ်လှသော Pelé ရေ … ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ သူဟာ တကယ့် လူကောင်းတစ်ယောက်ပါ …” လို့ ဆိုထားပြီး Pelé နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း အင်စတာဂရမ်မှာ မျှဝေထားပါတယ်။ Pelé နဲ့ မင်းသားကြီး Stallone တို့ဟာ ၁၉၈၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Victory ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ အတူတူ ပူးတွဲပါဝင် သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။

Will Smith

Photo: willsmith/ Instagram

မင်းသားကြီး Will Smith ကလည်း အလားတူပဲ Pelé အတွက် ဝမ်းနည်းကြောင်း ဆိုထားပါတယ်။ Pelé နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အမှတ်တရ တင်ထားပြီး “အကောင်းဆုံး၊ အတော်ဆုံးသူပါပဲ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ ဘုရင်ကြီး Pelé …”လို့ ရေးသားထားပါတယ်။

ဒါကတော့ ဘောလုံးလောကရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး Pelé ရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ဆိုထားကြတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ ဘောလုံးဘုရင်ကြီးလို့ တင်စားကြတဲ့ Pelé ရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး စာဖတ်သူတို့ရဲ့ အမြင်နဲ့ ခံစားချက်ကိုလည်း ကောမန့်မှာ ပြောခဲ့ပေးပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular