HomeCelebs Update NewsInternational၂၀၂၃ အော်စကာဆုပေးပွဲမှာလည်း Host အဖြစ် ဆောင်ရွက်ရနိုင်ချေ ရှိနေတဲ့ Chris Rock

၂၀၂၃ အော်စကာဆုပေးပွဲမှာလည်း Host အဖြစ် ဆောင်ရွက်ရနိုင်ချေ ရှိနေတဲ့ Chris Rock

၂၀၂၂ ခုနှစ် အော်စကာဆုပေးပွဲက ဖြစ်ရပ်ကတော့ တစ်ကမ္ဘာလုံးမှာ လူပြောအများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပြီး ပရိသတ်တွေကြားထဲမှာလည်း သူ့အမြင်၊ ကိုယ့်အမြင် ကွဲပြားကာ အငြင်းပွားခဲ့ရတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။ မင်းသား Will Smith ဆီက စင်ပေါ်ထိတက်ပြီး ပါးရိုက်ခံခဲ့ရတဲ့ တင်ဆက်သူ Chris Rock ကတော့ မမျှော်လင့်ထားတဲ့ အခြေအနေဆိုးတစ်ခုကို ရင်ဆိုင်ခဲ့ရပေမယ့် အခုအခါမှာတော့ အခွင့်အလမ်းအသစ်တွေပါ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

အဲဒါကတော့ အော်စကာဆုပေးပွဲကို စီစဉ်တင်ဆက်တဲ့ ABC ရုပ်သံလွှင့်ဌာနဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း Chris Rock ကိုပဲ တင်ဆက်သူအဖြစ် ထပ်သုံးဖို့ စဉ်းစားနေကြောင်း ပြောထားပါတယ်။ ဒီအကြောင်းကိုတော့ ABC ရဲ့ ဖျော်ဖြေရေးဌာန ဥက္ကဌဖြစ်သူ Craig Erwich က မေလ(၁၇)ရက်နေ့က အင်တာဗျူးမှာ ပြောသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောပြချက်အရ လာမယ့်နှစ်မှာလည်း Chris Rock ကိုပဲ host ဆက်သုံးသွားမယ့် အိုင်ဒီယာကို လက်ခံကြိုဆိုကြောင်းနဲ့ ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲက အောင်မြင်မှုတွေကိုလည်း ပြောသွားပါတယ်။

photo via screenrant

“ဒီနှစ်အော်စကာဆုပေးပွဲအပေါ် ကျွန်တော့်အမြင်ကတော့ တကယ်ကို အောင်မြင်ခဲ့တဲ့ နှစ်တစ်နှစ်လို့ ပြောချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အငြင်းပွားမှုတွေလည်း အများကြီး ရှိခဲ့သလို တကယ်ကောင်းမွန်တဲ့၊ ဂုဏ်ယူရမယ့် အခိုက်အတန့်တွေဟာလည်း ဖုံးကွယ်ခံလိုက်ရတာတွေ ရှိခဲ့ပေမယ့် ဒီပရိုဂရမ်နဲ့ ပတ်သက်ရင်တော့ ကျွန်တော် တကယ်ကို စိတ်ကျေနပ်မှု ရှိပါတယ် …”

“အဲဒီကံမကောင်းတဲ့ ဖြစ်ရပ်မတိုင်ခင်တည်းက ကျွန်တော်တို့က တစ်နှစ်ပြီးတစ်နှစ် ခရီးဆက်လာခဲ့တာပါ။ ပြီးတော့ အမြဲတမ်းလည်း တကယ်မိုက်တဲ့ပုံစံတွေနဲ့ ကျွန်တော်တို့ ပြန်လာနေကျပါပဲ …” လို့ ABC ရဲ့ ဖျော်ဖြေရေးဌာန ဥက္ကဌ Craig Erwich က Deadline သတင်းဌာနကို ပြောပြထားပါတယ်။ ဒါ့အပြင် ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲဟာ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်လိုက်ရင် ကြည့်ရှုသူ (၆၀)ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ Deadline ရဲ့ဖော်ပြချက်က ဆိုထားပါတယ်။

Photo: chrisrock/ Instagram

၂၀၂၂ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲညမှာတော့ host ဖြစ်သူ Chris Rock ဟာ ကတုံးဆံပင်နဲ့ ပွဲတက်လာခဲ့တဲ့ Will Smith ရဲ့ဇနီးဖြစ်သူ Jada Pinkett-Smith ကို ကတုံးဆံပင်အကြောင်း စနောက်လိုက်ရာက Will Smith ဟာ စင်ပေါ်တက် ပါးရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စင်အောက်ကနေလည်း မကြားဝံ့မနာသာတွေ အော်ဟစ်ဆဲရေးခဲ့ပါသေးတယ်။ Chris Rock ကတော့ ဒီဖြစ်ရပ်ကို ပရော်ဖက်ရှင်နယ် ပီသစွာ ထိန်းထိန်းသိမ်းသိမ်းနဲ့ တုံ့ပြန်ပြီး ပွဲကို ဆက်လက် ကျင်းပနိုင်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးရှေ့မှာ ပါးရိုက်ခံလိုက်ရပေမယ့် အပြုံးမပျက်ဘဲ ရှေ့ဆက်နိုင်တဲ့ Chris Rock ရဲ့ ပရိုပီသမှုကို ပရိသတ်များစွာကတော့ ချီးကျူးခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Chris Rock ဟာ လာမယ့် ၂၀၂၃ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲကို တင်ဆက်သူအဖြစ် ထပ်မံ ဆောင်ရွက်ခွင့်နဲ့ နီးစပ်နေတာ ဖြစ်နိုင်ပါတယ်။

Vancouver

Source: deadline/hollywoodlife

RELATED ARTICLES

Most Popular