HomeCelebs Update NewsInternationalဆွဲဆောင်မှုအရှိဆုံး အိုင်ယာလန်ဇာတိဖွား အနုပညာရှင်များ

ဆွဲဆောင်မှုအရှိဆုံး အိုင်ယာလန်ဇာတိဖွား အနုပညာရှင်များ

အိုင်ယာလန်နိုင်ငံကတော့ လှပစိမ်းလန်းတဲ့ တောတောင်ရေမြေ သဘာဝတွေကို ပိုင်ဆိုင်ထားသလို အနုပညာစွမ်းရည် ပြည့်ဝတဲ့ အနုပညာရှင်များစွာကိုလည်း မွေးထုတ်ပေးထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အိုင်းရစ်ရှ်လေသံဝဲဝဲလေးတွေနဲ့ ပရိသတ်များစွာရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားကြတဲ့ အိုင်ယာလန်နိုင်ငံဖွား နာမည်ကျော် အနုပညာရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဘယ်အနုပညာရှင်တွေက အိုင်ယာလန်ဇာတိဖွား ဖြစ်နေမလည်းဆိုတာ ဖတ်ရှုလိုက်ပါဦး။

(1) Niall Horan

Photo: niallhoran/ Instagram

One Direction အဖွဲ့ဝင်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ တေးရေး၊တေးဆိုတစ်ဦး ဖြစ်တဲ့ Niall Horan ကတော့ အိုင်ယာလန်နိုင်ငံ အလယ်ပိုင်းက Mullingar ဆိုတဲ့ ခရိုင်မြို့လေးမှာ မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ်။ သူ့ရဲ့ဇာတိမြို့လေးကတော့ ရေကန်သာတွေနဲ့ လှပပြီး ခရီးသွားတွေအတွက် လည်ပတ်ချင်စရာ မြို့တစ်မြို့ ဖြစ်ပါတယ်။

(2) Evanna Lynch

Photo: evannalynch/ Instagram

Harry Potter ပရိသတ်တွေရဲ့ အကြိုက်ဆုံးသရုပ်ဆောင်စာရင်းမှာ ပါဝင်တဲ့ Evanna Lynch ဟာလည်း အိုင်ယာလန်ဖွား မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမကတော့ အိုင်ယာလန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ တည်ရှိတဲ့ Termonfeckin ဆိုတဲ့ ရွာငယ်လေးတစ်ရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ရွာလေးကတော့ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး ကမ်းရိုးတန်းတလျှောက်က လှပတဲ့ ရှုခင်းတွေနဲ့ ဂေါ့ဖ်ကွင်းတွေလည်း ရှိတာကြောင့် ခရီးသွားလုပ်ငန်းကိုလည်း လုပ်ကိုင်ပါတယ်။

(3) Saoirse Ronan

Photo: saoirseronanofficiall/ Instagram

အော်စကာဆုအတွက် လေးကြိမ်တိုင်တိုင် စံကာတင်စာရင်းမှာ ပါဝင်ထားတဲ့ မင်းသမီးလေး Saoirse Ronan ကတော့ နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့တာပါ။ သို့သော်လည်း မိဘတွေက အိုင်းရစ်ရှ်လူမျိုးတွေ ဖြစ်တာကြောင့် သူမအသက်(၃)နှစ်အရွယ်မှာ အိုင်ယာလန်နိုင်ငံရဲ့မြို့တော် Dublin မြို့ကို ပြန်လည်ပြောင်းရွှေ့ နေထိုင်ခဲ့ကြပါတယ်။ Dublin မြို့တော်ကတော့ သမိုင်းဝင်အဆောက်အဦးများစွာ ရှိပြီး သာယာလှပတဲ့ မြို့တော်ကြီးတစ်ခု ဖြစ်ပါတယ်။

(4) Colin Farrell

Photo: colinfarrellupdates/ Instagram

နာမည်ကျော်မင်းသား Colin Farrell ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်ထားသူ ဖြစ်သလို ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ထားပါတယ်။ လက်ရှိ ပရိသတ်တွေနဲ့ အရင်းနှီးဆုံးဖြစ်မယ့် သူ့ရဲ့ကာရိုက်တာကတော့ The Batman ရုပ်ရှင်ထဲက Penguin ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။

Colin ကတော့ အိုင်ယာလန်နိုင်ငံ၊ Castleknock မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ Castleknock ကတော့ မြို့တော် Dublin ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ခေတ်အဆက်ဆက်က တည်ရှိလာတဲ့ သမိုင်းဝင် နယ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ဒီမြို့လေးဟာတော့ စီးပွားရေးလည်း အချက်အချာကျပြီး စူပါမားကတ်ပေါင်းများစွာလည်း ရှိပါတယ်။

(5) Pierce Brosnan

Photo: piercebrosnanofficial/ Instagram

OBE ဘွဲ့ရ James Bond မင်းသားကြီး Pierce Brosnan ကတော့ အိုင်ယာလန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ရှိတဲ့ Louth County က ဆိပ်ကမ်းမြို့လေး Drogheda မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Drogheda မြို့လေးကတော့ စက်မှုမြို့တစ်မြို့လည်း ဖြစ်ပြီး အိုင်ယာလန်နိုင်ငံရဲ့ လူဦးရေအများဆုံး နံပါတ်(၁၁)ချိတ်တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဒီမြို့လေးရဲ့ ထူးခြားချက်ကတော့ ယူနက်စ်ကိုက ကမ္ဘာ့အထိမ်းအမှတ်နေရာအဖြစ် သတ်မှတ်ခံထားရတဲ့ Newgrange ဆိုတဲ့ နေရာလည်း တည်ရှိနေတာပဲ ဖြစ်ပါတယ်။

(6) Domhnall Gleeson

Photo: generalgleeson/ Instagram

ရုပ်ရှင်တင်မက ပြဇာတ်သရုပ်ဆောင်လည်း ဖြစ်တဲ့ Domhnall Gleeson ကတော့ Ex Machina ၊ About Time စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ လူသိများသူ ဖြစ်ပါတယ်။ သူကတော့ အိုင်ယာလန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Dublin မှာပဲ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

(7) Hozier

Photo: hozier/ Instagram

တေးရေး၊ တေးဆို Hozier ကတော့ မြန်မာပရိသတ်တွေကြားမှာ Take Me To Church သီချင်းနဲ့ လူသိများပြီး folk ၊ soul ၊ blues အစရှိတဲ့ ဂီတအမျိုးအစားတွေကို ဖန်တီးလေ့ ရှိပါတယ်။ သူ့ရဲ့သီချင်းတွေထဲမှာတော့ ဘာသာရေးနဲ့ စာပေဆိုင်ရာ အကြောင်းအရာတွေကို မကြာခဏ ထည့်သွင်း ရေးသားလေ့ ရှိပါတယ်။

Hozier ကတော့ အိုင်ယာလန်နိုင်ငံ၊ Wicklow county ရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ Bray ဆိုတဲ့ ကမ်းခြေမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ဒီမြို့လေးကတော့ အိုင်ယာလန်နိုင်ငံရဲ့ လူဦးရေအများဆုံး နံပါတ်(၉)အဆင့်မှာ ရှိပြီး နွေရာသီမှာတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေပါ လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကတော့ အိုင်ယာလန်နိုင်ငံမှာ မွေးဖွားလာကြတဲ့ နာမည်ကျော် အနုပညာရှင်များပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသော အိုင်ယာလန်ဖွား အနုပညာရှင်တွေ ရှိရင်လည်း ကောမန့်မှာ ပြောပြခဲ့ပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular