HomeCelebs Update NewsInternationalဟောလိဝုဒ်ရဲ့ နာမည်ကြီးဆုအားလုံး ရရှိထားတဲ့ EGOT ဖြစ်လာတော့မယ့် Artist များ

ဟောလိဝုဒ်ရဲ့ နာမည်ကြီးဆုအားလုံး ရရှိထားတဲ့ EGOT ဖြစ်လာတော့မယ့် Artist များ

အပြိုင်အဆိုင် များလွန်းတဲ့ ဟောလိဝုဒ်လောကမှာ နာမည်ကျော်ကြား အောင်မြင်ရုံတင် မဟုတ်ဘဲ ထူးချွန်ဆုတွေပါ ရရှိဖို့ဆိုတာဟာ တကယ်မလွယ်ကူလှပါဘူး။ သို့သော်လည်း ပါရမီထူးခြားလွန်းတာကြောင့် ထူးချွန်ဆုပေါင်းများစွာ ရရှိထားကြတဲ့ artist တွေ၊ actor တွေလည်း မနည်းမနော ရှိပါတယ်။ သို့တိုင်အောင် ဟောလိဝုဒ်ရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံးနဲ့ နယ်ပယ်အလိုက် အရှိန်အဝါ အမြင့်မားဆုံး ဆုအားလုံးကို ရရှိထားသူတွေကတော့ လက်ချိုးရေလို့ ရပါတယ်။

EGOT ဆိုတာကတော့ ဟောလိဝုဒ်ရဲ့ ဖျော်ဖြေရေးလောကမှာ ခေါ်ဆိုကြတဲ့ ဗန်းစကားတစ်ခု ဖြစ်ပြီး ရုပ်မြင်သံကြားအတွက် ပေးအပ်တဲ့ Emmy ၊ ဂီတအတွက် ပေးအပ်တဲ့ Grammy ၊ ရုပ်ရှင်အတွက် ပေးအပ်တဲ့ Oscar ၊ ပြဇာတ်အတွက် ပေးအပ်တဲ့ Tony ဆုအားလုံးကို လက်ခံရရှိထားတဲ့ အနုပညာရှင်တွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ နယ်ပယ်အလိုက် အရှိန်အဝါ ကြီးမားလွန်းတဲ့ ဒီလေးဆုလုံးကို ရရှိထားသူကတော့ ဟောလိဝုဒ်မှာ သိပ်ပြီးများများစားစား မရှိလှပါဘူး။

Photo: adele/ Instagram

လက်ရှိမှာတော့ EGOT ဖြစ်ဖို့ အလွန်နီးစပ်နေတဲ့ အနုပညာရှင် လေးယောက် ရှိနေပါတယ်။ သူတို့ကတော့ Adele ၊ Eminem ၊ Paul McCartney နဲ့ Ringo Starr တို့ပဲ ဖြစ်ပါတယ်။ သူတို့လေးယောက်လုံးဟာ EGOT ဖြစ်ဖို့ Tony Award တစ်ဆုသာ လိုအပ်တော့တာ ဖြစ်ပါတယ်။

မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ယခုနှစ်အတွက် Emmy ဆုပေးပွဲမှာတော့ အသက်(၃၄)နှစ် ရှိပြီဖြစ်တဲ့ Adele ဟာ သူမရဲ့ Adele: One Night Only ရှိုးနဲ့ Variety Special (Pre-Recorded) category မှာ ပထမဆုံး Emmy ဆုကို ရရှိခဲ့ပါတယ်။

Photo: eminem/ Instagram

အလားတူပဲ အသက်(၄၉)နှစ်ရှိပြီ ဖြစ်တဲ့ Eminem ကတော့ ယခုနှစ်ရဲ့ Super Bowl Halftime Show မှာ ပါဝင်ဖျော်ဖြေခဲ့တဲ့အတွက် Best Variety Special (Live) category မှာ Emmy ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အသက်(၈၀)နှစ် ရှိပြီဖြစ်တဲ့ Paul McCartney နဲ့ အသက်(၈၂)နှစ်ရှိပြီ ဖြစ်တဲ့ Ringo Starr တို့နှစ်ယောက်ကတော့ The Beatles: Get Back မှာ ထုတ်လုပ်သူအဖြစ် ပါဝင်ပြီး documentary/ non-fiction category မှာ Emmy ဆုကို ပူးတွဲ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဂီတလောကရဲ့ ထိတ်ထိတ်ကြဲတွေလို့ ပြောရမယ့် သူတို့လေးယောက်လုံးဟာ ယခုနှစ်ရဲ့ Emmy ဆုပေးပွဲမှာ ဆုမရရှိကြသေးခင်တည်းက ဂရမ်မီနဲ့ အော်စကာဆုတွေ ရရှိထားကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့လေးယောက်ဟာ လာမယ့် အနာဂတ်မှာ ပြဇာတ်နဲ့ သက်ဆိုင်တဲ့ Tony Awards ကို ရရှိမယ်ဆိုရင်တော့ EGOT ဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပါတယ်။

Photo: paulmccartney/ Instagram

တကယ်တော့ EGOT ဖြစ်ဖို့ Tony Awards တစ်ခုတည်း လိုအပ်နေတာဟာ Adele ၊ Eminem ၊ Paul McCartney နဲ့ Ringo Starr တို့ချည်းပဲ ရှိနေတာတော့ မဟုတ်ပါဘူး။ စုစုပေါင်း ပြောရရင်တော့ Tony Award ပဲ လိုအပ်နေသူပေါင်း (၂၈)ယောက် ရှိပြီး သူတို့ထဲက ခြောက်ယောက်ကတော့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်တွေကတော့ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ တေးဂီတမှူးတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

အလားတူပဲ လက်ရှိအချိန်အထိ EGOT status ကို ပိုင်ဆိုင်ထားသူကတော့ (၁၇)ယောက် ရှိနေပါတယ်။ အဲဒီထဲက မြန်မာပရိသတ်နဲ့ ရင်းနှီးမယ့် နာမည်ကျော် ပုဂ္ဂိုလ်တွေကတော့ Audrey Hepburn ၊ Whoopi Goldberg ၊ John Legend နဲ့ Jennifer Hudson တို့ပဲ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular