HomeCelebs Update NewsInternationalThor 4 ထဲမှာ မပါခင်အထိ MCU ဆိုတာ ဘာမှန်းမသိခဲ့ဘူးဆိုတဲ့ Christian Bale

Thor 4 ထဲမှာ မပါခင်အထိ MCU ဆိုတာ ဘာမှန်းမသိခဲ့ဘူးဆိုတဲ့ Christian Bale

နာမည်ကျော်မင်းသား Christian Bale ဟာ Marvel ရဲ့ Thor: Love and Thunder ထဲမှာ မပါဝင်ရသေးခင်ကအထိ MCU ဆိုတာ ဘာမှန်းမသိခဲ့ဘူးလို့ ဆိုပါတယ်။ Christian Bale ကတော့ မကြာခင် ရုံတင်ပြသတော့မယ့် လေးကားမြောက် Thor ရုပ်ရှင် Thor: Love and Thunder ထဲမှာ Gorr the God Butcher အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

တကယ်တော့ ယခု Thor ရုပ်ရှင်ဟာ Christian Bale ရဲ့ ပထမဆုံး စူပါဟီးရိုးရုပ်ရှင် မဟုတ်ပါဘူး။ Bale ဟာ ဒါရိုက်တာ Christopher Nolan ရိုက်ကူးထားတဲ့ နာမည်ကျော် The Dark Knight trilogy ထဲမှာ စူပါဟီးရိုးဇာတ်ကောင် Batman နေရာက သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကောင်နဲ့ ဇာတ်ကားသုံးကားစလုံးဟာ ပရိသတ်တွေကြားမှာလည်း အတော်လေး ရေပန်းစားပါတယ်။

Photo Credit: Warner Bros.

Bale ကတော့ သရုပ်ဆောင်ပညာမှာ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်တစ်လက် ဖြစ်ပြီး အော်စကာဆုအပါအဝင် အခြားရုပ်ရှင်ထူးချွန်ဆုများစွာ ရရှိထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ James Mangold ရဲ့လက်ရာ Ford V Ferrari ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မကြာခင်မှာ ရုံတင်ပြသတော့မယ့် Thor: Love and Thunder ကတော့ သုံးနှစ်တာအတွင်းမှာ ပထမဆုံးထွက်ရှိလာမယ့် Bale ရဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။

Bale ကတော့ Total Film နဲ့အင်တာဗျူးမှာ Batman ဇာတ်ရုပ်ကို ရုပ်ရှင်သုံးကား ရိုက်ကူးပြီးနောက်မှာ နောက်ထပ် ကောမစ်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ အစီအစဉ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ Thor: Love and Thunder ထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ စဉ်းစားခဲ့တုန်းကတော့ လူတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိမယ်ဆိုတာ အကဲခတ်ချင်ရုံပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူတွေကတော့ Thor: Love and Thunder ထဲမှာ Gorr The God Butcher အဖြစ် ပါဝင်လာတဲ့အပေါ် Bale တစ်ယောက် MCU ထဲကို ဝင်လာပြီဆိုပြီး ပျော်ရွှင်နေခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

သို့သော်လည်း Bale ကတော့ လူတွေပြောနေကြတဲ့ MCU ဆိုတာ ဘာမှန်းကို မသိခဲ့ဘူးလို့ ဆိုပါတယ်။ Marvel Cinematic Universe ကို အတိုကောက် ခေါ်ဆိုကြတဲ့ MCU ဆိုတာဟာ Bale အတွက်တော့ သူရိုက်ကူးမယ့်ရုပ်ရှင်နဲ့မဆိုင်ဘဲ တခြားတစ်ခုသပ်သပ်လို့ ထင်ခဲ့ပုံပေါ်ပါတယ်။

“ကျွန်တော် ဖတ်လိုက်ရတယ်။ လူတွေက ပြောနေကြတာ။ အိုး … ကြည့်ကြစမ်းပါဦး။ သူ MCU ထဲကို ဝင်လာပြီတဲ့။ ကျွန်တော့်မှာတော့ ဘာပြောနေကြတာလဲ။ ငါ ဘယ်ထဲကိုမှ မဝင်မိပါဘူး။ ကျေးဇူးပဲပေါ့။ ပြီးတော့မှ MCU တဲ့။ အဲဒါ ဘာကိုပြောတာလည်းဆိုတာ မေးကြည့်လိုက်ရတယ် …”

Photo: christianbale_/ Instagram

Bale ကတော့ Marvel ရုပ်ရှင်ကားတွေများစွာ ရှိတာကိုသိပြီး အချို့ကိုလည်း ကြည့်ဖူးပေမယ့် အဲဒီကားတွေအားလုံးဟာ MCU ဆိုတဲ့အောက်မှာ ရှိနေပြီး တစ်ကားနဲ့တစ်ကား ဆက်စပ်နေကြတယ် ဆိုတာကိုတော့ မသိခဲ့ဘူးလို့ ဆိုပါတယ်။ Bale ဟာ ဒါရိုက်တာ Nolan နဲ့ Dark Knight trilogy ကို ရိုက်ကူးခဲ့တုန်းကတော့ DCEU ဆိုတာ ဖြစ်မလာသေးတာကြောင့် ဇာတ်ကားတစ်ကားနဲ့တစ်ကား ဆက်စပ်ပြီး Universe တည်ဆောက်တဲ့ သဘောတရားကို သတိမပြုမိခဲ့တာ ဖြစ်ပုံရပါတယ်။

နာမည်ကြီး သရုပ်ဆောင်တွေအနေနဲ့ ပရိသတ်အများစုကြားမှာ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကို သတိမပြုမိတာဟာ တကယ်တော့ အပြစ်တစ်ခု မဟုတ်ပါဘူး။ ဇာတ်ကောင်ကိုပဲကြည့်ပြီး သရုပ်ဆောင်ပညာကိုပဲ အစွမ်းပြချင်တဲ့ သရုပ်ဆောင်တွေကတော့ လူကြိုက်များတာလား၊ အောင်မြင်နေတာလား၊ trend ဖြစ်နေတာလား ဆိုတာတွေ ထည့်မတွက်ဘဲ သူတို့သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို နှစ်သက်လို့သာ လက်ခံရိုက်ကူးတာမျိုးတွေ ရှိတတ်ပါတယ်။ Bale ဟာလည်း ဇာတ်ရုပ်ကိုသာ ကြည့်တတ်သူမို့ အခုကိစ္စကလည်း အထူးအဆန်းတော့ မဟုတ်ဘူးလို့ ဆိုရမှာပါပဲ။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular