HomeEntertainmentFilmChristian Bale ကို စုံထောက်အဖြစ် မြင်တွေ့ရမယ့် The Pale Blue Eye ရုပ်ရှင်အသစ်

Christian Bale ကို စုံထောက်အဖြစ် မြင်တွေ့ရမယ့် The Pale Blue Eye ရုပ်ရှင်အသစ်

Netflix ကတော့ မကြာသေးခင်ကပဲ Christian Bale ပါဝင်သရုပ်ဆောင်ထားတဲ့ Pale Blue Eye ရုပ်ရှင်ရဲ့ ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Christian Bale ဟာ စုံထောက် Landor နေရာက ပါဝင်ထားပြီး ဇာတ်လမ်းကိုတော့ ၁၈၃၀ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ စုံထောက် Landor ဟာ အနားယူသွားပြီးမှ New York ရဲ့ West Point ဆိုတဲ့ စစ်သင်တန်းကျောင်းမှာ ရက်စက်လွန်းတဲ့ လူသတ်မှုတွေ ဖြစ်နေတာကြောင့် Edgar Allan Poe ဆိုတဲ့ လူငယ်တစ်ယောက်နဲ့အတူ စုံစမ်းရပါတော့တယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ Antlers ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Scott Cooper က ရိုက်ကူးထားပြီး ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ Louis Bayard ရဲ့ဝတ္ထုကို ပြန်လည် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ Edgar Allan Poe ဟာ လူသတ်မှုခင်းဇာတ်လမ်းတွေကို ရေးသားတဲ့ စာရေးဆရာလည်း ဖြစ်တာကြောင့် ဒီရုပ်ရှင်ဟာ Edgar Allan Poe ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကိုပါ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Netflix က ပထမဆုံး ထုတ်ပေးလိုက်တဲ့ Pale Blue Eye ရုပ်ရှင်ရဲ့ ထွေလာထဲမှာတော့ စုံထောက် Landor နဲ့ Edgar Allan Poe တို့ဟာ စစ်သင်တန်းကျောင်းမှာ ဖြစ်ပျက်နေတဲ့ လူသတ်မှုတွေကို စုံစမ်းနေတာကို မြင်တွေ့ခဲ့ရပြီး ဒီလူသတ်မှုတွေကို ကျူးလွန်နေတဲ့သူကလည်း ထာဝရအသက်ရှင်နိုင်ဖို့အတွက် အစီအရင်တွေ ပြုလုပ်နေပုံရပါတယ်။

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် အစတုန်းကတော့ ဒီရုပ်ရှင်ဟာ သာမန်မှုခင်းရုပ်ရှင်တစ်ခုပဲလို့ ထင်ရပါတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ထာဝရအသက်ရှင်နိုင်ဖို့နဲ့ ပတ်သက်တဲ့ ရှေးဟောင်းစာတွေကိုလည်း မြင်တွေ့ခဲ့ရပြီး သဘာဝလွန်ဖြစ်ရပ်တွေလည်း ပါဝင်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ဟာ Christian Bale လို နာမည်ကျော် သရုပ်ဆောင်လည်း ပါဝင်ထားသလို ထွေလာကြည့်ရုံနဲ့တင် စိတ်ဝင်စားစရာကောင်းနေတာကြောင့် စောင့်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့မှာ Netflix ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular