HomeCharacterကောမစ်ထဲက Shazam နဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့အချက်များ

ကောမစ်ထဲက Shazam နဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့အချက်များ

Billy Batson (ခေါ်) Shazam ဟာ Justice League အဖွဲ့ထဲက အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး DC universe ထဲက အစွမ်းထက်ဆုံး ဟီးရိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ Shazam ဆိုတဲ့စကားလုံးကို အော်လိုက်ရင် ချက်ချင်း လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရား(၆)ယောက်ရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်သွားတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် Shazam နဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

SHAZAM ဆိုတာဘာလဲ။ 

တကယ်တော့ Shazam ဆိုတာဟာ စူပါဟီးရိုးတစ်ယောက်ရဲ့ နာမည်တစ်ခုထက် ပိုပါတယ်။ အဲဒီစကားလုံး ခြောက်လုံးဟာ သူ့ရဲ့စွမ်းအားတစ်ခုချင်းစီကို အတိုကောက် ဖော်ပြထားတာ ဖြစ်ပါတယ်။ Billy ဟာ အဲဒီစကားလုံးကို အော်လိုက်တဲ့အခါ သူ့ကိုမိုးကြိုးသွားက ထိပြီးတော့ ချက်ချင်းပဲ လူကြီးတစ်ယောက်ပုံစံ ပြောင်းသွားပါတယ်။

အဲဒီအချိန်ကျရင် သူဟာ Solomon ဘုရင်ရဲ့ ဉာဏ်ပညာ၊ Hercules နတ်ဘုရားရဲ့ ခွန်အား၊ Atlas နတ်ဘုရားရဲ့ သက်လုံ၊ Zeus နတ်ဘုရားရဲ့ စွမ်းအား၊ Achilles နတ်ဘုရားရဲ့ သတ္တိနဲ့ Mercury နတ်ဘုရားရဲ့ အလျင်တို့ကို ပိုင်ဆိုင်သွားပါတယ်။ အဲဒီစွမ်းအားတွေကပဲ သူ့ကိုအစွမ်းထက်ဆုံး ဟီးရိုးတွေတစ်ယောက် ဖြစ်စေတာပါ။

Shazam ဟာ Superman နဲ့တောင်ယှဉ်ပြီး တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

Shazam ဟာ Justice League အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး တခြားစူပါဟီးရိုးတွေနဲ့အတူ အလုပ်တွဲလုပ်နေသူ ဖြစ်ပေမယ့်လည်း အဲဒါတွေမတိုင်ခင်တုန်းကတော့ သူဟာ Superman နဲ့ ပြဿနာတွေ ဖြစ်ခဲ့ဖူးပါတယ်။ Kingdom Come comic ထဲမှာဆိုရင် Lex Luthor ဟာ Superman ကိုရှင်းထုတ်ပစ်ဖို့အတွက် Shazam ရဲ့စိတ်ကို ထိန်းချုပ်ခဲ့ဖူးပါတယ်။ အဲဒီအဖြစ်အပျက်မှာဆိုရင် သူဟာ Superman နဲ့တောင်မှယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ပုံမှန်ဆိုရင်တော့ သူဟာ Superman ကို လေးစားတဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Shazam ဟာ စွမ်းအားတွေ ရှိနေပေမယ့် ဘယ်လိုအသုံးချရမလည်းဆိုတာ သေချာမသိသေးတာကြောင့် Superman က သူ့ကိုအမြဲစိတ်ပူနေလေ့ ရှိပါတယ်။ အဲဒါကြောင့်ပဲ Superman ဟာ သူတို့နှစ်ယောက်ကြားက ပြဿနာတွေကို ဖြေရှင်းပြီးတဲ့နောက်မှာ သူ့ကို သင်ကြားပြသပေးဖို့ ဆုံးဖြတ်ပြီး Shazam ရဲ့ဆရာ ဖြစ်လာခဲ့ပါတယ်။

Shazam ရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ ကျားတစ်ကောင်ဖြစ်ပြီး အဆိုးဆုံး ရန်သူကတော့ ပိုးကောင်တစ်ကောင် ဖြစ်ပါတယ်။

လူလိုနေထိုင်ပြီး စကားပြောတတ်တဲ့ ကျားတစ်ကောင်ဟာ Shazam ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပါတယ်။ အဲဒီကျားရဲ့အမည်ကတော့ Mr. Tawky Tawny ဖြစ်ပြီး သူဟာ အိန္ဒိယနိုင်ငံရဲ့ တောတစ်ခုမှာ နေထိုင်ခဲ့တာပါ။ ဒီလိုနဲ့နောက်ပိုင်းမှာတော့ လူ့အဖွဲ့အစည်းကြားထဲမှာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ သူဟာ ဂျာကင်အင်္ကျီကို အမြဲဝတ်ဆင်တတ်ပြီး တံဆိပ်ခေါင်းတွေ စုဆောင်းရတာလည်း ဝါသနာပါပါတယ်။ အလုပ်အကိုင်အနေနဲ့လည်း Billy ရဲ့အကူအညီကြောင့် သူဟာ ပြတိုက်တစ်ခုမှာ လမ်းညွန်အဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။

အလားတူပဲ ပိုးကောင်နဲ့တူပြီး စက်ပစ္စည်းအကူအညီနဲ့ စကားပြောတဲ့ Mr. Mind ဆိုတဲ့ ဂြိုဟ်သားကတော့ Shazam ရဲ့ အဆိုးဆုံးဗီလိန်တွေထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် သူဟာ Monster Society of Evil အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူလုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် လျှပ်စစ်ထိုင်ခုံ သေးသေးလေးပေါ်မှာ ကွပ်မျက်ခံခဲ့ရပါတယ်။  သူ့ရဲ့ခန္ဓာကိုယ်ကိုတော့ Mr. Tawky Tawny အလုပ်လုပ်တဲ့ ပြတိုက်မှာ ပြသထားပါတယ်။

Shazam ဟာ DC က ဖန်တီးခဲ့တဲ့ဇာတ်ကောင် မဟုတ်ပါဘူး။

၁၉၄၀ ခုနှစ်မှာ Fawcett Comics ကုမ္ပဏီဟာ Captain Marvel ဆိုတဲ့နာမည်နဲ့ ဒီဇာတ်ကောင်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတင်ဖန်တီးထုတ်လုပ်ပြီး သိပ်မကြာခင်မှာပဲ အဲဒီအချိန်တုန်းက အအောင်မြင်ဆုံး စူပါဟီးရိုးဇာတ်ကောင်လို့ ပြောနိုင်တဲ့ Superman ထက်တောင် ပိုပြီးတော့ အောင်မြင်သွားပါတယ်။

ဒါကြောင့်ပဲ ၁၉၅၃ ခုနှစ်မှာတော့ DC comics ဟာ ဒီဇာတ်ကောင်က Superman ကို ပုံတူကူးထားတယ်လို့ Fawcett Comics ကို စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့အတွက် တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဒီဇာတ်ကောင်နဲ့ ပတ်သက်တဲ့ ကောမစ်တွေကို ဆက်ထုတ်လို့ မရတော့ဘဲ ရပ်တန့်ပစ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ၁၉၇၂ ခုနှစ်မှာတော့ DC comics ဟာ ဒီဇာတ်ကောင်ရဲ့ မူပိုင်ခွင့်တွေအားလုံးကို ဝယ်ယူပြီးတော့ DC universe ထဲကို ထည့်သွင်းလိုက်ပါတယ်။ ဒီမှာတင် Shazam ဟာ DC comics ထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ စတင်ဖန်တီးတဲ့ အချိန်တုန်းကတော့ Captain Marvel ဆိုတဲ့နာမည်နဲ့ ဖန်တီးခဲ့ပေမယ့်လည်း Marvel comics ထဲမှာ အမည်တူ Captain Marvel ဆိုတဲ့ ဇာတ်ကောင်က ရှိနှင့်ပြီးသား ဖြစ်နေတာကြောင့် DC က ဝယ်လိုက်ပြီးတဲ့နောက်မှာ Shazam ဆိုပြီး နာမည်ပြောင်းလိုက်တာ ဖြစ်ပါတယ်။

နောက်ထပ် ဆင်တူထွက်ပေါ်လာတဲ့ Marvelman

Shazam ဇာတ်ကောင်က အလွန်အောင်မြင်နေတဲ့အချိန်မှာပဲ DC comics နဲ့ ပြဿနာတွေဖြစ်ပြီး ရပ်နားလိုက်ရတာကြောင့် Fawcett Comics ဟာ Shazam နဲ့ဆင်တူတဲ့ ဇာတ်ကောင်တစ်ခုကို ထပ်ပြီးဖန်တီးလိုက်ပါတယ်။ အဲဒီဇာတ်ကောင်ကတော့ Marvelman ဖြစ်ပြီး သူ့ရဲ့ကောမစ်တွေကို ၁၉၆၃ ခုနှစ်အထိ ထုတ်ဝေခဲ့ပါတယ်။

Marvelman ဟာ Shazam နဲ့ ကာရိုက်တာပုံစံချင်း တော်တော်လေး ဆင်တူပြီး ပုံစံပြောင်းတဲ့အချိန်မှာ ပြောရတဲ့ စကားလုံးဟာ Shazam မဟုတ်တော့ဘဲ Kimota ဆိုပြီး ပြောင်းလဲသွားပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ မူပိုင်ခွင့်ပြဿနာတွေကြောင့် Captain Marvel ကနေ Shazam ဆိုပြီး ဖြစ်သွားသလိုပဲ Marvelman ဟာလည်း Miracleman ဆိုပြီး ဖြစ်သွားပါတယ်။

ပထမဦးဆုံး စူပါဟီးရိုးရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ Shazam ဖြစ်ပါတယ်။

Shazam ဟာ စူပါဟီးရိုးတစ်ယောက်အနေနဲ့ ပထမဆုံး ရုပ်ရှင်ရိုက်ခွင့်ရခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ အဲဒီကားထဲမှာတော့ သူ့ကို Shazam လို့ မခေါ်သေးဘဲ Captain Marvel လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ အဲဒီဇာတ်ကားဟာ ၁၉၄၁ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဇာတ်ကားရဲ့အမည်ကတော့ The Adventures of Captain Marvel လို့ခေါ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Shazam ဟာ The Scorpion လို့ခေါ်တဲ့ ဗီလိန်တစ်ယောက်ကို နှိမ်နှင်းတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါကတော့ Shazam ဇာတ်ကောင်နဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့ ကောမစ်ထဲက အချက်တချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေကို နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Lego Les

Ref: cbr

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular