HomeCelebs Update NewsInternationalJohnny Depp က အရေးပေါ် အသက်ကယ်ပေးခဲ့ဖူးကြောင်း ပြောပြလာတဲ့ Courtney Love

Johnny Depp က အရေးပေါ် အသက်ကယ်ပေးခဲ့ဖူးကြောင်း ပြောပြလာတဲ့ Courtney Love

နာမည်ကျော်အဆိုတော်၊ သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ Courtney Love ဟာ တချိန်တုန်းက သူမ ဆေးလွန်ပြီး အသက်ဆုံးရှုံးတော့မလို ဖြစ်ခဲ့တုန်းက မင်းသားကြီး Johnny Depp ဟာ သူမကို အရေးပေါ် အသက်ကယ်ပေးခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။

ဒီအကြောင်းကိုတော့ Courtney ဟာ ဗွီဒီယိုတစ်ခုနဲ့ ပြောကြားခဲ့တာ ဖြစ်ပြီး အဆိုပါ ဗွီဒီယိုကိုတော့ မေလ(၂၁)ရက်နေ့က YouTube ပေါ်မှာ တင်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြောပြရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ Johnny Depp နဲ့ Amber Heard တို့ရဲ့ အမှုအခင်းကိစ္စမှာ Johnny Depp ဘက်က အားပေးချင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Photo via Asia One

Courtney Love ဟာ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကာလမှာ Alternative နဲ့ Grunge ဂီတနယ်ပယ်မှာ လွှမ်းမိုးမှုရှိခဲ့တဲ့ artist တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ နာမည်ကျော် artist Kurt Cobain ရဲ့ဇနီးလည်း ဖြစ်ပါတယ်။ သူမရဲ့ ပြောပြချက်အရ ၁၉၉၅ ခုနှစ်တုန်းက Depp ပိုင်ဆိုင်တဲ့ လော့စ်အိန်ဂျလိစ်က The Viper Room ကလပ်ထဲမှာ သူမဟာ ဆေးလွန်နေခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ Courtney နဲ့ Depp တို့ဟာ ပုဂ္ဂိုလ်ရေးအရ သိပ်ပြီးရင်းနှီးမှု မရှိပေမယ့် Depp ဟာ အပြေးရောက်လာပြီး သူမကို အရေးပေါ် CPR လုပ်ပြီး အသက်ကယ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မ လူသိရှင်ကြား judge မလုပ်ချင်ပါဘူး။ ဒါပေမယ့် ပြောပြချင်တာလေး ရှိလို့ပါ။ ၁၉၉၅ ခုနှစ်တုန်းက Viper Room ကလပ်ရဲ့ အပြင်ဘက်ခြမ်းမှာ Sal နဲ့အတူ ကျွန်မ ဆေးလွန်သွားတော့ Johnny က ရောက်လာပြီး ကျွန်မကို CPR လုပ်ပေးခဲ့ပါတယ် …” လို့ Courtney က ပြောပြထားပါတယ်။ Sal ဆိုတာကတော့ စာရေးဆရာ Sal Cinquemanti ကို ရည်ညွှန်းပုံ ရပါတယ်။

Photo via Allure

တကယ်တော့ အဲဒီအချိန်ကာလဟာ Courtney Love အတွက် အခက်ခဲဆုံးကာလတွေ ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ခင်ပွန်းသည် Kurt Cobain ကွယ်လွန်ပြီးကာစ တစ်နှစ်မျှသာ ရှိသေးတဲ့အချိန် ဖြစ်ပြီး သူမဟာ မူးယစ်ဆေးကိုလည်း ပြင်းပြင်းထန်ထန် စွဲလန်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမမှာ (၃)နှစ်အရွယ် သမီးလေး Frances Bean လည်း ရှိနေသေးတဲ့အတွက် ဘဝဟာ သိပ်ကို ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မက တချိန်လုံး ဆေးကွဲနေတော့ ကျွန်မသမီး Frances ကလည်း လူမှုဝန်ထမ်းတွေရဲ့ လက်ထဲမှာပဲ နေနေရပြီး အဆင်မပြေ ဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ Johnny က သမီးလေးဆီကို (၄)မျက်နှာပါတဲ့ စာတစ်စောင် ရေးပေးခဲ့တယ်လေ။ သူက အဲဒီစာကို သူ့အသက်(၁၃)နှစ်ပြည့်တဲ့ မွေးနေ့ကျမှ ကျွန်မကို ပြတာနော်။ အဲဒီမတိုင်ခင်မှာ Johnny ပေးတဲ့စာကို ကျွန်မကို လုံးဝမပြဘူး။ တကယ်တော့လေ Johnny ကလည်း ကျွန်မနဲ့ အဲဒီလိုကြီး ရင်းနှီးတဲ့သူ မဟုတ်ပါဘူး … ”

Photo: itsjohnnydepp/ Instagram

“အဲဒီနောက်ပိုင်းကျတော့လည်း တစ်ခါ သမီးရဲ့ကျောင်းကို တံခါးခြောက်ပေါက်နဲ့ ဇိမ်ခံကားကြီး လွှတ်ပေးလိုက်ပြန်ရော။ အဲဒီအချိန် ကျောင်းမှာက လူမှုဝန်ထမ်းတွေ ခြေချင်းလိမ်နေကြတာလေ။ ဘာအတွက်လည်းဆိုတော့ သမီးနဲ့ သမီးရဲ့သူငယ်ချင်းတွေကို Pirates ရိုက်ကွင်းကို လိုက်ပြတာ။ အဲဒါ ကျွန်မက မတောင်းဆိုရဘဲနဲ့ သူ့ဘာသာ လုပ်ပေးတာနော်… ”

“သမီးကို အဲလိုမျိုး ရိုက်ကွင်း ခေါ်ပြတာ အကြိမ်ရေ တော်တော်များတယ်။ ပြီးတော့ ဘာလည်းဆိုတော့ ရိုက်ကွင်းမှာ သမီးရဲ့နာမည်နဲ့ ကိုယ်ပိုင်ခုံတစ်လုံးကိုပါ ပေးထားတာတဲ့။ ကျွန်မကတော့ Pirates ရုပ်ရှင်တွေ တစ်ခါမှ မကြည့်ဖူးပေမယ့် သမီးကတော့ အဲဒီကားတွေကို ကြိုက်တာလေ။ အဲဒါနဲ့ သမီးက သူ့ရဲ့(၁၃)နှစ်ပြည့် မွေးနေ့မှာ ကျွန်မကို ဘာပြောလည်းဆိုတော့ သမီးဘဝကို ဦးဦးက ကယ်တင်ခဲ့တာ မေမေတဲ့ …” လို့ Courtney က Johnny Depp ရဲ့ ကူညီတတ်တဲ့ စိတ်ထားနဲ့ သူမရဲ့အတွေ့အကြုံကို ပြောပြထားပါတယ်။

Photo via IMDb

ဒါ့အပြင် Courtney ဟာ Amber Heard ကိုလည်း ကိုယ်ချင်းစာကြောင်း ပြောထားပါသေးတယ်။ “ကျွန်မလည်း အမေရိကရဲ့ လူမုန်းအခံရဆုံး မိန်းမတစ်ယောက် ဖြစ်ခဲ့တာပါ။ TikTok မတိုင်ခင်မှာဆို တစ်ကမ္ဘာလုံးမှာ အမုန်းခံရဆုံး မိန်းမပဲ။ အဲဒီတော့ Amber တစ်ယောက် ဘယ်လိုခံစားနေရမယ်ဆိုတာ ကျွန်မအများကြီး စာနာနားလည်မိပါတယ်။ အဲဒါ ဘယ်လောက်ဆိုးတယ် ထင်လဲ ….”

“ဒါပေမယ့်လေ ကိုယ့်ကောင်းကျိုးအတွက် လူမှုဝန်းကျင်က လှုပ်ရှားမှုတစ်ခုကို အသုံးချမယ်ဆိုရင် … အမျိုးသမီးတွေရဲ့ တန်းတူညီမျှ အခွင့်အရေးကို အသုံးချပြီး ခုတုံးလုပ်မယ်ဆိုရင် တကယ် ခံစားရတဲ့ အမျိုးသမီးတွေအတွက် ဆိုးကျိုးတွေ သက်ရောက်စေပါလိမ့်မယ်။ ပြီးတော့ အဲဒီအခိုက်အတန့်ကို ပျက်စီးစေမယ်ဆိုရင် တရားဥပဒေက အဆုံးအဖြတ် ပေးသွားမယ်လို့ ကျွန်မတော့ မျှော်လင့်ပါတယ် …” လို့ Courtney က ပြောထားပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular