HomeCelebs Update NewsInternationalOscars ဆုပေးပွဲက ဖြစ်ရပ်ကို တုံ့ပြန်ပြောကြားလာတဲ့ Chris Rock ရဲ့မိခင်

Oscars ဆုပေးပွဲက ဖြစ်ရပ်ကို တုံ့ပြန်ပြောကြားလာတဲ့ Chris Rock ရဲ့မိခင်

Chris Rock ရဲ့မိခင် Rose Rock ကတော့ (၉၄)ကြိမ်မြောက် အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ဟိုးလေးတကျော် ဖြစ်ရပ်ကို မကြာသေးခင်ကပဲ တုံ့ပြန်ပြောကြားလာပါတယ်။ Rose Rock ရဲ့ ပြောကြားချက်အရ သူမဟာ ဒီဖြစ်ရပ်ကို မြင်တွေ့လိုက်ရတဲ့ တစ်ခဏမှာ တကယ် ဖြစ်ပျက်နေတယ်လို့ မထင်ဘဲ ပွဲအတွက် စတန့်ပြကွက်တစ်ခုအနေနဲ့ လုပ်ပြသွားတယ်လို့ ထင်မိခဲ့ကြောင်း ဆိုပါတယ်။

ဒီအကြောင်းကိုတော့ Rose Rock ဟာ ပြီးခဲ့တဲ့ သောကြာနေ့က South Carolina ရဲ့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ WIS-TV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူမ ဆွေးနွေးသွားတဲ့ အကြောင်းအရာကတော့ အားလုံးသိထားကြပြီး ဖြစ်တဲ့ Will Smith က Chris Rock ကို စင်ပေါ်တက် ပါးရိုက်ခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

photo via screenrant

“မိန်းမရဲ့ မျက်စောင်းတစ်ချက်ကို လိုက်ပြီး တုံ့ပြန်လိုက်တယ်ပဲ ထင်ပါတယ်။ ဒီကိစ္စလည်း ဖြစ်သွားရော ဟိုက ရယ်မောနေတာ တွေ့ရတော့ သူ့အနေနဲ့ သူ့မိန်းမကို မမေ့နိုင်မယ့် နေ့တစ်နေ့ ဖန်တီးပေးလိုက်တဲ့ သဘောပေါ့ …” လို့ Chris Rock ရဲ့မိခင် Rose Rock က WIS-TV ရဲ့ တင်ဆက်သူ Billie Jean Shaw ကို ပြောသွားပါတယ်။

ဒီဖြစ်ရပ်ကို နေအိမ်က တီဗွီမှာ ကြည့်ရှုလိုက်ရတဲ့ Rose ဟာ စစချင်းမှာတော့ ပွဲဆူအောင် တမင်ဖန်တီးထားတဲ့ စတန့်ပြကွက်တစ်ခုလို့သာ ထင်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း Will Smith က စင်အောက်ကို ဆင်းသွားပြီးနောက် မကြားဝံ့ မနာသာတွေ အော်ဟစ် ဆဲရေးတဲ့အခါမှသာ ဒါဟာ တကယ် ဖြစ်ပျက်နေကြောင်း သိလိုက်ရတယ်လို့ ဆိုပါတယ်။

Photo: chrisrock/ Instagram

“သူ Chris ကို ပါးရိုက်လိုက်တာဟာ အန်တီတို့အားလုံးကို ရိုက်လိုက်တာနဲ့ တူတူပါပဲ။ တကယ် အန်တီ့ကိုပါ ရိုက်လိုက်သလို ခံစားရပါတယ်။ ဘာလို့လည်းဆိုတော့ အန်တီ့ကလေးကို နာကျင်အောင်လုပ်ရင် အန်တီ့ကိုပါ နာကျင်အောင် လုပ်တာနဲ့ အတူတူပဲလေ …”

“သူ ပြောသွားတဲ့ စကားတွေကိုလည်း ဘယ်သူကမှ တကယ် ကြားလိုက်မှာ မဟုတ်ပါဘူး။ အဲဒီအချိန် ဘယ်သူကမှ စိတ်နဲ့ကိုယ် ကပ်ကြဦးမှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဟ!! ဘာတွေဖြစ်သွားတာလည်း ဆိုပြီး အကုန်လုံးက ဖြစ်နေကြမှာပဲ …” လို့ ဆိုထားပြီး ဒီလို တုန်လှုပ်စရာ အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီးတာတောင် သူမရဲ့သားဖြစ်သူဟာ Questlove ရဲ့ အော်စကာဆုကို အောင်မြင်စွာ ကြေညာပေးနိုင်ခဲ့တာကိုလည်း စိတ်ကျေနပ်မိတယ်လို့ ပြောထားပါသေးတယ်။

Photo via Instagram

ယခုနှစ် အော်စကာဆုပေးပွဲမှာ ဖြစ်ပျက်သွားတဲ့ ဒီဖြစ်ရပ်ကြောင့် နောက်ဆက်တွဲအနေနဲ့ မင်းသား Will Smith ကတော့ အော်စကာဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခွင့် ဆယ်နှစ်တာ ပိတ်ပင်ခံလိုက်ရပါတယ်။ Chris Rock ကတော့ Will Smith ကိုယ်တိုင်က သူနဲ့ မိတ်ဆွေတွေ ဖြစ်နေတဲ့အတွက် ဒီကိစ္စကြီးတစ်ခုလုံးကို လက်ခံပြီး စိတ်မှာ အသားကျဖို့ ကြိုးစားနေရတယ်လို့ သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular