HomeCelebs Update NewsInternationalTwitter က မက်ဆေ့ချ်တွေကြောင့် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ Constance Wu

Twitter က မက်ဆေ့ချ်တွေကြောင့် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ Constance Wu

မြန်မာပရိသတ်တွေကြားမှာ Crazy Rich Asians ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသမီး Constance Wu ဟာ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အတွေ့အကြုံကို ခံစားခဲ့ရကာ နောက်ဆက်တွဲအနေနဲ့ သူမကိုယ်ကို အဆုံးစီရင်ဖို့ပါ ကြိုးစားခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။ Constance Wu ဟာ ဆိုရှယ်မီဒီယာကနေ သုံးနှစ်တာခန့် အနားယူပြီးနောက်မှာတော့ သူမ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်ပြောပြထားတဲ့ စာတစ်စောင်ကို တွစ်တာမှာ မျှဝေထားပါတယ်။

Constance Wu ဟာ အမေရိကန် sit-com ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Fresh off the Boat မှာ ပင်တိုင်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အဆိုပါ ဇာတ်လမ်းတွဲက season အသစ်ကို ထပ်တိုးလိုက်တယ်လို့ ကြားရချိန်မှာ သူမအနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း ၂၀၁၉ ခုနှစ်တုန်းက တွစ်တာမှာ ပြောခဲ့ဖူးပါတယ်။ ဒီပို့စ်ကြောင့်ပဲ ပရိသတ်အများအပြားကတော့ Constance Wu ဟာ သူမ ရရှိထားတဲ့ အခွင့်အရေးကို တန်ဖိုးမထားသူ၊ ပရိသတ်တွေကို မလေးစားသူအဖြစ် ကြီးမားတဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo via IMDb

ဒီဝေဖန်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ သူမဟာ ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပြီး သူမဟာ အသက်ရှင်သန်ဖို့ မထိုက်တန်တော့ဘူးလို့တောင် ထင်လာမိတဲ့အတွက် အဆုံးစီရင်ဖို့ပါ ကြိုးစားခဲ့တယ်လို့ မကြာသေးခင်က ဝေမျှထားတဲ့ ပို့စ်မှာ ပြောပြထားပါတယ်။

“ဆိုရှယ်မီဒီယာကို ပြန်လာဖို့ ကျွန်မ ကြောက်ရွံ့နေခဲ့တာပါ။ ဘာလို့လည်းဆိုတော့ အဲဒါကြောင့်ပဲ ကျွန်မအသက်တောင် ဆုံးရှုံးတော့မလို ဖြစ်ခဲ့ဖူးလို့ပါပဲ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကျွန်မရဲ့ တီဗွီရှိုးက season အသစ် ထပ်တိုးသွားတာနဲ့ ပတ်သက်ပြီး အဆင်အခြင်မဲ့ ရေးလိုက်မိတဲ့ ပို့စ်တစ်ခုကြောင့် လူတွေရဲ့ ဒေါသကို ဆွသလို ဖြစ်သွားပြီး အင်တာနက်က ကျွန်မကို ဝိုင်းပြောကြတဲ့ ဝေဖန်မှုတွေကလည်း တော်တော်လည်း ဆိုးရွားပြင်းထန်ခဲ့ပါတယ် …”

“ကိုယ်ပြောလိုက်မိတဲ့ အရာအတွက် ကျွန်မလည်း မကောင်းဘူးလို့ ခံစားလာရတဲ့အချိန်မှာပဲ အာရှနွယ်ဖွား မင်းသမီးတစ်ယောက်က ကျွန်မကို ပို့လာတဲ့ မက်ဆေ့ချ်တွေကြောင့် ပိုဆိုးသွားပါတယ်။ သူပြောတာက ကျွန်မက အာရှ-အမေရိကန် လူ့အသိုင်းအဝိုင်းမှာ ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ လူတစ်ယောက်တဲ့။ အဲဒီနောက်မှာ ကျွန်မဟာ အသက်ရှင်ဖို့တောင် မတန်တော့တဲ့ လူတစ်ယောက်လို ခံစားလာရတယ်။ အာရှ-အမေရိကန်တွေအတွက် ကျွန်မဟာ အရှက်ရစရာတစ်ခုလို ဖြစ်လာတယ်။ ကျွန်မ မရှိရင် ဒီအသိုင်းအဝိုင်းကြီးက ပိုကောင်းသွားမယ်လို့ စိတ်ထဲမှာ ထင်လာတာပေါ့ …”

Photo via IMDb

“ပြန်တွေးကြည့်လိုက်တော့လည်း မက်ဆေ့ချ်လေးတချို့ကြောင့်နဲ့ ကိုယ့်အသက်ကိုတောင် ရန်ရှာမိတာက အိပ်မက်ဆန်သလိုပဲပေါ့နော်။ ဒါပေမယ့် တကယ်ကြီး အဲဒီလို ဖြစ်ပျက်ခဲ့တာပါပဲ။ ကံကောင်းချင်တော့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို အချိန်မီ တွေ့သွားပြီး အရေးပေါ်ကို ပို့ပေးခဲ့တယ်လေ …”

“အဲဒီအချိန်က တကယ် ကြောက်ဖို့ကောင်းတဲ့ အချိန်ပါပဲ။ ပြီးတော့ ကျွန်မကိုယ်ကျွန်မလည်း အများကြီး ပြန်သုံးသပ်မိပါတယ်။ အဲဒါပြီးသွားတော့ နှစ်အနည်းငယ် အချိန်ယူပြီး ကျွန်မရဲ့ စိတ်ကျန်းမာရေးကိုပဲ အာရုံစိုက်ခဲ့တယ်။ အလုပ်တောင် မလုပ်ဘဲ နားထားခဲ့တယ်။ အာရှ-အမေရိကန် အသိုင်းအဝိုင်းမှာတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိပ်မပြောကြပါဘူး …”

Photo via IMDb

“ကျွန်မတို့ထဲက တစ်ယောက်ယောက် ဆုတွေရရင်၊ အောင်မြင်လာရင်သာ ဝိုင်းပြီး ချီးကျူးဂုဏ်ပြုကြတာ။ ဒါပေမယ့် အဆင်မပြေတာတွေကို ပြောဆိုဖို့တော့ ဒီအသိုင်းအဝိုင်းထဲမှာ အတော်လေး ပျက်ကွက်နေတာပေါ့။ ဘယ်လောက်ထိလည်းဆိုတော့ အဲဒီတုန်းက ကျွန်မရေးလိုက်တဲ့ တွစ်တာက ပို့စ်ကြောင့် အာရှ-အမေရိကန်တွေမှာ အခက်တွေ့ကုန်ကြတယ်ပေါ့။ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက် အာရှ-အမေရိကန်တွေကတောင် ကျွန်မကို အဆက်အသွယ်ဖြတ်တာ၊ ခပ်တန်းတန်း ဆက်ဆံတာတွေ ဖြစ်လာတယ်လေ …”

“အရမ်းနာကျင်ခံစားရတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်နေရပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်၊ မေးမြန်းပြီး ဖေးမကူညီပေးဖို့က သိပ်အရေးကြီးတယ်ဆိုတာလည်း ကျွန်မနားလည်လိုက်ရတယ်။ အဲဒါကြောင့် ကျွန်မတို့က တကယ် လူမြင်ကွင်းကို ထွက်တော့မယ်။ ကျွန်မတို့ဘဝကို ပြသတော့မယ်ဆိုရင် အားလုံးကို မြင်အောင် ပြလိုက်ပါ။ ကျွန်မတို့ရဲ့ မပြည့်စုံမှုတွေ၊ ရှက်ကြောက်နေတဲ့ အရာတွေ၊ လူတွေဆီက အကူအညီရမယ့် ဖြစ်မယ့်ဟာမျိုးတွေအထိပေါ့ …” လို့ Wu က သူမရဲ့ ဖြတ်သန်းမှု အတွေ့အကြုံကို ပြောပြထားပါတယ်။

Photo via IMDb

Wu ဟာ Fresh off the Boat ဇာတ်လမ်းတွဲထဲမှာတော့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ season ခြောက်ခုစာ သရုပ်ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက season 6 ကို သက်တမ်းတိုးလိုက်တယ်လို့ သိရတုန်းကတော့ သူမဟာ တကယ် စိတ်ပျက်ပြီး ငိုယိုနေခဲ့တာလို့ ဆိုပါတယ်။ ပရိသတ်တွေကတော့ season အသစ်ထပ်ရလို့ ပျော်နေခဲ့ပေမယ့် သူမကတော့ မပျော်နိုင် ဖြစ်ခဲ့ရတာပါ။

အကြောင်းကတော့ အဲဒီအချိန်မှာ သူမဟာ တခြားရုပ်ရှင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပြီး အဲဒီဇာတ်ရုပ်ဟာ ကာလအတန်ကြာ သူမ လုပ်ချင်နေခဲ့တဲ့ ဇာတ်ရုပ်လည်း‌ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း သရုပ်ဆောင်လက်စ ဇာတ်လမ်းတွဲက season အသစ် ထပ်ရိုက်မှာ ဖြစ်တဲ့အတွက် သူမဟာ သူမ သိပ်လိုချင်နေတဲ့ ရုပ်ရှင်ကို လက်လွှတ်ရမှာ ဖြစ်တာကြောင့် အခုလိုပို့စ်တွေ တင်ခဲ့မိတာလို့ ဆိုပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular