HomeEntertainmentFilmColin Farrell ကို ရေငုပ်သူရဲကောင်းအဖြစ် မြင်တွေ့ရမယ့် Thirteen Lives ရုပ်ရှင်

Colin Farrell ကို ရေငုပ်သူရဲကောင်းအဖြစ် မြင်တွေ့ရမယ့် Thirteen Lives ရုပ်ရှင်

နာမည်ကျော်မင်းသား Colin Farrell ကိုတော့ မြန်မာပရိသတ်တွေကြားမှာ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုရဲ့ သူရဲကောင်းဆန်သူတစ်ဦးအဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံက ဂူတစ်ခုမှာ ကလေးဘောလုံးအသင်းတစ်သင်းနဲ့ သူတို့ရဲ့နည်းပြဖြစ်သူတို့ နှစ်ပတ်ကြာ ပိတ်မိနေခဲ့တဲ့ ဖြစ်ရပ်ကို ဟောလိဝုဒ်က နာမည်ကြီး ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေက ပြန်လည် ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

သည်းထိတ်ရင်ဖိုဒရာမာ အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကတော့ ရေတွေပြည့်နေတဲ့ ဂူထဲမှာ ပိတ်မိနေတဲ့ လူ(၁၃)ယောက်ကို သက်စွန့်ဆံဖျား သွားရောက် ကယ်တင်ခဲ့ကြတဲ့ ရေငုပ်သမားတွေရဲ့အကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကတော့ Thirteen Lives ဖြစ်ပြီး မကြာသေးခင်ကပဲ ထွေလာ ထွက်ရှိထားပါတယ်။

Photo: farrellgram/ Instagram

Thirteen Lives ကိုတော့ ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဒါရိုက်တာ Ron Howard က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Ron Howard ကတော့ Apollo 13 ၊ A Beautiful Mind ရုပ်ရှင်တွေကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Colin Farrell ၊ Viggo Mortensen ၊ Joel Edgerton နဲ့ Tom Bateman တို့ကတော့ ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေကို သက်စွန့်ဆံဖျား သွားရောက် ကယ်ဆယ်ခဲ့ကြတဲ့ ရေငုပ်သမားတွေနေရာမှာ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံက ဂူတစ်ခုထဲမှာ ဘောလုံးအသင်းက လူငယ်(၁၂)ယောက်နဲ့ သူတို့ရဲ့နည်းပြဖြစ်သူတို့ဟာ မတော်တဆ ပိတ်မိသွားကြပြီး ပြန်ထွက်လာလို့ မရကြတော့ပါဘူး။ အကြောင်းကတော့ အဲဒီဂူဟာ ရေတွေ တက်တက်လာပြီး ပြန်ထွက်ဖို့ လမ်းကြောင်းဟာလည်း အတော်ခက်ခဲတာကြောင့် ဖြစ်ပါတယ်။ ဒီမှာတင် အစားအစာနဲ့ အောက်ဆီဂျင်တို့ လိုအပ်နေတဲ့ လူငယ်အဖွဲ့ဟာ သေခြင်းတရားနဲ့ လွန်ဆွဲရပါတော့တယ်။

Photo Credit: Vince Valitutti/ Metro Goldwyn Meyers Pictures

ဒီလူငယ်တွေကို ကယ်တင်ဖို့အတွက် ထိုင်းနိုင်ငံအစိုးရနဲ့အတူ နိုင်ငံတကာအဖွဲ့အစည်းတွေက ပူးပေါင်းခဲ့ပြီး ကျွမ်းကျင်ရေငုပ်သမားတွေ၊ အခြားပညာရှင်တွေနဲ့ စစ်တပ်ကပါ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကတော့ နိုင်ငံတကာရဲ့ သတင်းစာမျက်နှာတွေမှာ ခေါင်းကြီးပိုင်းက ပါဝင်ခဲ့ပြီး လူစိတ်ဝင်စားမှုလည်း ရရှိခဲ့ပါတယ်။

ဒီရုပ်ရှင်ကိုတော့ ဩစတျေးလျနိုင်ငံမှာ ရိုက်ကူးထားတာ ဖြစ်ပြီး တကယ့်ဖြစ်ရပ်မှာ ရေငုပ်သမားအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသူတွေက သရုပ်ဆောင်တွေကို ပြန်လည် လေ့ကျင့်ပေးခဲ့ကြပြီး အကြံဉာဏ်တွေလည်း ပေးထားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇာတ်ဝင်ခန်းများစွာမှာ ရေငုပ်ရမယ့် အခန်းတွေ ပါဝင်တာကြောင့် သရုပ်ဆောင်တွေအတွက်လည်း စိန်ခေါ်မှု ကြီးမားခဲ့တယ်လို့ သိရပါတယ်။

Thirteen Lives ရုပ်ရှင်ကိုတော့ လာမယ့် ဇူလိုင်လ(၂၉)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပြီး streaming အနေနဲ့ကတော့ ဩဂုတ်လ(၅)ရက်နေ့မှာ Prime Video ကနေ စတင်ပြသသွားမယ်လို့ သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular