HomeCharacterကောမစ်ထဲက Scarlet Witch မှာ ပိုင်ဆိုင်ထားပေမယ့် သိပ်ပြီးအသုံးမပြုတဲ့ စွမ်းအားများ

ကောမစ်ထဲက Scarlet Witch မှာ ပိုင်ဆိုင်ထားပေမယ့် သိပ်ပြီးအသုံးမပြုတဲ့ စွမ်းအားများ

Scarlet Witch ကတော့ Marvel ကောမစ်ထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး မကြာခင်က ထွက်ရှိထားတဲ့ Doctor Strange in the Multiverse of Madness ထဲမှာဆိုရင်လည်း သူမဟာ အလွန်စွမ်းအားကြီးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲက Scarlet Witch ကတော့ MCU ဗားရှင်းထက်တောင် ပိုမိုစွမ်းအားကြီးပြီး စွမ်းအားတွေများစွာ ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကောမစ်ထဲက Scarlet Witch မှာ ပိုင်ဆိုင်ထားပေမယ့်လည်း သိပ်ပြီးအသုံးပြုလေ့ မရှိတဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

(1) ရာသီဥတုကို ထိန်းချုပ်နိုင်ခြင်း

photo via screenrant

Wanda ရဲ့ လုပ်နိုင်စွမ်းနဲ့ စွမ်းအားတွေအားလုံးဟာ သူမရဲ့မှော်ပညာကြောင့်ပဲ ဖြစ်ပြီး Spell တစ်ခု သုံးလိုက်ရုံနဲ့တင် များစွာသော အရာတွေကို ပြောင်းလဲပစ်နိုင်ပါတယ်။ အဲဒီ Spell တွေထဲက တချို့ကတော့ အလွန်စွမ်းအားကြီးပြီး သူမဟာ ရာသီဥတုကိုတောင် ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ သူမဟာ မိုးကြိုးမုန်တိုင်းတွေကို ချက်ချင်းပဲ ဆင့်ခေါ်လိုက်နိုင်ပြီး ဒီ Spell ကတော့ Thor နဲ့ X-Men ထဲက Storm တို့ကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။

(2) စက်ရုပ်တွေကို ထိန်းချုပ်နိုင်ပါတယ်။

photo via screenrant

Marvel ကောမစ်နဲ့ ရုပ်ရှင်တွေထဲမှာတော့ မှော်ပညာနဲ့ နည်းပညာတို့ကို ပေါင်းစပ်ဖန်တီးလေ့ ရှိပြီး မှော်ပညာအသုံးပြုသူ ဖြစ်တဲ့ Wanda နဲ့ Android ဖြစ်တဲ့ Vision တို့ကိုတောင် ချစ်ကြိုက်စေခဲ့ပါတယ်။ မှော်ပညာနဲ့ နည်းပညာတို့ဟာ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ ယူဆလို့ရပေမယ့်လည်း Wanda ကတော့ မှော်ပညာကို အသုံးပြုကာ စက်ရုပ်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ Avengers Disassembled ကောမစ်ထဲမှာ ဆိုရင်တော့ သူမဟာ Vision ကို အကျင့်ပျက်အောင် ဖျက်ဆီးခဲ့ပြီး Ultron ဖန်တီးထားတဲ့ ဗီလိန်စက်ရုပ်ဖြစ်သူ Alkhema ကိုလည်း ထိန်းချုပ်ခဲ့ဖူးပါတယ်။

(3) တခြားသူတွေရဲ့ Energy တွေကို စုပ်ယူကာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

photo via screenrant

Energy စုပ်ယူနိုင်စွမ်းကတော့ တော်ရုံဇာတ်ကောင်တွေ ပြုလုပ်လို့ရတဲ့ စွမ်းအား မဟုတ်ပါဘူး။ Wanda ကတော့ Energy တွေကို စုပ်ယူနိုင်ပြီး သူမရဲ့အလိုကျ ပြန်လည်အသုံးချနိုင်ပါတယ်။ Uncanny Avengers #14 ကောမစ်ထဲမှာတော့ Wanda ဟာ Avengers တစ်ယောက်ဖြစ်တဲ့ Wonder Man ရဲ့ Energy တွေကို စုပ်ယူပြီး Mutant တွေအားလုံးကို တယ်လီပို့ လုပ်ပေးခဲ့ဖူးပါတယ်။

(4) တခြား Superhuman တွေရဲ့ စွမ်းအားတွေကိုလည်း စိတ်ကြိုက် ခြယ်လှယ်နိုင်ပါတယ်။

photo via screenrant

Wanda ဟာ တခြား Superhuman တွေရဲ့ စွမ်းအားတေွကို စိတ်ကြိုက်ခြယ်လှယ်နိုင်ပြီး အဲဒီစွမ်းအားတွေကို စုပ်ယူလို့ရသလို Superhuman တစ်ယောက်ကို သူ့ရဲ့စွမ်းအားတွေ အသုံးပြုလို့ မရတော့အောင်လည်း ပြုလုပ်နိုင်ပါတယ်။ Avengers Disassembled ကောမစ်ထဲမှာ ဆိုရင်တော့ သူမဟာ She-Hulk ရဲ့ မျိူးရိုးဗီဇပြောင်းလဲမှုကို ပုံမှန်ထက် တိုးလာအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ She-Hulk ဟာ ပုံမှန်အရွယ်အစားထက် ပိုမိုကြီးထွားလာပါတယ်။ ဒါ့အပြင် သူမဟာ ဒီစွမ်းအားကို Wonder Man ၊ Moses Magnum နဲ့ Galactus တို့ဆီမှာတောင် အသုံးပြုခဲ့ဖူးပါတယ်။

(5) မြေဆွဲအားကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

photo via screenrant

မြေဆွဲအားကတော့ သဘာဝတရားရဲ့ အရေးပါတဲ့ အခြေခံတစ်ခု ဖြစ်ပြီး ကောမစ်ထဲမှာတော့ မြေဆွဲအားကို ထိန်းချုပ်နိုင်တဲ့ Graviton ဆိုတဲ့ ဗီလိန်တစ်ယောက် ရှိပါတယ်။ သူဟာ မြေဆွဲအားကို ထိန်းချုပ်နိုင်တာကြောင့် Avengers တွေ ရင်ဆိုင်ခဲ့ဖူးတဲ့ စွမ်းအားအကြီးဆုံး ဗီလိန်တစ်ယောက် ဖြစ်ပြီး Wanda ဟာလည်း မှော်ပညာကို အသုံးပြုကာ မြေဆွဲအားကို ထိန်းချုပ်နိုင်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

(6) ဗလာနတ္ထိ အခြေအနေကနေ သက်ရှိတွေကိုလည်း ဖန်တီးနိုင်ပါတယ်။

photo via screenrant

WandaVision ဇာတ်လမ်းတွဲထဲမှာတော့ သူမဟာ ဘာမှမရှိတဲ့ အခြေအနေကနေ ကလေးနှစ်ယောက်ကို ဖန်တီးခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒီလုပ်ရပ်ကတော့ ကောမစ်ထဲမှာ အရင်ဆုံး ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး MCU ကတော့ မကြာသေးခင်ကမှ ပြန်လည်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိူး ဘာမှမရှိတဲ့ အခြေအနေကနေ သက်ရှိတွေ ဖန်တီးဖို့ဆိုတာ စွမ်းအားများစွာ လိုအပ်ပြီး ဒီလုပ်ရပ်ကိုတောင် အလွယ်လေး ပြုလုပ်ခဲ့တဲ့ Wanda ကတော့ ဘယ်လောက် စွမ်းအားကြီးနေမယ်ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။

(7) Reality ကို စိတ်ကြိုက်ခြယ်လှယ်နိုင်ခြင်း

photo via screenrant

ဒီအချက်ကတော့ Wanda ရဲ့ အကြီးမားဆုံး စွမ်းအားတစ်ခုဖြစ်ပြီး WandaVision ဇာတ်လမ်းတွဲနဲ့ Doctor Strange in the Multiverse of Madness ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ MCU ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Reality ခြယ်လှယ်မှုကတော့ အသေးစားလေးတွေ ဖြစ်ပြီး ကောမစ်ထဲမှာတော့ သူမဟာ ဒီထက်ပိုကြီးမားတဲ့ အရာတွေကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

ပုံမှန်ဆိုရင်တော့ ကောမစ်ထဲမှာ Mutant တွေဟာ အနှိမ်ခံလိုဖြစ်နေပြီး သာမန်လူသားတွေက Mutant တွေကို နှိမ့်ချဆက်ဆံကြပါတယ်။ ဒါကြောင့်ပဲ သူမဟာ Mutant တွေက ကြီးစိုးနေပြီး သာမန်လူသားတွေက အနှိမ်ခံဖြစ်နေတဲ့ ကမ္ဘာကြီးအဖြစ် Reality ကိုပြောင်းလဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Wanda ဟာ သူမရဲ့အမှားတွေကို သိသွားခဲ့ပြီး “No More Mutant” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကမ္ဘာကြီးကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ ကောမစ်ထဲက Wanda ဆီမှာ ပိုင်ဆိုင်ထားပြီး အသုံးပြုလေ့သိပ်မရှိတဲ့ စွမ်းအားတချို့ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular