HomeCharacterLord Voldemort ဇာတ်ကောင်ကို ပီပြင်စွာပုံဖော်ထားကြတဲ့ သရုပ်ဆောင်(၅)ယောက်

Lord Voldemort ဇာတ်ကောင်ကို ပီပြင်စွာပုံဖော်ထားကြတဲ့ သရုပ်ဆောင်(၅)ယောက်

Lord Voldemort ဟာ Harry Potter ဝတ္ထုတွေနဲ့ ရုပ်ရှင်တွေထဲက နာမည်အကြီးဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ဖန်တီးရာမှာတော့ Voldemort နေရာမှာ အသက်အရွယ်မတူညီတဲ့ သရုပ်ဆောင်များစွာက ဝင်ရောက်သရုပ်ဆောင်ထားကြတာ တွေ့ရပါတယ်။

ဒီထဲက အချို့သရုပ်ဆောင်တွေကတော့ ရုပ်ရှင်လောကမှာ လူသိများတဲ့ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ပြီး အချို့ကတော့ လူသိပ်မသိကြတဲ့ သရုပ်ဆောင်တွေ ဖြစ်ပါတယ်။ Harry Potter ရုပ်ရှင်တွေထဲမှာတော့ Lord Voldemort ရဲ့ ငယ်ဘဝမှသည် သူ့ရဲ့နောက်ဆုံးအချိန်အထိ စုစုပေါင်း သရုပ်ဆောင်(၅)ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Richard Bremmer

Photo via IMDb

ပထမဆုံး Harry Potter ရုပ်ရှင်ထဲမှာတော့ Lord Voldemort ဟာ အတိတ်က ခြောက်လှန့်နေတဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဇာတ်ဝင်ခန်းအနည်းငယ် ပါဝင်ခဲ့ပါတယ်။ Harry Potter ရဲ့ ဘဝအကြောင်းကို နောက်ကြောင်းပြန် ပြသတဲ့ ပြကွက်တွေမှာတော့ အမှောင်သခင်ကြီးကို ရိပ်ခနဲ မြင်လိုက်ရတာမျိုးတွေ ရှိပါတယ်။ အဲဒါကတော့ Potter မိသားစုရဲ့အိမ်ထဲကို ဝင်လာပြီး မွေးကင်းစအရွယ် Harry ရဲ့အခန်းထဲကို ချဉ်းနင်းဝင်ရောက်လာတဲ့ ဇာတ်ဝင်ခန်းမှာ ဖြစ်ပါတယ်။

သူ့ရဲ့မျက်နှာကို သေသေချာချာ မြင်တွေ့လိုက်ရတဲ့ နောက်ထပ် ဇာတ်ဝင်ခန်းကတော့ Harry Potter and the Philosopher/ Sorcerer’s Stone ဇာတ်ကားရဲ့ နောက်ဆုံးတိုက်ပွဲမှာ ဖြစ်ပါတယ်။ ဒီအခန်းတွေမှာ Voldemort အဖြစ် သရုပ်ဆောင်ထားတာကတော့ ဝါရင့်ဗြိတိန်မင်းသားကြီး Richard Bremmer ပဲ ဖြစ်ပါတယ်။ Richard Bremmer ရဲ့ မျက်နှာကို ဒစ်ဂျစ်တယ်လ် နည်းစနစ်တွေနဲ့ ပြောင်းလဲပြီး အမှောင်သခင်ကြီးရဲ့ ရုပ်သွင်အဖြစ် ပြုပြင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Harry Potter and the Deathly Hallows Part II ထဲမှာလည်း မင်းသားကြီးရဲ့ မျက်နှာကို ပြန်လည်အသုံးပြုထားပါသေးတယ်။

(2) Christian Coulson

Photo via IMDb

Harry Potter and the Chamber of Secrets ထဲမှာတော့ Voldemort ရဲ့ ငယ်ဘဝကို ပိုပြီးနက်နက်နဲနဲ ပြသထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူ့ရဲ့ မူလ identity ဖြစ်တဲ့ Tom Riddle အနေနဲ့ Hogwarts မှာ ကျောင်းသားအဖြစ် တက်ရောက်ခဲ့တုန်းက ပုံရိပ်တွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။

အမှောင်သခင်ကြီးရဲ့ ကျောင်းသားအရွယ် ငယ်ဘဝကို ပြသဖို့ လူငယ် Voldemort သရုပ်ဆောင်တစ်ယောက် လိုအပ်ခဲ့တာကြောင့် လူလတ်ပိုင်းသရုပ်ဆောင် ဖြစ်တဲ့ Richard Bremmer နေရာမှာ နောက်ထပ် သရုပ်ဆောင်တစ်ယောက်နဲ့ အစားထိုးခဲ့ရပါတယ်။ ဒီနေရာအတွက်ကိုတော့ ဗြိတိန်သရုပ်ဆောင် Christian Coulson က ရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ Harry Potter franchise ထဲမှာ အထူးပြုလုပ်ချက်တွေနဲ့ မျက်နှာကို မပြုပြင်ဘဲ အရှိအတိုင်း ရိုက်ကူးပြသခံခဲ့ရတဲ့ ပထမဆုံးသရုပ်ဆောင်လည်း ဖြစ်ပါတယ်။ Christian Coulson ဟာ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တုန်းက အသက်နှစ်ဆယ်ကျော်အရွယ် ရှိနေပြီ ဖြစ်ပေမယ့်လည်း နားလည်ရခက်တဲ့ အသက်(၁၆)နှစ်အရွယ် Tom Riddle အဖြစ် ကောင်းမွန်စွာ သရုပ်ဆောင်ပြနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

(3) Ralph Fiennes

Photo via IMDb

Harry Potter ဇာတ်ကားထဲက ဗီလိန်ကြီး Voldemort အဖြစ် ပရိသတ်တွေ အရင်းနှီးဆုံးကတော့ ဖြူဖျော့ဖျော့ မိတ်ကပ်နဲ့ နှာခေါင်းမပါတဲ့ မျက်နှာကြီးပဲ ဖြစ်ပါတယ်။ ဒီနေရာအတွက်ကိုတော့ ဝါရင့်ဗြိတိန်မင်းသားကြီး Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီးကတော့ ခန္ဓာကိုယ်ရရှိကာစ အားအင်ချိနဲ့နေတဲ့ Lord Voldemort အဖြစ်ကနေ ငယ်ရွယ်နုပျိုပြီး အားအင်ပြည့်ဖြိုးတဲ့ ခန္ဓာကိုယ်အသစ်ကို ရရှိသွားတဲ့ အမှောင်သခင်ကြီးအဖြစ် ပြောင်းလဲမှုအဆင့်ဆင့်မှာ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒါတင်မက Harry Potter ရဲ့ မျက်မှောက် timeline က ဗီလိန်ကြီးအဖြစ်လည်း ပရိသတ်တွေ မှတ်မိနေကြတဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။ Ralph Fiennes ဟာ He Who Shall Not Be Named အဖြစ် ကြက်သီးထဖွယ်ကောင်းတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေကြားမှာ အထူးအားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။

(4) Hero Fiennes-Tiffin

Photo via IMDb

Harry Potter and the Half-Blood Prince ထဲမှာတော့ အမှောင်သခင်ကြီးရဲ့ အသက်(၁၁)နှစ်အရွယ်တုန်းက ပုံရိပ်တွေကို ပြန်လည်ပြသဖို့ Hero Fiennes-Tiffin က ရွေးချယ်ခံခဲ့ရပါတယ်။ သူကတော့ မင်းသားကြီး Ralph Fiennes ရဲ့ တူတော်စပ်သူလည်း ဖြစ်ပါတယ်။ ဦးလေးနဲ့ တူတော်မောင်တို့ နှစ်ယောက်လုံးဟာ ဇာတ်ကောင်တစ်ခုတည်းအတွက် မတူညီတဲ့ အသက်အရွယ် အပိုင်းအခြားမှာ သရုပ်ဆောင်ရတာဟာ အတော်လေး ထူးခြားတယ်လို့လည်း ပြောလို့ရပါတယ်။

သူ့ရဲ့ ဇာတ်ဝင်ခန်းကိုတော့ Voldemort ရဲ့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတွေကို အပြီးသတ် ရပ်တန့်နိုင်ဖို့ နည်းလမ်းရှာဖွေနေတဲ့ Dumbledore နဲ့ Harry တို့က မှတ်ဉာဏ်တွေထဲကို ဝင်ရောက်ရှာဖွေကြတဲ့အချိန်မှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Yates ကတော့ Hero Fiennes ရဲ့ ရုပ်သွင်ဟာ ဦးလေးဖြစ်သူနဲ့ ဆင်တူနေတာကလည်း သူ့ကို ရွေးချယ်ဖြစ်တဲ့ အကြောင်းရင်းတစ်ခုလို့ ပြောထားပါတယ်။ သို့သော်လည်း Hero Fiennes ကိုယ်တိုင်က လူရွေးပွဲမှာ ကောင်းကောင်းလုပ်ပြနိုင်ခဲ့လို့ ဖြစ်ပြီး လူရွေးပွဲလာကြတဲ့ တခြားကလေးတွေထက် အမှောင်သခင်ကြီးရဲ့ darkness ကို ပိုပြီးပုံဖော်နိုင်တာကြောင့်လို့လည်း ဆိုပါတယ်။

(5) Frank Dillane

Photo via IMDb

Harry Potter and the Half-Blood Prince ဇာတ်ကားထဲမှာပဲ အတိတ်ကဖြစ်ရပ်များစွာကို ပြန်လည်ပြသခဲ့ရတာကြောင့် ဆယ်ကျော်သက်ရွယ် Voldemort သရုပ်ဆောင်ကို ထပ်မံလိုအပ်ခဲ့ပါတယ်။ မူလကတော့ ဒီနေရာမှာ Christian Coulson ကိုပဲ ပြန်လည်ခေါ်ယူဖို့ စဉ်းစားခဲ့ကြပါသေးတယ်။ သို့သော်လည်း ဒီဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာ သူဟာ အသက်(၃၀)ဝန်းကျင် ဖြစ်နေပြီမို့ ဒါရိုက်တာ David Yates ဟာ နောက်တစ်ယောက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနေရာအတွက် သရုပ်ဆောင်များစွာကို စဉ်းစားခဲ့ကြပြီး နောက်ဆုံးမှာတော့ ဗြိတိန်သရုပ်ဆောင်လည်းဖြစ်၊ ဒရာမာကျောင်းသားတစ်ဦးလည်း ဖြစ်တဲ့ Frank Dillane ကို ရွေးချယ်ခဲ့ကြပါတယ်။ သူကတော့ နာမည်ကျော် HBO ဇာတ်လမ်းတွဲ Game of Thrones ထဲက Stannis Baratheon အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Stephen Dillane ရဲ့ သားတော်စပ်သူလည်း ဖြစ်ပါတယ်။

ဒါကတော့ Harry Potter ဇာတ်ကားတွေထဲမှာ Lord Voldemort အဖြစ် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ငါးဦးပဲ ဖြစ်ပါတယ်။ ဘယ်သူ့ရဲ့ သရုပ်ဆောင်မှုက စာဖတ်သူတို့ရဲ့အကြိုက် ဖြစ်ခဲ့တယ်ဆိုတာ ကောမန့်မှာ ပြောပြခဲ့ပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular